၁၉-၁-၂၀၁၇(ကြာသပတေးနေ့)
(၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲကို တက်ရောက်လာကြသော တိုင်းရင်းဆေး သမားတော်ကြီးများနဲ့ ညီလာခံကိုယ်စားတော်ကြီးများ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းများ တောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်ရှင်။
ယနေ့ကတော့ မြန်မာ့တိုင်းရင်းဆေးပညာရှင်များရဲ့ နှီးနှောဖလှယ်ပွဲ အခမ်းအနားပဲ ဖြစ်ပါတယ်။ မနေ့က (၁၇) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ပြီးဖြစ်ပါတယ်။ ညီလာခံမှာ ညီလာခံကိုယ်စားလှယ်တော်ကြီးများက မြန်မာ့ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် မူပိုင်ခွင့်ဆိုင်ရာများ ရရှိဖို့နဲ့ Nagoya Protocol ကို လေးစားလိုက်နာတတ်စေဖို့ ပညာပေးရမယ့် အချက်တွေ၊ တိုင်းရင်းဆေး သုတေသန လုပ်ငန်းတွေ တိုးမြင့်ဆောင်ရွက်ဖို့၊ ကျင့်ဝတ်နဲ့ ညီတဲ့ စာအုပ် စာပေ ကြော်ငြာတွေနဲ့ ဆေးပညာကျင့်ဝတ်နဲ့ ညီတဲ့ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းတွေဖြစ်ပေါ်လာဖို့၊ အာဆီယံ အသိုက်အဝန်းမှာ တိုင်းရင်းဆေးနဲ့ ကျန်းမာရေး ဖြည့်စွက်စာများနဲ့ ပတ်သက်ပြီးတော့ လွတ်လပ်တဲ့ ကုန်သွယ်မှု ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် တိုင်းရင်းဆေးဝါးထုတ်လုပ်သူတွေ အနေနဲ့ မိမိတို့ရဲ့ တိုင်းရင်းဆေးဝါးတွေကို (GMP) စနစ်နဲ့ အညီ အတတ်နိုင်ဆုံး ကိုက်ညီအောင် ပြင်ဆင်ထားရှိဖို့ စတဲ့ အချက်တွေကို အဆိုတင်သွင်း ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။
ဒီကနေ့ နှီးနှောဖလှယ်ပွဲရဲ့ နံနက်ပိုင်းအစီအစဉ်မှာ မနေ့ကညီလာခံမှာ အဆိုတင်သွင်းပြီး ထောက်ခံဆွေးနွေးခဲ့ကြတဲ့ ခေါင်းစဉ် လုပ်ငန်းစဉ်တွေကနေ ဘယ်လို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြမလဲဆိုတဲ့ Action/Plan လို့ခေါ်တဲ့၊ ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ညီလာခံကိုယ်စားလှယ်တော်ကြီးများရဲ့ အကြံဉာဏ် နဲ့ ဆန္ဒသဘောထား တွေကို ဆွေးနွေးဖလှယ်ကြဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျမတို့ တိုင်းရင်းဆေးပညာဦးစီးဌာနနဲ့ တိုင်းရင်းဆေးကောင်စီဝင် သမားတော်ကြီးများ၊ တိုင်းရင်းဆေးဆရာအသင်းမှ သမားတော်ကြီး များ၊ တိုင်းရင်းဆေးနဲ့ နှီးနွယ်တဲ့ ပညာရှင်များအားလုံးကပါ ပူးပေါင်း ဆောင်ရွက်ဆွေးနွေး ကြစေလိုကြောင်း ပြောကြားချင်ပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းရဲ့ အစီအစဉ်မှာ နှီးနှောဖလှယ်ကြမယ့် ခေါင်းစဉ် (၂) ခုကို ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ တိုင်းရင်းဆေးဝါး ထုတ်လုပ်ခြင်းနဲ့ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) အကြောင်းကို FAME Pharmaceuticals မှ Managing Director ဆရာ ဒေါက်တာခင်မောင်လွင်က ဆွေးနွေးတင်ပြမှာ ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမိုးမိုးသွယ်က တိုင်းရင်းဆေးဆိုင်ရာ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် (Intellectual Property Right) နှင့် နာဂိုယာ သဘောတူညီချက် (Nagoya Protocol) ကို တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ်။ ညီလာခံကိုယ်စား လှယ်တော်ကြီးများမှလည်း မိမိတို့ သိလိုသည်များကို မေးမြန်းဆွေးနွေး အကြံပြုနိုင်ကြောင်း ပြောကြားလိုပါတယ်။ ဒါဟာလည်း တိုင်းရင်းဆေးပညာ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ အကောင်အထည် ပေါ်လာအောင် ပူးပေါင်း ဆောင်ရွက်မှုတစ်ခုပဲ ဖြစ်ပါတယ်။
ကျမတို့ဦးစီးဌာနအနေနဲ့လည်း မြန်မာ့တိုင်းရင်းဆေးဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော် အစိုးရရဲ့ အားပေးချီးမြှောက်မှုတွေ ပြောင်းလဲလာတဲ့ ခေတ်စနစ်တွေနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ယခု (၁၇) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တော်ကြီးများရဲ့ ပူးပေါင်းဆောင်ရွက်မှုများ ကနေ ထွက်ပေါ်လာတဲ့ အကြံဉာဏ်တွေ၊ အတွေ့အကြုံတွေကနေ တဆင့် တိုင်းရင်းဆေး လောက ကြီး ဆက်လက် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မယ်ဆိုတာ မိမိအနေနဲ့ ယုံကြည်မိပါတယ်။ ဒီကနေ့ ပေါ်ထွက်လာမယ့် ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေထဲကမှ ချက်ချင်း ဆောင်ရွက်နိုင်တာတွေကို ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ ရေရှည်စီမံ ဆောင်ရွက်ရမှာတွေကို အခြေနေပေးသ၍ တစ်ဆင့်စီ၊ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေး တင်ပြလိုပါတယ်။ ယနေ့ နှီးနှောဖလှယ်ပွဲကို တက်ရောက်လာကြတဲ့ တိုင်းရင်းဆေး ဆရာကြီး/ဆရာမကြီးများဟာ တိုင်းရင်းဆေးလောကကြီး ရေရှည်တည့်တံ့ရေးနဲ့ နိုင်ငံတကာမှာ မှတ်ကျောက် အတင်ခံနိုင်ရေးအတွက် အကြံသစ်၊ ဉာဏ်သစ်၊ စိတ်ကူးသစ်များနဲ့ ပွင့်ပွင့်လင်းလင်း၊ အပြုသဘော ဆောင်ပြီး၊ လက်တွဲပူးပေါင်းဆောင်ရွက်ရင်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ ကျန်းမာရေးကို မိမိတို့ရိုးရာ အမွေအနှစ် တိုင်းရင်းဆေးနဲ့ ပိုမိုစောင့်ရှောက်နိုင်ကြတဲ့ ပညာရှင်များဖြစ်ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သရင်း နိဂုံးချုပ်အပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။