the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံတွင် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း ပြောကြားခဲ့သည့် ညီလာခံအဖွင့်၊ မိန့်ခွန်း

ဒီကနေ့ကျင်းပတဲ့ (၁၆)ကြိမ်မြောက်၊ မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံသို့ တက်ရောက်လာကြပါသော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမျိုးသား ကျန်းမာရေးကော်မတီဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အသင်း အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းရင်းဆေးကောင်စီဝင်ဆရာကြီးများ၊ ညီလာခံ ကိုယ်စားလှယ်ကြီးများ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း မေတ္တာပို့သလျက် နှုတ်ခွန်းဆက်သအပ်ပါတယ်။

 

(၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို

- ြမန်မာ့တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်း မြင့်မားရေးနှင့် မြန်မာ့တိုင်းရင်းဆေး ပညာ အရည်အသွေးတိုး တက်ရေး၊

- မြန်မာ့တိုင်းရင်းဆေးဆရာတို့၏ ကျင့်ဝတ်သိက္ခာမြင့်မားရေး၊

- မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပြည်သူများ၏ ကျန်းမာရေးပိုမို စောင့်ရှောက်မှုပေးနိုင်ရေး စတဲ့ရည်ရွယ်ချက်များနဲ့ ကျင်းပတာ ဖြစ်တဲ့အတွက် ဒီရည်ရွယ်ချက်များ အောင်မြင်အောင် အခု ညီလာခံက အကောင်အထည်ဖော်နိုင်မယ့် လုပ်ငနး်စဥ်များ ချမှတ် ပေးနိုင်မယ် လို့ ယုံကြည်ပါတယ်။

         

မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို နှစ်စဥ်ကျင်းပ လာတာ ယခုနှစ်ဆိုလျှင် (၁၆)ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။ တိုင်းရင်းဆေး ပညာဦးစီးအနေနဲ့၊ ယခုလို တစ်နှစ်တစ်ကြိမ်၊ ညီလာခံများ ကျင်းပနိုင်ခြင်း အားဖြင့် နိုင်ငံအဝှမ်းက တိုင်းရင်းဆေးဆရာများ တွေ့ဆုံ၊ ဆွေးနွေး၊ ညှိနှိုင်း ခွင့်တွေရရှိတာ ဖြစ်ပါတယ်။ ဒါဟာ စုဝေးခြင်းနှင့် စည်းလုံးညီညွတ်ခြင်း ဆိုတဲ့ ကောင်းမြတ်တဲ့ ဂုဏ်အင် လက္ခဏာပြယုဂ်တွေပဲ ဖြစ်ပါတယ်။

        

နိုင်ငံတော်အဆင့်အနေနဲ့ ကျင်းပတဲ့ အခုလို မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံမှာ မြန်မာ့တိုင်းရင်းဆေးနယ်ပယ်ဖွံ့ဖြိုး တိုးတက် ရေးအတွက် အမြင်ချင်းဖလှယ်နိုင်ကြရုံသာမက ညီလာခံနဲ့ တဆက်တည်း ကျင်းပတဲ့ တိုင်းရင်းဆေးပညာရှင်များ နှီးနှောဖလှယ်ပွဲမှာ မိမိတို့လေ့လာ တတ်မြောက်ထားကြတဲ့ ဆေးပညာအတွေ့အကြုံတွေကို တိုင်းရင်းဆေး ပညာရှင်တွေ အချင်းချင်းညှိနှိုင်း ဆွေးနွေးနိုင်ကြတဲ့ အခွင့်အလမ်းတွေ ရရှိနိုင်ကြမှာဖြစ်ပါတယ်။

        

ဒီနေရာမှာ ကျွန်တော်အနေနဲ့ တိုက်တွန်းပြောကြားလိုတာ ကတော့၊ မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံကို နှစ်စဥ် မပျက်မကွက် ကျင်းပနိုင်ရုံနဲ့ ကျေနပ်တင်းတိမ် မနေကြဖို့ဘဲ ဖြစ်ပါတယ်။ ညီလာခံ အဆက်ဆက်မှာ ခေတ်ကာလနဲ့ လိုက်လျောညီထွေရှိတဲ့ အဆို ပြုချက်၊ ထောက်ခံချက်တွေ တင်ပြဆွေးနွေးချက်တွေ ပြုလုပ်ကြပြီး ထွက်ပေါ် လာတဲ့ လုပ်ဆောင်သင့်သော လုပ်ငန်းစ်များကို အပြည့်အဝ အကောင် အထည် ဖော်နိုင်အောင် စုပေါင်းအားထုတ်ကြဖို့ကိုလည်း၊ ကျွန်တော်အနေ နဲ့ အားပေးတိုက်တွန်းချင်ပါတယ်။ အချို့သော တိမ်မြှုပ် ပျောက်ကွယ်နေတဲ့ တိုင်းရင်းဆေးပညာရပ်တွေနဲ့ ကုထုံးတွေ ပြန်လည်ပေါ်ထုတ်ဖို့ မြန်မာ့တိုင်းရင်းဆေးပညာ ရေရှည်တည်တံ့အောင် ထိန်းသိမ်း စောင့်ရှောက် ဖို့ မျိုးဆက်သစ် တိုင်းရင်းဆေးသမားတော်များအား မြန်မာ့တိုင်းရင်းဆေး ပညာစစ်စစ်ကို မိမိကိုယ်တိုင် ကျွမ်းကျင်နားလည် တက်မြောက်ပြီး ကမ္ဘာ့ အလယ်မှာ ဒါဟာမြန်မာ့ တိုင်းရင်းဆေးပညာပါလို့ ဂုဏ်ယူဝင့်ကြွား စွာချပြနိုင်ဖို့ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ဖို့စတဲ့ အချက်များဟာ ပြည်သူလူထုကျန်းမာရေးကို တိုင်းရင်းဆေးနဲ့ ပိုမိုစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် အရေးပါလှပါတယ်။ ညီလာခံ အဆက်ဆက်မှာ ဆွေးနွေးညှိနှိုင်းကြခဲ့တဲ့ အဆိုပြုချက်၊ ထောက်ခံချက်တွေဟာလည်း ဒီအချက်အတွေအပေါ်မှာ အမြဲတမ်း အခြေခံခဲ့တာ ဖြစ်ပါတယ်။ ဒီအချက် တွေကို အကောင်အထည်ဖော်တဲ့ နေရာမှာ နေ့ချင်းညချင်း ဆောင်ရွက် နိုင်တာတွေကို လက်ငင်းဆောင်ရွက်ကြပါ။ အချိန်ပေးပြီး ဆောင်ရွက် ရမှာတွေ ရှိလျှင်လည်း၊ မျက်ခြည်မပြတ်၊ မမေ့မလျှော့၊ တဖြည်းဖြည်းချင်း အကောင်အထည်ဖော် ဆောင်ရွက်ကြပါလို့၊ အားပေး တိုက်တွန်းချင် ပါတယ်။

         

မြန်မာ့တိုင်းရင်းဆေးသမိုင်းကြောင်းကို ပြန်ကြည့်ရင် ပုဂံခေတ်မှာ ဆေးပညာဆိုင်ရာ အထောက်အထားများအဖြစ် ရဟန်းတို့၌ မရှိမဖြစ်သော ပစ္စည်း လေးပါးအနက် ဆိယ်ဝါ (ဆေးဝါး)မှာ အရေးပါဆုံး ဖြစ်တာကို တွေ့ရှိရ ပါတယ်။ အင်းဝခေတ် (အေဒီ ၁၃၆၄-၁၅၅၅)မှာ မြန်မာ့ တိုင်းရင်းဆေးပညာနဲ့ ပတ်သက်တဲ့ ခိုင်လုံသောမှတ်တမ်းများ စတင် တွေ့ရှိရပါတယ်။ ထိုအထောက်အထားများအရ မြန်မာစာပေဖြင့် ရေးသားထားသည့် ဆေးကျမ်းများ မတွေ့ကြ ရသော်လည်း ဆေးပညာအနေဖြင့် အဆင့်အတန်း မြင့်မားစွာ ထွန်းကားခဲ့ကြောင်း သိရှိရပြီး ကုန်းဘောင်ခေတ် (အေဒီ ၁၇၅၂-၁၈၈၅)မှာလည်း မြန်မာ့တိုင်းရင်းဆေး ပညာနှင့် ဆေးကျမ်းများ အဆင့်အတန်းမြင့်မား လာခဲ့တာကို တွေ့ရှိရပါတယ်။ မြန်မာ့မြေပေါ်တွင် မြန်မာအမျိုးသားများ ကိုယ်တိုင်ဦးစွာတီတွင်ကြံဆ၍ အခြေအမြစ်ရှိသော တောင်သာနည်းခေါ် ခြောက်လုံးကောက် ဆေးပညာ သည် မင်းတုန်းမင်း လက်ထက်တွင် ပေါ်ပေါက်ခဲ့ပါသည်။ ထပ်မံ၍ သီပေါမင်း (အေဒီ ၁၈၇၈-၁၈၈၅)လက်ထက်၌လက်ရှိ တိုင်းရင်းဆေးပညာ အပြင် အနောက်အတိုင်းဆေးပညာဖြင့်လည်း စောင့်ရှောက်ကုသသည့် အနေအထားသို့ ရောက်ရှိလာခဲ့ပါတယ်။ အင်္ဂလိပ်လက်အောက် ကျရောက်စဥ်ကာလတွင် မြန်မာဆေးပညာကို ကောင်းစွာတတ်ကျွမ်းသူများ နည်းပါးလာပြီး ဆရာတု၊ ဆရာယောင်များ ပေါများလာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံသို့ ဂျပန်စစ်တပ်များ ဝင်ရောက် လာချိန်တွင် မြို့ရွာအနှံ့အပြား၌ အနောက်တိုင်းဆေးရုံကြီးများနှင့် မလုံလောက်သဖြင့် ကျန်းမာရေးတာဝန်ကို တိုင်းရင်းဆေးဆရာများကပါ တာဝန်ယူခဲ့ရပါတယ်။

         

မျက်မှောက် ခေတ်ကျွန်တော်တို့ လက်ထက်မှာ၊ မြန်မာ့တိုင်းရင်းဆေး တည်ရှိ တိုးတက်၊ ဖွံ့ဖြိုးလာတာကို ဆန်းစစ်ကြည့်ရင် -

- ၁၉၅၃ ခုနှစ်မှာ တိုင်းရင်းဆေးမြှင့်တင်ရေးရုံးကို ကျန်းမာရေးဦးစီးဌာန အောက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ တိုင်းရင်းဆေး ပညာဦးစီးဌာနကို သီးခြားဦးစီး ဌာနအဖြစ် တည်ထောင်ဖွဲ့စည်း နိုင်ခဲ့ပါတယ်။ ဦးစီးဌာနရဲ. အဓိက တာဝန်ဖြစ်တဲ့ ပြည်သူလူထုကို၊ မြန်မာ့တိုင်းရင်းဆေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးတဲ့လုပ်ငန်းများကို၊ ဆေးရုံ၊ ဆေးခန်းများ ဖွင့်ပြီး စနစ်တကျ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

- တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်၊ လေ့ကျင့်ပေးရေးအတွက်၊ ၁၉၇၆ခုနှစ်မှာ တိုင်းရင်းဆေးသိပ္ပံကျောင်းကို မန္တလေးမှာ ဖွင့်လှစ် နိုင်ခဲ့ပြီး၊ တိုင်းရင်းဆေးဒီပလိုမာအဆင့် ပညာရှင်များ မွေးထုတ်ပေးနိုင် ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ တိုင်းရင်းဆေးတက္ကသိုလ်ကို ဖွင့်လှစ် နိုင်ခဲ့ပြီး၊ မြန်မာ့တိုင်းရင်းဆေးပညာ ဒီဂရီဘွဲ့ ပညာရှင်အဆင့်မွေး ထုတ်ပေးနိုင်ခဲ့ပါတယ်။၂၀၁၁ခုနှစ် မှာတော့၊ အဲ့ဒီတက္ကသိုလ်ကြီး ကနေ၊ တိုင်းရင်းဆေးပညာ မဟာဘွဲ့ အဆင့်ထိ လေ့ကျင့်မွေးထုတ်ပေး နိုင်ပြီ ဖြစ်ပါတယ်။

- တိုင်းရင်းဆေးဝါးဥပဒေကို ၁၉၉၆ ခုနှစ်မှာ ပြဌာန်းနိုင်ခဲ့ပြီး၊ ၂၀၁၄ ခုနှစ်တွင် ပထမအကြိမ် ပြင်ဆင်ခဲ့ပါတယ်။ အဲ့ဒီဥပဒေနဲ့အညီ ပြည်သူလူထုအတွက်၊ အမျိုးအစားနဲ့ အရည်အသွေး မှန်ကန်တဲ့ တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူးနိုင်ကြရန်၊ တိုင်းရင်းဆေးဝါး မှတ်ပုံတင်နဲ့ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလိုင်စင်တွေကို စနစ်တကျ ထုတ်ပေး လျက်ရှိပါ တယ်။

- တိုင်းရင်းဆေးပညာရှင်များ ပြည်သူလူထုကျန်းမာရေးကို စနစ်တကျ စောင့်ရှောက်နိုင်ရေး အတွက် တိုင်းရင်းဆေးကောင်စီဥပဒေကို ၂၀၀၀ ပြည့်နှစ်မှာ ပြဌာန်းနိုင်ခဲ့ပြီး၊ တိုင်းရင်းဆေး ဆရာ(တဆ) လက်မှတ်များ ကို ဥပဒေနဲ့အညီ ထုတ်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ဒီနေ့ globalization ခေတ်မှာ မိတ်ဆွေ ASEAN နိုင်ငံများ၊ မဲခေါင် ဒေသနိုင်ငံများ၊ ဘင်းစတက်နိုင်ငံများရဲ. တိုင်းရင်းဆေး ကဏ္ဍများမှာ လည်း မြန်မာနိုင်ငံအနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိ ပါတယ်။ အဲဒီလိုကဏ္ဍတွေထဲမှာ TMHS (Traditional Medicine and Health Supplement) လို့ခေါ်တဲ့ “တိုင်းရင်းဆေးနှင့် ကျန်းမာရေး ဖြည့်စွက်အစာ” တွေကိုလည်း အာဆီယံနိုင်ငံများအတွင်း ထုတ်လုပ်မှုစနစ်နဲ့ ကုန်သွယ်မှုစနစ်တွေ တပြေးညီဆောင်ရွက်နိုင်ဖို့ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းဆေးပညာဦးစီးဌာနတို့ဟာ အဲဒီ TMHS Harmonization ကိစ္စရပ်များမှာ တက်တက်ကြွကြွပါဝင် ဆောင်ရွက်လျက်ရှိပါတယ်။

- ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအထိ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှာ ခုတင်- ၁၀၀ဆံ့ တိုင်းရင်းဆေးရုံ (၃)ရုံ၊ ခုတင်- ၅၀ဆံ့ တိုင်းရင်းဆေးရုံ (၉)ရုံ၊ (၂၅) ခုတင်ဆံ့ တိုင်းရင်း ဆေးရုံ(၄)ရုံ၊ (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံ(၄)ရုံ၊ ခရိုင်တိုင်းရင်းဆေးပညာဦးစီး ဌာနမှူးရုံး (၅၀)ရုံနဲ့ မြို့နယ်တိုင်းရင်းဆေးကုဌာန (၂၁၀)ခုတို့ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။

- ဒီအခြေအနေတွေကို ကြည့်လိုက်လျှင်၊ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းဆေးနဲ့ ပတ်သက်လို့၊ ကျွန်တော်တို့ ခေတ်ကာလမှာ ဆောင်ရွက်ခွင့်ရတာတွေ၊ ဆောင်ရွက်နိုင်တာတွေကို အတိုင်းအတာ တစ်ခုအထိ၊ အဆင့်ဆင့်တိုးတက််လာအောင် အကောင်အထည် ဖော်နိုင်ခဲ့တယ် ဆိုတာ တွေ့မြင်သိရှိကြရမှာ ဖြစ်ပါတယ်။

- သို့သော်လည်းပဲ တိုင်းရင်းဆေးဆိုင်ရာ လုပ်ဆောင်ဖွယ်ရာများစွာ ကျန်ရှိနေပါတယ်။ အဲ့ဒီထဲကတစ်ခုကတော့ မြန်မာ့တိုင်းရင်းဆေး ကုထုံးစနစ်တွေနဲ့ တိုင်းရင်းဆေးဝါးတွေရဲ. အစွမ်းထက်မြက်မှုတွေ အတွက် သုတေသနတွေ ဆောင်ရွက်ကြဖို့ပဲဖြစ်ပါ တယ်။ သုတေသန ဆောင်ရွက်ရန်ဆိုတာနဲ့ ဓာတ်ခွဲခန်းတွေရှိမှ ဖြစ်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး၊ သုတေသနပြုတယ်ဆိုတာ အထောက်အထားခိုင်လုံ အောင်ပြဖို့ဖြစ်ပါတယ်။ တိုင်းရင်းဆေး ဆရာတွေအနေနဲ့၊ ကိုယ့်ကုထုံး စနစ်ကို မှတ်တမ်းမှတ်ရာထားကြဖို့ ဖြစ်ပါတယ်။ ကုထုံးစနစ်ရဲ. အားသာချက်၊ အားနည်းချက်တွေကို ရိုးသားစွာ မှတ်တမ်းပြုဖို့လို အပ်ပါတယ်။ အဲ့ဒီ မှတ်တမ်း မှတ်ရာတွေကို စနစ်တကျပြုစုပြီး၊ သက်သေအထောက် အထားတွေနဲ့ တင်ပြနိုင်ရင်၊ ဒါသုတေသန ပြုတာပဲ ဖြစ်ပါတယ်။ အလားတူပဲ တိုင်းရင်းဆေးဝါးတွေနဲ့ လူနာတွေကို ကုသတဲ့အခါ၊ သက်သာခြင်း၊ ပျောက်ကင်းြခင်း၊ ထူးခြားမှု ရှိခြင်း၊ မရှိခြင်းတွေကို ရိုးသားစွာ၊ မှတ်တမ်းတင်ထားကြရင််၊ ဒါလဲ သုတေသနပြုတာပဲ ဖြစ်ပါတယ်။ ဒါတွေဟာ တိုင်းရင်းဆေးဆရာတွေ ကိုယ်တိုင်မှတ်တမ်းမှတ်ရာ စနစ်တကျပြုစုပြီး၊ ဖော်ထုတ်တင်ပြ နိုင်တာဖြစ်ပါတယ်။ တစ်ဘက်မှာ သိပ္ပံသုတေသီပညာရှင်များ အနေနဲ့၊ သဘာဝတိုင်းရင်း ဆေးဝါးတွေရဲ.၊ အန္တရာယ်ကင်းရှင်းမှု၊ အရည်အသွေး အဆင့်အတန်းနဲ့ အာနိသင် ရှိမှု/မရှိမှု တွေကို သုတေသနပြုလုပ်ကြစေချင်ပါတယ်။ ဒီထက် တစ်ဆင့်တက်ပြီး ဆေးဝါးဗေဒ၊ သစ်တော၊ စိုက်ပျိုးရေး၊ ဆေးပညာစတဲ့ နှီးနွယ် ဘာသာရပ် အသီးသီးက ပညာရှင်တွေနဲ့ ပူးပေါင်းပြီး သိပ္ပံနည်းကျ သုတေသနလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ ကြိုးစား သွားရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို တိုင်းရင်းဆေးသုတေသန ရလာဒ်များဟာ၊ တိုင်းရင်းဆေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ကြီးမားတဲ့ အထောက်အပံ့တွေ ြဖစ်ပါတယ်။

         

တစ်ချိန်တည်းမှာ အားပေးတိုက်တွန်းချင်တာကတော့ မြန်မာနိုင်ငံရဲ. ရေမြေတော တောင်အတွင်းမှာ ပေါက်ရောက်နေတဲ့ အစွမ်းထက် ဆေးပင်များကို ဖော်ထုတ်ထိန်းသိမ်းဖို့နဲ့ အဲ့ဒီထက် တစ်ဆင့်တက်ပြီး မျိုးပွားဖို့၊ စိုက်ပျိုးထုတ်လုပ် အသုံးချနိုင်ဖို့ ဆောင်ရွက်သွားကြရမှာဖြစ် ပါတယ်။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့နိုင်ငံမှာ သာမက အခြားနိုင်ငံများ မှာပါ၊ သဘာဝသစ်ဥ၊ သစ်ဖု တွေကနေ အဆင့်မြင့်တဲ့၊ ထိရောက်တဲ့ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးတွေ ပေါ်ပေါက်လာတာတွေ တွေ့ရပါတယ်။ ဆေးဘက်ဝင်အပင်တွေကနေ extract လို့ ခေါ်တဲ့ အဆီအနှစ်တွေကို ထုတ်လုပ်ကြပြီး၊ အဆင့်မြင့်တဲ့ဆေးဝါးပုံစံတွေကို ထုတ်လုပ်လာတာတွေ့ရ ပါတယ်။ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများကိုလည်း၊ Good Manufacturing Practice လို့ခေါ်တဲ့၊ GMP နည်းစဥ်နဲ့ အဆင်မြင့်အောင် ပြောင်းလဲထုတ်လုပ်နိုင်ရေးအတွက်၊ ကြိုးစားဆောင်ရွက် ကြပါလို့ တိုက်တွန်း ချင်ပါတယ်။

         

ကျွန်တော်အနေနဲ့ နိဂုံးချုပ်မှာကြားချင်တာကတော့၊ ကျွန်တော််တို့ မြန်မာ့ တိုင်းရင်းဆေး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖွယ်ရာများ များပြားလှပါတယ်။ တိုင်းရင်းဆေးဆရာများ စည်းလုံးညီညွတ်ဖို့၊ တိုင်းရင်းဆေးပညာရပ်ကို၊ မိမိတို့ကိုယ်တိုင် ကျွမ်းကျွမ်းကျင်ကျင် နားလည် တက်မြောက်အောင် ဆေးကျမ်းတွေကို နှံ့နှံ့စပ်စပ်လေ့လာကြပြီး လက်ဆင့်ကမ်းအမွေပေးကြဖို့၊ မိမိတို့ရဲ. မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်း လာခဲ့တဲ့ မိရိုးဖလာ တိုင်းရင်းဆေးပာနဲ့ ဒေသအသီးသီးရဲ. ဆေးဘက်ဝင်အပင်များနဲ့ ကုထုံးများကို ဖော်ထုတ် မှတ်တမ်းတင် ထိန်းသိမ်းကြဖို့၊ တိုင်းရင်းဆေးဝါးတေွ အဆင့်မီ၊ ထုတ်လုပ်နိုင်ကြပြီး၊ ပိုမိုအဆင့်မြင့်တဲ့ တိုင်းရင်းဆေးကုထုံးတွေနဲ့ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်နိုင်ဖို့အတွက် -

- ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန

- တိုင်းရင်းဆေးကောင်စ

- မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း

- တိုင်းရင်းဆေးဝါးထုတ်လုပ်သူလုပ်ငန်းရှင်များနဲ့ တိုင်းရင်းဆေးသမားတော်အပေါင်းဟာ သူ့အကျိုး၊ ကိုယ့်အကျိုး မျှတစွာ ဆောင်ရွက်ဖို့ ဦးတည်ပြီး၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ကြပါလို့ အားပေးတိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း