the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲတွင် ဒုတိယသမ္မတဦးမြင့်ဆွေပြောကြားသည့် ညီလာခံအဖွင့်၊ မိန့်ခွန်း၁၈-၁-၂၀၁၇

ဒီကနေ့ (၁၇)ကြိမ်မြောက်၊ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကိုတက်ရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနဲ့ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ကဥက္ကဌများ၊ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများက ဌာနေကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သောအသင်းအဖွဲ့အစည်း အသီးသီးက တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းဆေးကောင်စီဝင် ဆရာကြီးများ၊ ညီလာခံကိုယ်စားလှယ် ကြီးများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်အပ်ပါတယ်။

 

မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို (၂၀၀၀) ခုနှစ်က စတင်ပြီး နှစ်စဉ်ကျင်းပခဲ့တာအခုဆိုရင် (၁၇)ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။ (၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို - မြန်မာ့တိုင်းရင်းဆေးလောကဘက်စုံအဆင့်အတန်းမြင့်မားရေးနဲ့ မြန်မာ့တိုင်းရင်းဆေးပညာအရည်အသွေးတိုးတက်ရေး၊ - မြန်မာ့တိုင်းရင်းဆေးဆရာတို့၏ကျင့်ဝတ်သိက္ခာမြင့်မားရေး၊ - မြန်မာ့တိုင်းရင်းဆေးပညာနဲ့ ပြည်သူများရဲ့ ကျန်းမာရေးပိုမို စောင့်ရှောက်မှုပေးနိုင်ရေးစတဲ့ ရည်ရွယ်ချက်များနဲ့ ကျင်းပတာဖြစ်ပြီး ဒီရည်ရွယ်ချက်တွေအောင်မြင်အောင် အကောင်အထည်ဖော်နိုင်မယ့် လုပ်ငန်းစဉ်တွေကိုအခုညီလာခံကချမှတ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံတော်အဆင့်အနေနဲ့ကျင်းပတဲ့ အခုမြန်မာ့ တိုင်းရင်းဆေး

 

သမားတော်များ ညီလာခံမှာမြန်မာ့တိုင်းရင်းဆေးနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြင်ချင်းဖလှယ်နိုင်ကြရုံသာမကညီလာခံနဲ့ တစ်ဆက်တည်းကျင်းပတဲ့ တိုင်းရင်းဆေး ပညာရှင်များနှီးနှောဖလှယ်ပွဲမှာမိမိတို့လေ့လာတတ်မြောက်ထားကြတဲ့ ပညာနဲ့ အတွေ့အကြုံများကို တိုင်းရင်းဆေးပညာရှင်တွေ အချင်းချင်းသာမက နှီးနွယ် ပညာရှင်များနဲ့ပါ ညှိနှိုင်းဆွေးနွေးနိုင်ကြတဲ့ အခွင့်အလမ်းတွေ၊ ခေတ်နဲ့လိုက်ပြီး တိုးတက်ပြောင်းလဲနေတဲ့ အခြေအနေတွေကိုသိရှိနိုင်ဖို့ အခွင့်အလမ်းတွေ ရရှိကြမှာဖြစ်ပါတယ်။

 

ညီလာခံအဆက်ဆက်မှာခေတ်ကာလနဲ့ လိုက်လျောညီထွေရှိတဲ့ အဆိုပြုချက်၊ ထောက်ခံချက်တွေ၊ တင်ပြဆွေးနွေးချက်တွေ ပြုလုပ်ကြပြီး ထွက်ပေါ် လာတဲ့ လုပ်ဆောင်သင့်တဲ့ လုပ်ငန်းစဉ်များကို အပြည့်အဝ အကောင်အထည်ဖော် နိုင်အောင် စုပေါင်းအားထုတ်ကြဖို့ကိုလည်း ကျွန်တော်အနေနဲ့ အားပေး တိုက်တွန်း ချင်ပါတယ်။ တစ်ချို့သောတိမ်မြုပ်ပျောက်ကွယ်နေတဲ့ တိုင်းရင်းဆေးပညာရပ် တွေနဲ့ ကုထုံးတွေပြန်လည်ဖော်ထုတ်ဖို့၊ မြန်မာ့တိုင်းရင်းဆေးပညာရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့၊ မျိုးဆက်သစ် တိုင်းရင်းဆေးသမားတော်တွေအနေနဲ့ မြန်မာ့တိုင်းရင်းဆေးပညာကို ကျွမ်းကျွမ်းကျင်ကျင် နားလည်တတ်မြောက်ပြီး ကမ္ဘာ့အလယ်မှာ ဒါဟာမြန်မာ့တိုင်းရင်းဆေး ပညာ ပါလို့ ဂုဏ်ယူဝင့်ကြွားစွာချပြနိုင်ဖို့နဲ့ သုတေသနလုပ်ငန်းများစနစ်တကျ လုပ်ကိုင်ပြီး တိုင်းရင်းဆေးပညာ ဖွံ့ဖြိုး တိုးတက်ဖို့ စတဲ့ အချက်များဟာပြည်သူလူထုကျန်းမာရေးကိုတိုင်းရင်းဆေးနဲ့ ပိုမိုစောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် အရေးပါတဲ့အချက်များဖြစ်ပါတယ်။ ညီလာခံအဆက်ဆက်မှာ ဆွေးနွေးညှိနှိုင်းကြခဲ့တဲ့ အဆိုပြုချက်၊ ထောက်ခံချက်တွေဟာလည်း ဒီအချက်တွေ အပေါ်မှာ အမြဲတမ်းအခြေခံခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အာဆီယံ စီးပွားရေး အသိုက်အဝန်းထဲဝင်ရောက်ဖို့ ညှိနှိုင်းနေတဲ့ကိစ္စရပ်တွေထဲမှာ တိုင်းရင်းဆေးဟာလည်း ကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်တဲ့အတွက် မိမိတို့နိုင်ငံအနေနဲ့လည်း အာဆီယံအဆင့်အတန်းမီအောင် ကြိုတင်ကြိုးစားပြင်ဆင်ဆောင်ရွက်ထားကြရမှာ ဖြစ်ပါတယ်။

 

ကျွန်တော်တို့ ဘိုးဘွားဘီဘင်လက်ထက်ကတည်းက ကျွန်တော်တို့တွေရဲ့ ကျန်းမာရေးကိုတိုင်းရင်းဆေးဝါးတွေနဲ့ ပြုစုစောင့်ရှောက်ခဲ့တာဒီကနေ့ ကျွန်တော်တို့ ခေတ်အထိပဲဖြစ်ပါတယ်။ နောင်လည်း ကျွန်တော်တို့တိုင်းရင်းဆေးပညာနဲ့ တိုင်းရင်း ဆေးဝါးတွေဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ကျန်းမာရေးကို တစ်ထောင့် တစ်နေရာကပြုစုစောင့်ရှောက်ပေးနေမှာမြေကြီးလက်ခတ်မလွဲပါပဲ။ ဒီနေရာမှာအရင့်အရင်ကအစွမ်းထက်ပြီးသားဆေးနည်းတွေ၊ ပညာရပ်တွေကို မပျောက် ပျက်အောင်နဲ့ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်အောင် ကြိုးစားအားထုတ်ကြဖို့ လိုအပ်သလို ကျွန်တော်တို့ရဲ့ အစွမ်းထက် တိုင်းရင်းဆေးဝါးတွေနဲ့ တိုင်းရင်းဆေး ကုထုံးတွေကိုစနစ်တကျသုတေသနပြုလုပ်ကြပြီးခိုင်ခိုင်မာမာသက်သေအထောက်အထားပြနိုင်အောင် ဆောင်ရွက်ကြဖို့လိုပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ တိုင်းရင်းဆေး ပညာ ဦးစီးဌာနဝန်ထမ်းများ၊ နှီးနွယ်ပညာရှင်များ၊ တိုင်းရင်းဆေး သမားတော်များ အားလုံးကိုယ်ကျွမ်းကျင်တတ်မြောက်တဲ့ အခန်းကဏ္ဍများမှာပါဝင်လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။

 

ဒီကနေ့ ကမ္ဘာ့ကျန်းမာရေးနဲ့ ဆေးပညာနယ်ပယ်တွင် လေ့လာကြည့်ရင် ဓါတုဗေဒဆေးဝါးတွေအလွန်အကျွံ အသုံးပြုခဲ့ရာမှ ဓါတုကင်းလွတ်တဲ့ သဘာဝဆေးဝါး Herbal Medicine တွေဘက်ကိုအလေးပေးဆောင်ရွက်လာခဲ့တာတွေ့ရှိရပါတယ်။ နာမကျန်းလူနာတွေကိုကုသရာမှာလည်းသဘာဝအခြေခံကုထုံးတွေတိုးမြှင့် အသုံးပြုလာကြပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေကိုကံ၊ စိတ်၊ ဥတု၊ အာဟာရနဲ့ သင့်တင့်မျှတအောင်ကြိုးပမ်းဆောင်ရွက်လာနေပြီဖြစ်ပါတယ်။ ကမ္ဘာ့ဆေးလောကရဲ့ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုကြီးပဲဖြစ်ပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့လည်း တိုင်းရင်းဆေးပညာဦးစီးဌာနအနေနဲ့ တိုင်းရင်းဆေး သုတေသနလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ဖို့၊ တိုင်းရင်းဆေးပညာရှင်နဲ့ နှီးနွယ်ပညာရှင်၊ လူသားအရင်းအမြစ်နဲ့ ခေတ်မီနည်းပညာများတိုးတက်လာအောင် ဆောင်ရွက်နေရုံသာမက နိုင်ငံခြားတက္ကသိုလ်များနဲ့လည်းသုတေသနလုပ်ငန်းများ တိုးတက် ဆောင်ရွက်နိုင်အောင်လည်းကြိုးစားဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကျွန်တော် တို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို အသိဉာဏ် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများနှင့်အညီထိန်းသိမ်းနိုင်အောင် စတင်ဆောင်ရွက်နေကြတာ ဝမ်းမြောက်ဖွယ်ရာကြားသိရပါတယ်။

 

မြန်မာနိုင်ငံရဲ့ ရေမြေတောတောင်အတွင်းမှာပေါက်ရောက် နေတဲ့ အစွမ်းထက် ဆေးပင်တွေကိုဖော်ထုတ်ထိန်းသိမ်းဖို့၊ အဲ့ဒီထက် တစ်ဆင့်တက်ပြီး မျိုးပွားဖို့၊ စိုက်ပျိုးထုတ်လုပ် အသုံးချနိုင်ဖို့နဲ့ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများကိုလည်း၊ Good Manufacturing Practice လို့ခေါ်တဲ့၊ GMP နည်းစဉ်နဲ့ အဆင့်မြင့်အောင် ပြောင်းလဲထုတ်လုပ်နိုင်ရေးအတွက်လည်းစတင် ဆောင်ရွက်နေပြီ ဆိုတာသိရလို့ ဒီလုပ်ငန်းတွေကိုအောင်မြင်အောင် ကြိုးစား ဆောင်ရွက်ကြပါလို့လည်း တိုက်တွန်းချင်ပါတယ်။

 

နိဂုံးချုပ်အနေနဲ့ တိုင်းရင်းဆေးနဲ့ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှု ပေးရေး၊ မြန်မာ့တိုင်းရင်းဆေးပညာထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သုတေသနလုပ်ငန်းများ၊ တိုင်းရင်းဆေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ အန္တရာယ်ကင်းပြီးအကျိုးအာနိသင် ထက်မြက်တဲ့ ဆေးဝါးများ ထုတ်လုပ်ရေး၊ မျိုးတုန်းပျောက်ကွယ်တော့မယ့် ပရဆေးပင်များ ထိန်းသိမ်း စောင့်ရှောက်ရေး၊ မြန်မာ့တိုင်းရင်းဆေးအမွေအနှစ်များမူပိုင်ခွင့်ရရှိရေးနဲ့ သက်ဆိုင်ရာ ကဏ္ဍများမှာအာဆီယံနဲ့ ကမ္ဘာ့အဆင့်ထိအဆင့်မီအောင် ဆောင်ရွက်နိုင်ရေးစသဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖွယ်ရာများများပြားလှပါတယ်။

 

ဒီလုပ်ငန်းတွေအားလုံးအောင်မြင်ပြီးမြောက်အောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းရင်းဆေးကောင်စီ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူ လုပ်ငန်းရှင်များနဲ့ တိုင်းရင်းဆေးသမားတော် အပေါင်းဟာအတ္တ-ပရညီညွတ် မျှတစွာ ဆောင်ရွက်ဖို့ ဦးတည်ပြီး၊ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း