ရက်စွဲ- ၁၁-၁-၂၀၁၈
(၁၈)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်နှီးနှောဖလှယ်ပွဲအကြို ညှိနှိုင်းအခမ်းအနားကို တက်ရောက်လာကြသော တိုင်းရင်းဆေးသမားတော်ကြီးများ၊ သက်ဆိုင်ရာနှီးနှောပညာရှင်များနဲ့ ညီလာခံကိုယ်စားလှယ်တော်ကြီးများအားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်တကွ ကောင်းကျိုးမင်္ဂလာအဖြာဖြာပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းများတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်။
အားလုံးသိပြီးဖြစ်ကြတဲ့အတိုင်း ကျွန်မတို့တိုင်းရင်းဆေးညီလာခံကြီးဟာဆိုရင် ဒုတိယသမ္မတကိုယ်တိုင် ဦးဆောင်ပြီးဆောင်ရွက်တဲ့ နိုင်ငံတော်အဆင့် ညီလာခံကြီးဖြစ်တာကြောင့် တိုင်းရင်းဆေးလောကသားအားလုံးအနေနဲ့ ဂုဏ်ယူကြရမယ့် ညီလာခံကြီးဖြစ်ပါတယ်။ ဒီလိုညီလာခံကြီးဖြစ်တာနဲ့အညီ ဒီညီလာခံမှာတင်သွင်းတဲ့ ထောက်ခံချက်တွေ၊ အဆိုပြုချက်တွေဟာ ကျွန်မတို့တိုင်းရင်းဆေး လောကသားများအတွက်သာမကဘဲ ပြည်သူလူထုတစ်ရပ်လုံးအတွက်ပါ အကျိုးရှိတဲ့ အဆိုတွေ၊ အထောက်တွေ ဖြစ်သင့်ပါတယ်။ ဒီညီလာခံကြီးကျင်းပရေးအတွက် ဦးစီးကော်မတီနဲ့ လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးမှာလည်း ဒုတိယသမ္မတကြီးနဲ့ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းဆေးညီလာခံနဲ့ နှီးနှောဖလှယ်ပွဲတွေက အဆိုအထောက်တွေကို အကောင်အထည်ဖော်နိုင်အောင်ဆောင်ရွက်သင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဒီနှစ်အဆိုအထောက်တွေဟာလည်း မနှစ်ကတုန်းကလိုပဲ တိုင်းရင်းဆေးလောကကြီးလက်ရှိအခြေအနေထက်ပိုမိုတိုးတက်အောင်နဲ့ တိုင်းရင်းဆေးလောကသားတွေ သိသင့်တာတွေကို သိရှိအောင် အားလုံးဝိုင်းဝန်းဆွေးနွေးပြီး ညီလာခံမှာ တင်ပြသင့်တဲ့အချက်တွေကို တစ်ခုချင်းစီအလိုက် အဖွဲ့ငယ်လေးများ ဖွဲ့စည်းကာပါ၀င်သင့်တဲ့ သက်ဆိုင်ရာပညာရှင်များအားလုံး သီးခြားစီတွေ့ဆုံပြီး အကြိတ်အနယ် ဆွေးနွေးပြုစုထားတဲ့ အဆိုအထောက်တွေ ဖြစ်ပါတယ်။ ဒါတွေကို ဘယ်လို အကောင်အထည်ဖော်ကြမယ်ဆိုတဲ့ ACTION PLAN တွေ ပေါ်ထွက်လာအောင် ယနေ့ထပ်မံပြီး ဆွေးနွေးကြရမှာဖြစ်ပါတယ်။
ဒီလိုအဆိုအထောက်တွေကို အဖွဲ့ငယ်များခွဲကာ ၀ိုင်းဝန်းပြုစုပြီးတင်ပြခြင်းပြုလုပ်တာဟာ ဒီနှစ်နဲ့ဆို (၃)ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။ တစ်နှစ်ထက်တစ်နှစ်လည်း ပိုမိုပီပီပြင်ပြင် ဆောင်ရွက်နိုင်လာတာကိုလည်း တွေ့မြင်နေရပါတယ်။ ဒါကြောင့် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြပါသော အဖွဲ့တစ်ခုချင်းစီမှာပါ၀င်တဲ့ တိုင်းရင်းဆေးပညာဦးစီးဌာနရဲ့ ၀န်ထမ်းအပေါင်းနဲ့ အားတက်သရော ၀ိုင်းဝန်းပူးပေါင်းပါ၀င်ကူညီပေးခဲ့ကြတဲ့ နယ်ပယ်အသီးသီးက သက်ဆိုင်ရာပညာရှင်အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ဆက်လက်ပြီးတော့ ကျွန်မတို့ရဲ့ (၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးညီလာခံမှာ ဆွေးနွေးခဲ့ကြတဲ့ အဆိုအထောက်(၅)ခုနဲ့ ပက်သတ်ပြီး ဘယ်လောက်အကောင်အထည်ဖော်နိုင်ခဲ့သလဲဆိုတာကို ပြန်လည်ဆန်းစစ်တင်ပြလိုပါတယ်။
နံပါတ်(၁) အဆိုအထောက်ဖြစ်တဲ့ "မြန်မာ့တိုင်းရင်းဆေးပညာနှင့်ပတ်သက်၍ အသိညဏ် ပစ္စည်းမူပိုင်ခွင့်ရရှိသင့်သည့် တိုင်းရင်းဆေးပညာရပ်များ၊ ကုသနည်းစနစ်များ၊ ဆေးပင်များ၊ ဆေး ပစ္စည်းများ၊ ဆေးနည်းများအား ဖော်ထုတ်သတ်မှတ်ဆောင်ရွက်ရန်နှင့် ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာများနှင့် NAGOYA PROTOCOL ကို လေးစားလိုက်နာတတ်သော ပတ်ဝန်းကျင်အသိုင်းအဝိုင်း ဖြစ်ပေါ်လာစေရေးအတွက် နှီးနှောဖလှယ်ပညာပေးရန်" နဲ့ပတ်သက်ပြီးတော့ ကျွန်မတို့ဦးစီးဌာနအနေနဲ့ သက်ဆိုင်ရာ တာဝန်ခံဝန်ကြီးဌာန၊ ဦးစီးဌာနတွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စတင်ဆောင်ရွက်လျက်ရှိပြီးဖြစ်ပါတယ်။ အဲ့ဒီအပြင် အသိညဏ်ပစ္စည်းမူပိုင်ခွင့်နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေလည်း ပြုလုပ်ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့ရဲ့ဘိုးဘွား အမွေအနှစ်ဖြစ်တဲ့ ဆေးပညာတွေ၊ ကုထုံးတွေ၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တွေ အစရှိတာတွေကို DATA BASE တစ်ခု အမြန်ဆုံးပြုလုပ်ပြီးစီးဖို့ လိုအပ်လှပါတယ်။ ဒီလုပ်ငန်းအတွက် ပြည်နယ်နှင့် တိုင်းအသီးသီးမှာရှိတဲ့ ကျွန်မတို့ တိုင်းရင်းဆေးလောကသားအားလုံးက အသိစိတ်ဓာတ်နဲ့ အတူတကွ ၀ိုင်းဝန်းဆွေးနွေးဖျု့ လိုအပ်လှပါတယ်။
နံပါတ်(၂) အဆိုအထောက်ဖြစ်တဲ့ "တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် သုတေသနလုပ်ငန်းနယ်ပယ်များ သတ်မှတ်ဆောင်ရွက်ရန်" နှင့် ပတ်သက်ပြီးတော့ တိုင်းရင်းဆေးသုတေသန လမ်းပြမြေပုံ TRADITIONAL MEDICINE RESEARCH RAOD MAP ရေးဆွဲပြီးဖြစ်ပါတယ်။ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲအပြင်၊ သုတေသန WORK SHOP များ၊ DMR(DEPARTMENT OF MEDICAL RESEARCH) နဲ့ အတူတကွ ပူးပေါင်းပြီးတော့ IR(IMPLEMENTATION RESEARCH) တွေ၊ CLINICAL RESEARCH တွေစုစုပေါင်း သုတေသနလုပ်ငန်း(၂၆)စောင်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ရန်ပုံငွေထောက်ပံ့မှုနဲ့ ပြုလုပ်နေကြပါတယ်။ သုတေသနလုပ်ငန်းတွေပြုလုပ်တဲ့အခါ အစပိုင်းမှာ အားနည်းချက်တွေ ရှိနိုင်ပေမယ့် ကျွမ်းကျင်သူများ အထူးသဖြင့် ဆေးသုတေသနဦးစီးဌာနရဲ့ အကူအညီယူပြီး ကျွန်မတို့ကြိုးစား ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
နံပါတ်(၃) အဆိုအထောက်ဖြစ်တဲ့ "ကျင့်ဝတ်နှင့်ညီ၍ တိုင်းရင်းဆေးပညာပိုင်းဆိုင်ရာအရ မှန်ကုန်မှုရှိသော တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ စာအုပ်၊ စာပေများ၊ ကြော်ငြာများထွက်ပေါ်လာရေး ၀ိုင်းဝန်းဆောင်ရွက်ရန်" ဆိုတဲ့ခေါင်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရာမှာတော့ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ပိုစတာတွေ၊ လက်ကမ်းစာစောင်တွေ ထုတ်ဝေပေးလျက်ရှိပါတယ်။ နောက်ကျင့်ဝတ်နှင့်ညီတဲ့ တိုင်းရင်းဆေးဝါးကြော်ငြာတွေ ပေါ်ပေါက်လာရေးအတွက်လည်း လက်ခံစိစစ်ပေးလျက်ရှိပါသည်။ စာအုပ်စာပေတွေနဲ့ပတ်သက်ပြီး အကြံညဏ်များတောင်းခံလိုလျှင် ဦးစီးဌာနအနေနဲ့ ကူညီဆောင်ရွက်ပေးရန် အဆင်သင့်ရှိပါကြောင်းလည်း ထည့်သွင်းပြောကြားလိုပါတယ်။
နံပါတ်(၄) အဆိုအထောက်ဖြစ်တဲ့ "ဆေးပညာကျင့်ဝတ်နှင့်ကိုက်ညီသော တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများ ဖြစ်ပေါ်လာရေး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်" ဆိုတဲ့ ခေါင်းစဉ်ကိုအကောင်အထည်ဖော်ရာမှာ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှင်တွေက ကျွန်မတို့ဦးစီးဌာနကို မှတ်ပုံတင်လျှောက်ထားလာတဲ့အခါ ကုန်ကြမ်းပစ္စည်း စစ်မှန်မှုရှိမရှိ၊ အစားထိုးပစ္စည်း ရောနှောမှုရှိမရှိ အစရှိတာတွေကို ဦးစီးဌာနကနေပြီး မျက်စိအမြင်နှင့်ရော ဓာတ်ခွဲစစ်ဆေးမှုတွေကိုပါ အချိန်နှင့်တပြေးညီ ပြုလုပ်ပေးလျက်ရှိပါတယ်။ စျေးကွက်အတွင်းမှာရှိတဲ့ တိုင်းရင်းဆေးဝါးတွေကို အခါအားလျော်စွာ PMS(Post Market Survey) ကောက်ယူပြီး အများပြည်သူအနေနဲ့ သုံးစွဲရန်မသင့်တော်သော တားမြစ်ထားတဲ့ ဆေးဝါးတွေ၊ အနောက်တိုင်းဆေးရောနှောထားတဲ့ တိုင်းရင်းဆေးတွေကို အများပြည်သူတွေအနေနဲ့ သိရှိနိုင်စေရန် နိုင်ငံပိုင်သတင်းစာတွေမှာ အချိန်နှင့်တပြေးညီ ဖော်ပြပေးလျက် ရှိပါတယ်။ ကျွန်မတို့ရဲ့တိုင်းရင်းဆေးကို ယုံယုံကြည်ကြည်နဲ့ သုံးစွဲကြတဲ့ ပြည်သူလူထုအတွက် ထုတ်လုပ်သူတွေအနေနဲ့ ဆေးပညာကျင့်ဝတ်နဲ့ ကိုက်ညီတဲ့ တိုင်းရင်းဆေးဝါးလုပ်ငန်းအများဖြစ်လာအောင် တဖြည်းဖြည်းအချိန်ယူပြီး ကြိုးစားသွားကြလိမ့်မယ်လို့ ယုံကြည်ဆုတောင်မိပါတယ်။
နံပါတ်(၅) အဆိုအထောက်ကတော့ "အာဆီယံစီးပွားရေးအသိုက်အဝန်း (ACE) တွင် တိုင်းရင်းဆေးနှင့် ကျန်းမာရေးဖြည့်စွက်စာများနှင့်ပတ်သက်၍ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် ဆောင်ရွက်မည်ဖြစ်သောကြောင့် တိုင်းရင်းဆေးဝါးထုတ်လုပ်သူများမှ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP Guideline) အတိုင်း အတတ်နိုင်ဆုံး ကိုက်ညီအောင် ပြင်ဆင်ထားရှိ ဆောင်ရွက်ရန်" ဆိုတဲ့အဆိုပဲဖြစ်ပါတယ်။ တရုတ်၊ ထိုင်းစတဲ့နိုင်ငံတွေမှာ တိုင်းရင်းဆေးတွေကိုလည်း GMP စနစ်နဲ့ထုတ်လုပ်နေတာဖြစ်ပေမယ့် ကျွန်မတို့နိုင်ငံမှာ တိုင်းရင်းဆေးထုတ်လုပ်သူ အကြီးစား၊ အလတ်စား၊ အငယ်စား စသည်ဖြင့် အမျိုးမျိုးရှိနေတဲ့အတွက် GMP စနစ်နဲ့ထုတ်လုပ်ရမယ်လို့ လုံးဝမသတ်မှတ်ထားသေးပါဘူး။ ASEAN TMHS PWG အဖွဲ့ကြီးကပြုလုပ်ပေးနေတဲ့ TOT လိုခေါ်တဲ့ လေ့ကျင့်သင်ကြားပေးမယ့်လူတွေကို သင်တန်းပေးနေတဲ့ Shelf Life, GMP စတဲ့ သင်တန်းအဆင့်ဆင့်တွေအားလုံး ပြီးသွားရင်တော့ အဲဒီသင်တန်းတွေကို မြန်မာနိုင်ငံမှာ ပြန်လည်ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။
(၁၇)ကြိမ်မြောက် ညီလာခံမှတ်တမ်းကိုလည်း ပြုစုထားရှိပြီးတောာ့ ကိုယ်စားလှယ်ကြီးများရဲ့ညီလာခံ Package မှာ ထည့်သွင်းပေးထားပါတယ်။ ယခုနှစ်အတွက် ဆွေးနွေးမယ့် ခေါင်းစဉ်တွေကတော့-
အဆို(၁) မြန်မာ့တိုင်းရင်းဆေးပညာ၏ သမားစဉ်ကုထုံးနည်းစနစ်များနှင့် အစွမ်းထက်ဆေးဝါးများကို ရောဂါအလိုက် ရှာဖွေဖော်ထုတ်၍ တိုင်းရင်းဆေးရုံများနှင့် တိုင်းရင်းဆေးကုဌာနများတွင် လက်တွေ့အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊
အဆို(၂) မြန်မာ့တိုင်းရင်းဆေးပညာ အဆင့်အတန်းကို နိုင်ငံတကာအဆင့်သို့ မြှင့်တင်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊
အဆို(၃) မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးပညာပေးခြင်းကို အိမ်ရှင်မများထံရောက်ရှိအောင် ဆောင်ရွက်ပေးရန်၊
အဆို(၄) နယကြီး(၄)ပါးကို အခြေခံသည့် မြန်မာ့တိုင်းရင်းဆေးပညာကုထုံးနည်းစနစ်များကို အမျိုးသားရေးအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်၊
အဆို(၅) ခေတ်အဆက်ဆက် တိုင်းရင်းဆေးပညာ သင်ကြားရေးနည်းစနစ် ဆန်းစစ်သုံးသပ်၍ မြန်မာ့ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက် ပြန့်ပွားရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် အစရှိတဲ့ ခေါင်းစဉ်တွေပဲဖြစ်ပါတယ်။ ဒီခေါင်းစဉ်တွေကို ဘယ်သူတွေက ဘယ်လိုဆွေးနွေးမယ်၊ ဘယ်သူတွေက ကိုယ်စားပြုတင်ပြမယ် ဆိုတာနဲ့ ဒါတွေကို အကောင်အထည်ဖော်နိုင်မယ့် လုပ်ငန်းစဉ်တွေ ထွက်ပေါ်လာအောင် ဒီအကြိုညှိနှိုုင်းဆွေးနွေးပွဲမှာ ကျွန်မတို့အားလုံးဝိုင်းဝန်း ဆွေးနွေးသွားကြဖို့ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ မနက်ဖြန်ကစပြီး ကျင်းပတော့မယ့် ကျွန်မတို့ရဲ့ (၁၈)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်နှီးနှောဖလှယ်ပွဲကြီးမှာ ကျွန်မတို့ရဲ့ တိုင်းရင်းဆေးလောကသားတွေအားလုံး ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးပြုမယ့် ကိစ္စရပ်များကို နိုင်ငံကြီးသားပီသစွာနဲ့ သိက္ခာရှိရှိ စည်းကမ်းတကျ ၀ိုင်းဝန်း ဆွေးနွေးဖော်ဆောင်ကြပါစို့လို့ တိုက်တွန်းပြောကြားရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်-----ကျေးဇူးတင်ပါတယ်ရှင့်။