၁။ နိဒါန်း
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်ကို (Year of Data and Information) အဖြစ်သတ်မှတ်၍ ကျန်းမာရေးစာရင်းအင်းနှင့် သတင်းအချက်အလက်များ မှန်ကန်တိကျစွာရရှိရေးနှင့် ပြည်သူလူထုသိရှိအောင် ပြုစုထုတ်ပြန်နိုင်ရေးကို ဦးစားပေး ဆောင်ရွက်လျက် ရှိပါသည်။
ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် သတင်းမီဒီယာ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီး သည့် အဓိကနေရာမှ ပါဝင်လျက်ရှိပါသည်။ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်အမျှကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်ကို ပြည်သူလူထု သိရှိအောင် သတင်းမီဒီယာမှတဆင့် ဖော်ပြရမည် ဖြစ်ပါသည်။
အထူးသဖြင့် မိမိတို့ ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများကို ပြည်သူလူထုအတွင်း မှန်မှန်ကန်ကန်နှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် သတင်းမီဒီယာကို ထိရောက်စွာ အသုံးပြုဆောင်ရွက်ရမည် ဖြစ်ပါသည်။
မိမိတို့ဦးစီးဌာနသည် ပြည်သူလူထုကို ဝန်ဆောင်မှုပေးရသောဌာနဖြစ်သည့်အတွက် အချို့ကိစ္စရပ်များတွင် ပြည်သူလူထုဘက်က နားလည်မှုလွဲမှားခြင်းများရရှိနိုင်သည့်အတွက် အချိန်မီ ရှင်းလင်း တင်ပြနိုင်ရေးအတွက် သတင်းမီဒီယာများကို အသုံးပြုရန်လိုအပ်ပါသည်။ အထူးသဖြင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်ပြသနာများ (Public Health Emergencies) သဘာဝ ဘေးအန္တရာယ် များ ဖြစ်ပွားပေါ်ပေါက်သည့်အခါတွင် ပြည်သူလူထုအနေဖြင့် မှန်ကန်သော သတင်းအချက်အလက်များကို အချိန်မီမရရှိပါက မလိုလားအပ်သော စိုးရိမ်ထိတ်လန့်မှုများ ကြုံတွေ့နိုင်ရသည့်အတွက် သတင်းစာရှင်းလင်းပွဲများ၊ အင်တာဗျူးဖြေဆိုမှုများ၊ အရေးပေါ်သတင်းထုတ်ပြန်ချက်များကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ပြည်သူလူထုကို ကျန်းမာရေးအသိပညာမြှင့်တင်သည့်အခါမှာလည်း ကျန်းမာစေမည့် အလေ့အထများကျင့်သုံးလာစေရန်နှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အပြုအမူများ လျှော့ချနိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များကို ဖြန့်ဝေရာတွင် သတင်းမီဒီယာကို မဖြစ်မနေလိုအပ်ပါသည်။ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး Exercise is Medicine ကဲ့သို့ နေ့စဉ်နှင့်အမျှ လိုက်နာ ဆောင်ရွက်ရန်လိုအပ်သော အလေ့အကျင့် ကောင်းများကို အများပြည်သူကြားတွင် ပျံ့နှံ့အောင်ဆောင်ရွက်ရာတွင် သတင်းမီဒီယာ၏ အခန်းကဏ္ဍသည် အထူးအရေးပါသည်။ ထို့အပြင် ကျန်းမာရေး ကောင်းမွန်စေရန် ဆောင်ရန်၊ ရှောင်ရန်များနှင့် ပတ်သက်၍ လွဲမှားသော အယူအဆများကို ချေဖျက်နိုင်ရေးအတွက်လည်း သတင်းမီဒီယာကို အားကိုးအသုံးပြုရမည် ဖြစ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနသည် နိုင်ငံတော်က ချမှတ်ထားသည့် e-Government လုပ်ငန်းစဉ်များနှင့်အညီ ခေတ်မီ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (Information and Communication Technology –ICT) ကို အသုံးပြုဆောင်ရွက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ Website များ Social Media များကို အမြဲမပြတ်ဝင်ရောက်ကြည့်ရှုပြီး မှန်ကန်သော သတင်းအချက်အလက်များကို ပြည်သူလူထုထံသို့ ပြန်လည်ဖြန့်ဝေပေးနိုင်မည်ဖြစ်ပါသည်။