the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာကို မြန်မာ့တိုင်းရင်းဆေး သဘောသဘာဝနဲ့သာ ခွဲခြမ်းစိတ်ဖြာသင့်

တိုင်းရင်းဆေးပညာကို မြန်မာ့တိုင်းရင်းဆေး သဘောသဘာဝနဲ့သာ ခွဲခြမ်းစိတ်ဖြာသင့်

(ထွန်းမြင့်ကျော်၊ မြန်မာ့တိုင်းရင်းဆေး)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာ့တိုင်းရင်းဆေးဖွံ့ဖြိုးရေးကို ပံ့ပိုး ကူညီပေးနေတဲ့အတွက် မကြာမီကာလမှာ အာဆီယံအဆင့်မီ မြန်မာ့တိုင်းရင်းဆေးများစွာ ပေါ်ထွန်း လာတော့မှာဖြစ်တဲ့အကြောင်း၊ ပြီးခဲ့တဲ့နှစ်က တိုင်းရင်းဆေးလောကဂယက်ထခဲ့တဲ့ အကြောင်း စတာ တွေကို တိုင်းရင်းဆေးဝန်ထမ်းဟောင်း (တိုင်းရင်းဆေးပညာရှင်)နဲ့ ဆွေးနွေးခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးခဲ့တာတွေကို ပြန်လည်ဖောက်သည်ချလိုက်ပါတယ်-

 

မေး။ သင်္ကြန်မတိုင်ခင်က လူမှုကွန်ယက်စာမျက်နှာရဲ့ မြန်မာ့တိုင်းရင်းဆေး လိမ်းဆေးတစ်ခုမှာ အာဆင်းနစ်ဓာတ်တွေ သတ်မှတ်ပမာဏထက် ပိုပြီးပါနေတယ်လို့ နိုင်ငံခြား သတင်းစာဖြတ်ပိုင်းတစ်ခု တွေ့လိုက်ရတယ်။ တိုင်းရင်းဆေးမှာ ဝန်ထမ်းအကြာကြီးလုပ်ခဲ့တော့ ရှင်းပြပေးပါဦး။

ဖြေ။ တို့တိုင်းရင်းဆေးရဲ့သဘောသဘာဝကို နိုင်ငံခြားတိုင်းပြည်က သူတို့လက်ခံထားတဲ့ သိပ္ပံပညာ ရပ်နဲ့ယှဉ်ပြီး တိုက်ရိုက်ချိန်ထိုးကြည့်ရင် မှန်ကန်တဲ့အဖြေရမှာမဟုတ်ဘဲ ဟုတ်သယောင်ယောင် ထင်ယောင်ထင်မှားအဖြေတွေ တွေ့ရတတ်တယ်။ တို့မြန်မာ့တိုင်းရင်းဆေးဟာ အင်မတန်သိမ်မွေ့ နက်နဲ ကျယ်ပြန့်ပြီး ဆေးပညာရပ်ထဲမှာ မြတ်စွာဘုရားဟောကြားခဲ့တဲ့ဒေသနာတွေ၊ နက္ခတ်ပညာတွေ၊ ဝိဇ္ဇာဓရပညာရပ်တွေ၊ အာယုဗေဒပညာရပ်တွေနဲ့ မိရိုးဖလာဆေးပညာရပ်တွေ ပေါင်းစပ်ပါဝင်ပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက တိုင်းရင်းဆေးသမားတော်ကြီးတွေ ရှာဖွေဖော်ထုတ်ခဲ့တဲ့ ဆေးပညာ၊ ဆေးဝါးတွေနဲ့ တို့ဘိုးဘွားတွေ သက်ရှည်ကျန်းမာလာခဲ့တာ ဒီနေ့အထိပဲမဟုတ်လား။

 

မေး။ အခုလိုရှင်းပြမှပဲ သတိထားမိတော့တယ်။ အဘိုးအဘွားတွေ ခေတ်တုန်းက အခုလို အနာ ရောဂါမထူပြောပဲ သက်ရှည်ကျန်းမာကြတာ မြန်မာ့တိုင်းရင်းဆေးကြောင့်ဆိုတာ ငြင်းမရဘူး။ ဆက်ပြီးရှင်းပြပါဦး။

ဖြေ။ တို့ရဲ့ လုပ်ဖော်ကိုင်ဖက် သိပ္ပံပညာရှင်ရဲ့ ပြောစကားအရ ပြောရရင် လိမ်းဆေးအချို့ထဲမှာ သုံးတဲ့ Heavy Metal ခေါ်နိုင်တဲ့ ဆေးဒါန်း၊ ကျောက်ဆေးဒါန်း၊ စိန်နီမြင်းသွား(Arsenic-Compound)၊ ဟင်းရိုင်း၊ ဟင်းရိုင်းနီ၊ (Mercury-Compound) နာလို့ခေါ်တဲ့(Lead-Compound)တွေကို တွေ့နိုင် တယ်။ အဲဒီအထဲကမှ ဥပမာ ဆေးဒါန်းလို့ခေါ်တဲ့ ကုန်ကြမ်းကို ဓာတ်ခွဲကြည့်ရင် အာဆင်းနစ်ဓာတ်ကို တွေ့ရတယ်။ အာဆင်းနစ်ဟာပင်ကိုအားဖြင့်တော့ အဆိပ်အာနိသင် ရှိတာတွေ့ရမှာပေါ့။ ဒါပေမယ့် မြန်မာ့တိုင်းရင်းဆေးသဘောမှာတော့ အခြားဆေးကုန်ကြမ်းတွေနဲ့ ဓာတ်ပြုတဲ့အခါ အန္တရာယ် မရှိတော့ဘဲဆေးအာနိသင်ကိုရတယ်ဆိုတဲ့ သဘောကိုတွေ့ရမယ်။ အဲဒါမြန်မာ့တိုင်းရင်းဆေးပဲ။ နောက်ပြီး အဲဒီဆေးဒါန်းကို တိုင်းရင်းဆေးဌာနသုံး ဆေးနည်းဖြစ်တဲ့ ခုနစ်ပါးဆေးဝါလေး ဆေးနည်းမှာလည်း တွေ့နိုင်တယ်လို့ဆိုပါတယ်။ ဆိုလိုတာက သူတို့ပြောသလို အန္တရာယ်ပေးတဲ့ လိမ်းဆေးတွေ မဟုတ်ဘူးလို့ပြောချင်တာ၊ ဌာနသုံးဆေးနည်းထဲက ခုနစ်ပါးဆေးဝါလေးဆိုတာ နှစ်ပေါင်းများစွာ အန္တရာယ်ကင်းရှင်းစွာ သုံးခဲ့တဲ့တိုင်းရင်းဆေးပါ။

 

မေး။ ဒါဆိုရင် ဆေးထဲမှာ ဆေးဒါန်းသုံးတာ အန္တရာယ်မှရှိနိုင်ဘူးလို့ ဆိုချင်တာလား။

ဖြေ။ မေးသင့်တဲ့မေးခွန်းပါ၊ တိုင်းရင်းဆေးဆိုတာ တစ်မည်တည်းနဲ့ ဖော်စပ်တဲ့ဆေးတော့ရှိတယ်၊ နည်းပါတယ်။ ဆေးပင်ဆိုရင် တစ်ပင်တည်း ဖော်တာရှိတတ်တယ်။ ဓာတ်ဆေးတွေ ပါဝင်ဖော်စပ်ရင် ဆေးကုန်ကြမ်း တစ်မည်တည်းနဲ့ ဖော်စပ်ကြတာမဟုတ်ဘူး။ ဆေးတွေမှာ ဆေးကုန်ကြမ်း အနည်းဆုံး ၅ မျိုးကနေ အမျိုး ၂၀ လောက်ထိထည့်ပြီး ဖော်စပ်ကြတယ်။ အဲဒီလိုပညာနဲ့ ပေါင်းစပ်ဖော်စပ်ခြင်းဖြင့် အန္တရာယ်ကင်းတဲ့ တိုင်းရင်းဆေးတစ်မျိုးကို ရရှိနိုင်တာပေါ့။ ဒါကြောင့် အစပိုင်းကရှင်းပြခဲ့သလို မြန်မာ့တိုင်းရင်းဆေးဆိုတာ သိမ်မွေ့နက်နဲကျယ်ဝန်းတယ်ဆိုတာကို အများပြည်သူသိစေချင်တာပါ။ ဒီနေ့အချိန်မှာဆိုရင် ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ နန်းတွင်းလျှာပွတ်ဆေးကြီးဆိုရင် အဆိပ်တွေ အများကြီး ပါဝင်ဖော်စပ်ထားတာ၊ အရေးကြီးဆုံးအချက်က ဖော်စပ်နည်းပဲ။ အင်္ဂလိပ်လိုပြောရရင် Preparation and Processing  ပဲ၊ ဆေးကုန်ကြမ်းတွေကို အချိုးမျှတရောစပ်ခြင်းနဲ့ ဆေးအဖြစ် ပြောင်းလဲပုံနည်းပညာတွေဟာ မြန်မာ့တိုင်းရင်းဆေးရဲ့ အဓိကဖြစ်တယ်။ သိသလောက်ပြောရရင် ဆေးဝါးဖော်စပ်ရာမှာ အဆိပ်အာနိသင်နဲ့ ပါဝင်ဆေးကုန်ကြမ်းများကို သန့်ရှင်းစင်ကြယ် အောင်ပြုလုပ် တာကို သုဒ္ဓပြုတယ်လို့ခေါ်တယ်။ ဒါတွေဟာ အကြမ်းဖျင်းလောက်သာဖြစ်ပြီး လက်တွေ့ မှာအင်မတန် နက်နဲပညာသားပါတာ တွေ့ရလိမ့်မယ်၊ အဲဒီလိုစနစ်တကျဖော်စပ်ရင် အဆိပ်အာနိသင် မဖြစ်စေ တော့ဘူး။

 

မေး။ ရှင်းပြတာ စိတ်ဝင်စားဖို့ကောင်းပါတယ်၊ ဆက်ပြီးပြောပြပါဦး။

ဖြေ။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာကလည်း မြန်မာ့တိုင်းရင်းဆေးဖော်စပ်သူများဟာ မြန်မာ့ဆေး ဆရာများကိုယ်တိုင်ဖြစ်တယ်ဆိုတာပဲ။ ဆိုလိုတာက အခြားနိုင်ငံကထုတ်လုပ်တဲ့ဆေးတွေက ဆေးကု သူနဲ့ ဆေးထုတ်သူ မတူကြဘူး။ တို့ဆီမှာတော့ ဆေးကုသူတွေကိုယ်တိုင် ဆေးဖော်စပ်ထုတ်လုပ်ကြ တယ်။ တိုင်းရင်းဆေးဆရာများဟာ ရောဂါဆိုင်ရာ ကုသမှုပညာနဲ့ ကုသတဲ့ဆေးဝါးကို နားလည် ဖော်စပ်နိုင်တဲ့ ပညာနှစ်မျိုး တတ်ကျွမ်းသူလို့ ဆိုလိုခြင်းဖြစ်တယ်။

 

မေး။ ဒါဆို ဆေးကုသသူကိုယ်တိုင် ထုတ်လုပ်ထားတော့ အတွေ့အကြုံပေါ်မူတည်ပြီး ဆေးအာနိသင် တွေ ပိုကောင်းနိုင်တယ် ဆိုလိုတာလား။

ဖြေ။ ဒါလည်းပါတာပေါ့၊ နောက်ရှိသေးတယ်။ အရေးကြီးတာက တိုက်ကျွေးရမယ့် ဆေးပမာဏ၊ တန်ဆေးလွန်ဘေး မဟုတ်လား။ ဆေးညွှန်းသေချာဖတ်ကြည့်ရင် သောက်ရမယ့် ဆေးပမာဏတွေ့ရ မယ်။ လိုသလောက်သောက်ရင်ဆေး၊ လိုသည်ထက် ပိုသောက်ရင် အန္တရာယ်ရှိတာပေါ့။

 

မေး။ ဒါဆိုရင် တိုင်းရင်းဆေးတွေကို ယုံကြည်စွာနဲ့ သောက်သုံးလို့ ရပြီပေါ့။

ဖြေ။ ဟုတ်ပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးတစ်ချက်ကျန်သေးတယ်။ အဲဒါက တိုင်းရင်းဆေးဝါး မှတ်ပုံတင် ရှိ၊ မရှိ အရေးကြီးတယ်။ သောက်မယ့်ဆေးဘူးကိုစစ်ကြည့်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက စစ်ဆေးပြီး မှတ်ပုံတင်အမှတ်၊ ဆေးဝါးသက်တမ်း ကုန်၊ မကုန် ဒါတွေကိုစစ်ပြီး မှန်ကန်ရင် ယုံကြည်စိတ်ချစွာနဲ့ အာနိသင်ရှိတဲ့ မြန်မာ့တိုင်းရင်းဆေးကို သောက်သုံးလို့ရပြီလေ။

 

မေး။ အခုရှင်းပြတော့ သိသလောက်တော့ သိသွားပါပြီ။ ရှင်းပြချင်တာရှိသေးရင် ပြောပြပေးပါဦး။

ဖြေ။ ရှင်းပြခဲ့တာတွေက အကြမ်းသဘောပဲရှိသေးတယ်။ဒီထက်အသေးစိတ်ပညာရပ်ပိုင်းဆိုင်ရာတွေ ကျန်သေးတယ်။ ဖြည့်စွက်ပြောချင်တာကတော့ တိုင်းရင်းဆေးကို ပြည်ပကတစ်ခုခုပြောလိုက်တာနဲ့ မှန်တယ်လို့ အဆုံးအဖြတ်မစောချင်စေလိုဘူး။ ဟိုတလောက အန္တရာယ်ရှိတဲ့ ဓာတ်တွေပါတယ်လို့ နိုင်ငံခြားကသတင်းတွေဆိုတာရော ဘယ်သူတွေဘယ်လောက်သုံးလို့ ဘေးဆိုးဖြစ်သွားသလဲ။ မြန်မာနိုင်ငံမှာရော အဲဒီဆေးသုံးလို့ ဘယ်သူတွေဘယ်လိုဖြစ်တယ်ဆိုတဲ့ သတင်းကော ကြားဖူးလား။ တကယ်အန္တရာယ်ကြုံတွေ့လာရင် တာဝန်ရှိသူတွေကလည်း လျစ်လျူရှုထားမှာ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာ့တိုင်းရင်းဆေးကို နိုင်ငံခြားပေတံနဲ့တိုင်းပြီး လွယ်လွယ်ကူကူ လက်ခံဆုံးဖြတ်ဖို့ မဖြစ် သင့်ဘူးလို့ထင်တယ်။ တစ်ချက်ရှိသေးတယ်။ စျေးကွက်ထဲရောက်တဲ့ တိုင်းရင်းဆေးတစ်မျိုးမျိုးကို နည်းမျိုးစုံနဲ့ စွပ်စွဲကြတဲ့အခါမှာ လုပ်ကြံမှုမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဓာတ်ခွဲအဖြေ လွဲမှားမှုဆိုတာ လည်းဖြစ်နိုင်တာပဲ၊ ဒါကြောင့် အဲဒီဆေးကို သုံးပြီးတကယ်ဒုက္ခဖြစ်တဲ့သူတွေ ရှိလာပြီဆိုရင်တော့ တကယ်ဖြေရှင်းရတော့မှာပေါ့။ တို့မြန်မာ့တိုင်းရင်းဆေးဆိုတာလည်း တို့လူမျိုး ယုံကြည်မှုရရှိလို့ သုံးစွဲတာဖြစ်ပါတယ်။ အများကယုံကြည်ကြလို့ ဆေးဝါးထုတ်လုပ်သူတွေကလည်း ထုတ်လုပ်နိုင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာ့ဆေးကို လုပ်ငန်းကြီး၊ စက်ရုံကြီးတွေအဆင့် တည်ထောင်ကြပြီး လုပ်ကိုင်ကြပြီဆိုရင် ဒါယုံကြည်လက်ခံမှုအရ ခွင့်ပြုချက် လိုင်စင်တွေနဲ့ လုပ်ကြတာဖြစ်တယ်။ ဒါပေမယ့် စျေးကွက်ထဲမှာတော့ တချို့ဆေးအတုအယောင်တွေ တွေ့နိုင်တာပေါ့။ မြန်မာ့တိုင်းရင်းဆေး အမည်ခံ လိုင်စင်မရှိ၊ မှတ်ပုံတင်မရှိ၊ တချို့လိပ်စာတောင်မပါဘူး။ အဲဒါမျိုးတွေကတော့ ပိုက်ဆံရ ပြီးရော မြန်မာ့တိုင်းရင်းဆေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာတဲ့သူတွေပေါ့၊ အဲလိုဆေးမျိုးတွေဆိုရင် တွေ့တာနဲ့ သက်ဆိုင်ရာတာဝန်ရှိတဲ့သူကလည်း အရေးယူ၊ ပြည်သူဘက်ကလည်း ရှောင်ကြဉ်ကြမှပေါ့။ 

 

မေး။ နောက်ဆုံးရှင်းပြတာ တော်တော်ကောင်းတယ်၊ သိသင့်တာလေးတွေပါလာတယ်။ မှတ်သား ထားပါမယ်။ နောက်ဆုံးတစ်ခုလောက်ပြောပါဦး။

ဖြေ။ နောက်ဆုံးပြောပြချင်တာကတော့ တိုင်းရင်းဆေးကို တိုင်းရင်းဆေးအမြင်နဲ့ပဲ လေ့လာသုံးသပ် သင့်ပါတယ်၊ တကယ်လို့ရှုပ်ထွေးမှုဖြစ်လာရင်လည်း တိုင်းရင်းဆေးပညာရှင်များရဲ့ သဘောထားကို ရယူပြီး ဆုံးဖြတ်မှသာလျှင် တိကျမှန်ကန်တဲ့ အဖြေကိုရမှာပါ၊ ဒါကြောင့် မြန်မာ့တိုင်းရင်းဆေးကို မြန်မာ့တိုင်းရင်းဆေးသဘောသဘာဝနဲ့မှသာလျှင် ခွဲခြမ်းစိတ်ဖြာသင့်ကြောင်း ပြောချင်ပါတယ်။ 

ကျေးဇူးတင်ပါတယ်-

 

ပူးတွဲအပြည့်အစုံ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း