ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ၁၄-၆-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား တောင်ညိုလမ်းရှိ အမျိုးသားပရဆေးဉယျာဉ်သို့ သွားရောက်စစ်ဆေး ကြည့်ရှုခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားပရဆေးဉယျာဉ် နေပြည်တော်တွင် တိုင်းရင်းဆေးပင်များဖြစ်သည့် ဆေးခါးကြီး၊ သကြားမကိုဋ်၊ မဟာကာကြံဆစ် နှင့် နနွင်း စသည် တို့ကို စိုက်ကွင်း၊ စိုက်ကွက်များဖြင့် စနစ်တကျပျိုးထောင်စိုက်ပျိုးထားရှိမှု၊ ရောဂါကြီး (၆)မျိုး အတွက် တိုင်းရင်းဆေးပင်များနှင့် ဂမုန်းပင်အမျိုးမျိုးကို ပျိုးထောင်ထားရှိသည့် ပျိုးဉယျာဉ်နှင့် တိုင်းရင်းဆေးပရဆေးဉယျာဉ်အတွင်း၌ တိုင်းရင်းဆေးပင်အမျိုးအမည် စုံလင်စွာဖြင့် စိုက်ပျိုး ထားရှိသည့် အခြေအနေများ၊ အမျိုးသားပရဆေးဉယျာဉ်အတွင်းရှိ ASEAN အာဆီယံနှင့် BIMSTEC ဘင်းစတက်အဖွဲ့ဝင် နိုင်ငံအကြီးအကဲများ စိုက်ပျိုးခဲ့သည့် ဆေးဘက်ဝင်အပင်များကို စနစ်တကျထိန်းသိမ်းစိုက်ပျိုးထားသည့် အခြေအနေ၊ တိုင်းရင်းဆေးပညာပြတိုက်တွင် တိုင်းရင်းဆေးပညာဆိုင်ရာသိကောင်းစရာများနှင့် တိုင်းရင်းဆေးဖက်ဝင်ပစ္စည်းများ၊ ဆေးဝါးများ၊ ခင်းကျင်းပြသထားမှုကို လှည့်လည်စစ်ဆေး ကြည့်ရှုခဲ့ပါသည်။
ဆက်လက်၍ ရှင်းလင်းဆောင်တွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများက တိုင်းရင်းဆေးပညာဦးစီးဌာနအောက်ရှိ ပရဆေးဉယျာဉ်ဌာနခွဲတွင်ရှိသည့် အမျိုးသား ပရဆေးဉယျာဉ် နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းရှိ ပရဆေးဉယျာဉ် (၉)ခုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြရာ ကျန်းမာရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီးက ပရဆေးဉယျာဉ်အသီးသီးတွင် တိုင်းရင်းဆေးပင်များစိုက်ပျိုးရာ၌ နေရာဒေသ ရာသီဉတုအလိုက် သင့်တော်မည့်ဆေးပင်များကို စနစ်တကျစိုက်ပျိုးရန်လိုအပ်ကြောင်း၊ အမျိုးသားပရဆေး ဉယျာဉ်နေပြည်တော်သည် ပရဆေးဉယျာဉ်များအနက် အကြီးဆုံးဖြစ်ပြီး စံပြဖြစ်ရန် လိုအပ်ကြောင်း၊ အမျိုးသားပရဆေးဉယျာဉ်သည် နေပြည်တော်၏ အဓိကအချက်အချာကျသည့် နေရာတွင်တည်ရှိပြီး သွားရေးလာရေးလည်း လွယ်ကူသည့်နေရာဖြစ်သည့်အတွက် ပြည်သူများ အနေဖြင့် တိုင်းရင်းဆေးပညာဆိုင်ရာ အသိပညာများရရှိစေရေးအတွက် လေ့လာနိုင်သည့် နေရာတစ်ခုအဖြစ် ဖန်တီးပေးရန်လိုအပ်ကြောင်း ပြောကြားပါသည်။
ထို့ပြင် တိုင်းရင်းဆေးပညာရပ်နှင့်ပတ်သက်သည့် သင်တန်းများနှင့် မွမ်းမံသင်တန်းများကို စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့အပြင် ASEAN အာဆီယံ၊ BIMSTEC ဘင်းစတက် စသည့်အဖွဲ့အစည်းများနှင့် အဖွဲ့ဝင်နိုင်ငံများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့နှင့် တိုင်းရင်းဆေး ပညာရပ်တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ ဆက်သွယ်မှုများကို တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့၏မျိုးရိုးစဉ်ဆက် အမွေဆက်ခံရရှိသည့် တိုင်းရင်းဆေးပညာရပ်များ မပျောက်ပျက် စေရေးအတွက် စနစ်တကျမှတ်တမ်းတင်ထားရှိရမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးပညာကို ဆည်းပူးလေ့လာလိုသူများနှင့် သုတေသနပြုလိုသူများအတွက် စနစ်တကျလေ့လာနိုင်သည့် တိုင်းရင်းဆေးဉယျဉ်ကြီးဖြစ်အောင် ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးပညာနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်ခြင်း၊ မှတ်တမ်း တင်ထားရှိခြင်းများ၊ ဆောင်ရွက်၍ မိမိတို့၏တိုင်းရင်းဆေးဝါးများ နိုင်ငံတကာအလယ်တွင် ဂုဏ်သတင်းကျော်ဇောစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက လုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ က လိုအပ်ချက်များ ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာအောက်၌ နေပြည်တော် ပြည်ထောင်စု နယ်မြေတွင် အမျိုးသားပရဆေးဉယျာဉ်နှင့် ရေဆင်းပရဆေးဉယျာဉ်၊ မန္တလေးတိုင်းဒေသကြီး တွင် ရေတံခွန်တောင်ပရဆေးဉယျာဉ်၊ ဖောင်းတောပရဆေးဉယျဉ်၊ ဆည်ပေါက်ပရဆေးဉယျာဉ်၊ တိုင်းရင်းဆေးတက္ကသိုလ် ပရဆေးဉယျာဉ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရွာသာကြီး ပရဆေးဉယျာဉ်၊ ကြို့ကုန်းပရဆေးဉယျာဉ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် မြိတ် ကန်သာယာ ပရဆေးဉယျာဉ် စုစုပေါင်းပရဆေးဉယျာဉ် (၉)ခုရှိပြီး တိုင်းရင်းဆေးပင်အမျိုးမျိုး နှစ်သိန်းခုနှစ်သောင်းခန့် စိုက်ပျိုးထားရှိပါသည်။ အမျိုးသားပရဆေးဉယျာဉ် နေပြည်တော်သည် တိုင်းရင်းဆေးဉယျာဉ်များအနက် အကြီးဆုံးဖြစ်ပြီး အကျယ်အဝန်း ၁၉၆ ဒသမ ၄ ဧက ရှိကာ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် စတင်ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။