the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၈) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးပညာရှင်များနှီးနှောဖလှယ်ပွဲ ပိတ်ပွဲအခမ်းအနားတွင် သဘာပတိ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ နိဂုံးချုပ်အမှာစကား

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

၁၃-၁-၂၀၁၈

ကျွန်မတို့ရဲ့ (၁၈)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ပိတ်ပွဲအခမ်းအနားသို့ ကြွရောက်လာကြပါသော ဧည့်သည်တော်ကြီးများ၊ သဘာပတိအဖွဲ့ဝင်များ၊ Moderatorများ၊ Panelist များ၊ မြန်မာ့တိုင်းရင်းဆေးပညာရှင်သမားတော်ကြီးများ၊ ပြည်နယ်/ တိုင်းဒေသကြီးများမှ တိုင်းရင်းဆေးညီလာခံကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးပညာနှင့် နှီးနွယ်သောပညာရပ်ဆိုင်ရာ အသိပညာရှင်အတတ်ပညာရှင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှင်များနဲ့ တက်ရောက်လာကြသူများ အားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်စကား ပြောကြားရင်း၊ အားလုံးကို ကျေးဇူးဥပကာရတင်ရှိကြောင်း ပြောကြားလိုပါတယ်ရှင်။ ကျွန်မတို့ရဲ့ (၁၈)ကြိမ်မြောက် တိုင်းရင်းဆေးညီလာခံနဲ့ နှီးနှောဖလှယ်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီဖြစ်လို့ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အားလုံးလည်း ဒီအချိန်မှာ ကျွန်မနဲ့အတူ ပျော်ရွှင်ကြည်နူး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

 

ဒီညီလာခံကြီး ယခုလိုအောင်မြင်စွာ ဖြစ်မြောက်လာဖို့အတွက် ကျွန်မတို့အနေနဲ့ အချိန်တိုအတွင်း ကဏ္ဍစုံဘက်ပေါင်းစုံပြည့်စုံအောင် အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ (၁၈)ကြိမ်မြောက် တိုင်းရင်းဆေးညီလာခံကျင်းပရေး စီမံချက်ရေးဆွဲတင်ပြပြီးချိန်မှ စပြီးတော့ ဌာနအတွင်းမှာ ညီလာခံအကြို ညှိနှိုင်းအစည်းအဝေးများ အကြိမ်ကြိမ်ကျင်းပခြင်း၊ ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်း၊ ညီလာခံကျင်းပရေး ဦးစီးကော်မတီနဲ့ လုပ်ငန်းကော်မတီများဖွဲ့စည်းခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဆပ်ကော်မတီအသီးသီးဖွဲ့ပြီး သက်ဆိုင်ရာလုပ်ငန်းများ အားသွန်ခွန်စိုက်ဆောင်ရွက်ခြင်း၊ ညီလာခံအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မယ့် အတွင်းရေးမှူးအဖွဲ့၊ မှတ်တမ်းအဖွဲ့များဖွဲ့စည်း ဆောင်ရွက်ခြင်းယခု (၁၈)ကြိမ်မြောက် တိုင်းရင်းဆေးညီလာခံမှာ ဆွေးနွေးကြမယ့် အဆိုပြုချက်များ၊ ထောက်ခံချက်များအတွက် သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များပါ၀င်ပြီး တတ်နိုင်သမျှ အချက်အလက် ပြည့်စုံကောင်းမွန်အောင် အစည်းအဝေးများပြုလုပ်ပြီး ၀ိုင်းဝန်းဆွေးနွေးရေးသားခြင်း စတာတွေကို စီစဉ်ဆောင်ရွက်ကြရတာဖြစ်ပါတယ်။

 

အဲဒါတွေ အပြင်(၁၈)ကြိမ်မြောက် တိုင်းရင်းဆေးညီလာခံဂုဏ်ပြု တိုင်းရင်းဆေးပညာမဂ္ဂဇင်း အမှတ်(၃၀)ထုတ်ဝေခြင်း၊ ယခင်နှစ်(၁၇)ကြိမ်မြောက် ညီလာခံမှတ်တမ်းစာအုပ် ပြုစုထုတ်ဝေခြင်း၊ မြန်မာ့တိုင်းရင်းဆေးဝါးပြခန်းများဖြစ်မြောက်ရေးနဲ့ ညီလာခံအကြို လှုံ့ဆော်ရေး ဆောင်းပါးများရေးသားခြင်း၊ သတင်းများ၊ အင်တာဗျူးပြုလုပ်ခြင်း စသည်တို့ကိုလည်း တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

 

ယခုလို ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံက ဆောင်ရွက်ရာမှာ တိုင်းရင်းဆေးပညာဦးစီးဌာနတစ်ခုတည်း ဆောင်ရွက်ခဲ့တာမဟုတ်ပဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ အခြားဦးစီးဌာနများ၊ တိုင်းရင်းဆေးနှင့် နှီးနွယ်ဝန်ကြီးဌာနများနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကပါ ပါ၀င်အားဖြည့် ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြတာဖြစ်ပါတယ်။ 

 

အထူးအားဖြင့် (၁၈)ကြိမ်မြောက်တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲဦးစီးကော်မတီ နာယက ဒုတိယသမ္မတဦးမြင့်ဆွေရဲ့ ဦးဆောင်ညှိနှိုင်းဆောင်ရွက်ပေးမှုနဲ့ ဆပ်ကော်မတီ အသီးသီးရဲ့ အားတတ်သရော ၀ိုင်းဝန်းကူညီမှုပံ့ပိုးမှုတွေကြောင့် ဒီညီလာခံကြီး အခုလို အောင်အောင်မြင်မြင်နဲ့ပြီးမြောက်ခဲ့တာဖြစ်ပါတယ်။

 

ကျွန်မတို့ရဲ့ (၁၈)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲသို့ နိုင်ငံတော်သမ္မတဦးထင်ကျော်မှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာမှာ ပါရှိတဲ့ သြဝါဒ၊ မိန့်ကြားချက်များ၊ ညီလာခံနှင့်နှီးနှောဖလှယ်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယကပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးမြင့်ဆွေရဲ့ သြဝါဒမိန့်မှာချက်များကို လုပ်ငန်းလမ်းညွှန်အဖြစ်နဲ့ လိုက်နာကျင့်သုံးသွားပြီး ညီလာခံမှာ တင်သွင်းခဲ့တဲ့ အဆိုပြုချက်(၅)ရပ်ကို မှတ်တမ်းအဖြစ်ထားရှိ အတည်ပြုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီသြဝါဒတွေ၊ အဆိုအထောက်တွေ၊ ၀ိုင်းဝန်းဆွေးနွေးအကြံပေးချက်တွေဟာ မြန်မာ့တိုင်းရင်းဆေးပညာကို ချစ်မြတ်နိုး တန်ဖိုးထားပြီး တိုးတက်စေချင်တဲ့ စိတ်ရင်းအမှန်တွေနဲ့ ပြောကြားခဲ့ကြတာဖြစ်လို့ ကျွန်မတို့ အထူးအလေးထားလိုက်နာဆောင်ရွက်သင့်တဲ့ အကြောင်းတွေဖြစ်ပါတယ်။

 

ဆွေးနွေးခဲ့ကြတဲ့ အဆို(၅)ခုထဲက မိမိတို့ရဲ့တိုင်းရင်းဆေးပညာ၊ အစွမ်းထက်ဆေးဝါးများ၊ သမားစဉ်ကုထုံးများကို မိမိတို့ရဲ့တိုင်းရင်းဆေးရုံ၊ တိုင်းရင်းဆေးကုဌာနတွေမှာလက်တွေ့ အသုံးချနိုင်ရုံမျှမက၊ နိုင်ငံတကာအဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် ရည်မှန်းချက်ထားပြီး အထူးအလေးထား အကောင်အထည်ဖော် ဆောင်ရွက်ကြရမယ့်ကိစ္စဖြစ်ပါတယ်။ တိုင်းရင်းဆေးပညာသင်ကြားရေးနည်းစနစ်တွေကို ပြန်လည်သုံးသပ်ပြီး၊ မြန်မာ့တိုင်းရင်းဆေးပညာရဲ့ အခြေခံ နယကြီး(၄)ပါးကို အမျိုးသားရေးကို အမွေအနှစ်အဖြစ် ထိန်းသိမ်းပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင်ကိုလည်း မိမိတို့ရဲ့ တိုင်းရင်းဆေးမျိုးဆက်သစ်တွေအတွက်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

 

ဒီအချက်တွေထဲက မြန်မာ့တိုင်းရင်းဆေးလောကအတွက် အလွန်အရေးပါသောအဆို(၂)ချက်ဖြစ်တဲ့ မြန်မာ့တိုင်းရင်းဆေးပညာအဆင့်အတန်းကို နိုင်ငံတကာအဆင့်သို့ မြှင့်တင်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပိုမို ပူးပေါင်းဆောင်ရွက်ရန်နှင့် နယကြီး(၄)ပါးကို အခြေခံသည့် မြန်မာတိုင်းရင်းဆေးပညာ ကုထုံးနည်းစနစ်များကို အမျိုးသားရေး အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန် Panel Discussion ဆွေးနွေးချက်ရလာဒ်တွေဟာဆိုရင် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သင့်တဲ့ အချက်တွေဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ (၁၇)ကြိမ်မြောက်ညီလာခံမှာ တင်ပြခဲ့တဲ့ အဆိုပြုချက် Action Plan တွေရဲ့ အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ရာမှာ အောင်မြင်မှုတွေနဲ့ ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေတာတွေကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး၊ နောင်နှစ်တွေမှာလည်း ယခုလိုပဲ ပြန်လည်သုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်။

 

ညီလာခံကြီးမှာအားတက်သရော ပါ၀င်ဆောင်ရွက်ပေးကြသော သဘာပတိကြီးများ၊ သဘာပတိအဖွဲ့ဝင်များ၊ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညီလာခံ အဆိုအထောက်များပြုစုရာမှာ ၀ိုင်းဝန်းဆောင်ရွက်ပေးကြတဲ့ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ အသိပညာရှင် အတတ်ပညာရှင်များ၊ Panel Discussion တွင်စုပေါင်းဆွေးနွေးပေးပါသော Panelist များ၊ Moderator များ၊ မြန်မာ့နိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပြခန်းတွင် ပါ၀င်ပြသပေးသော တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းရှင်များ၊ ညီလာခံအစအဆုံး အကောင်းဆုံး ၀န်ဆောင်မှုပေးခဲ့သော MICC-2 မှ ၀န်ထမ်းများ၊ ဧည့်ခံဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေးအတွက် တာဝန်ယူဆောင်ရွက်ကြသူများ၊ ညီလာခံဂုဏ်ပြု ဆောင်းပါးများရေးသားပေးခြင်းနဲ့ ညီလာခံလှံု့ဆော်ရေးဆောင်းပါး၊ အင်တာဗျူးနဲ့ သီချင်းများ ထုတ်လွှင့်ပေးခြင်းများ ပြုလုပ်ပေးခဲ့သော ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ လုံခြံုရေးဝန်ထမ်းများ၊ အခမ်းအနားမှူးများနဲ့ ကျွန်မရဲ့ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ၀န်ထမ်းများအားလုံး ကျေးဇူးတင်ထိုက်သူများ အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

 

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ (၁၈)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနဲ့နှီးနွယ်တဲ့ကဏ္ဍအစုံမှ ပညာရှင်များစုံစုံညီညီ တက်ရောက်ပြီး မြန်မာ့တိုင်းရင်းဆေးပညာ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပတ်သက်လို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းတိုင်ပင်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့ ကျွန်မတို့အားလုံး ၀ိုင်းဝန်း ဆွေးနွေးစဉ်းစားရာက ပေါ်ထွက်လာတဲ့ ဒီလုပ်ငန်းစဉ်များကို အားလုံးဝိုင်းဝန်းပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ရင်း တိုင်းရင်းဆေးလောကကြီး သိက္ခာသမာဓိရှိစွာနဲ့ အဓွန့်ရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

 

ယခု ညီလာခံကြီးကို တက်ရောက်လာတဲ့ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးက ဧည့်သည်တော်များ၊ ညီလာခံကိုယ်စားလှယ်တော်များအားလုံး မိမိတို့ရဲ့ နေရပ်ဒေသများဆီကို အေးချမ်းစွာ ပြန်လည်ရောက်ရှိပြီး နောက်နှစ်ညီလာခံမှာ ကျွန်မတို့ ပြန်လည်ဆုံတွေ့တဲ့အခါ ဒီနှစ်ရဲ့ အဆိုပြုချက်များကို မိမိတို့ရဲ့တာဝန်ကျရာဒေသ အသီးသီးကနေ အကောင်းဆုံးကြိုးစား အကောင်အထည်ဖော်ပေးကြပါလို့ တိုက်တွန်းရင်း၊ တိုင်းရင်းဆေးလောကကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးစိတ်တူကိုယ်တူ ညီညီညွတ်ညွတ်အကောင်းအဆိုးမျှဝေရင်း၊ အားနည်းချက်များကို ဖေးမရင်း ထူးချွန်ပြောင်မြောက်စွာ ကြိုးစားအားထုတ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းများချွေရင်း နိဂုံးချုပ်အပ်ပါတယ်။

 

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ