နေပြည်တော်၊ ဇန်နဝါရီလ (၂၄) ရက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် M Gallery Hotel နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ဘင်္ဂလား ပင်လယ်အော်စီးပွားရေးနှင့် နည်းပညာဆိုင်ရာဘက်စုံပူးပေါင်းဆောင်ရွက်ရေး (ဘင်းမ်စတက်) အဖွဲ့အစည်းဝင်နိုင်ငံများ၏ တိုင်းရင်းဆေးပညာဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအဖွဲ့များ အစည်းအဝေး (the second meeting of BIMSTEC Task Force on Traditional Medicine) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် -
• ယခုကဲ့သို့ ဘင်းမ်စတက်နိုင်ငံများ၏ တိုင်းရင်းဆေးပညာအဖွဲ့များ အစည်းအဝေး ကျင်းပခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ တိုင်းရင်းဆေးပညာပိုမို တိုးတက်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်း ချက်များအတွက် များစွာအထောက်အပံ့ ဖြစ်စေနိုင်မည်ဖြစ်ပါကြောင်း၊
• အဖွဲ့ဝင်နိုင်ငံ အချင်းချင်း တိုင်းရင်းဆေးပညာရပ်နယ်ပယ်တွင် ကောင်းမွန်သော အတွေ့ အကြုံများဝေမျှနိုင်မည့် အခွင့်အရေးကြီးဖြစ်သဖြင့် ပါဝင်တက်ရောက်သူများအနေဖြင့် အထူးအကျိုးရှိစွာ အသုံးချရန်အရေးကြီးပါကြောင်း၊
• တိုင်းရင်းဆေးပညာရပ်သည် လျင်မြန်စွာဆက်လက်ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ပညာရပ်နယ်ပယ်ဆိုင်ရာဆန်းသစ်ရှာဖွေမှုများ ယခုထက်ပိုမို ပြုလုပ်နိုင်ရန်အတွက် ရှေးရိုးစွဲမှ ဖောက်ထွက် သော အတွေးအမြင်၊ အကြံဉာဏ်များဖြင့် သိပ္ပံနည်းကျ စနစ်တကျဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊
• ယခုအစည်းအဝေးတွင် တိုင်းရင်းဆေးမျိုးရင်း ကာကွယ်မှုနှင့် မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ ဘင်းမ်စတက်နိုင်ငံများအတွင်း တိုင်းရင်းဆေးဝါးဖော်စပ်ထုတ်လုပ်မှုဆိုင်ရာ ကိစ္စရပ်များကို သဟဇာတ ဖြစ်စေရေး လုပ်ငန်းများစသည့် အကြောင်းအရာများကို အလေးထား ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရှိရသဖြင့် ကောင်းမွန်ပါကြောင်း၊
• မြန်မာနိုင်ငံတွင် တိုင်းရင်းဆေးပညာသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းပင်ရှိခဲ့ပြီး လွန်စွာ အကျိုးရှိထိရောက်သော တိုင်းရင်းဆေးဝါးများရှိသော်လည်း မူပိုင်ခွင့်ရယူမှုနည်းပါး လျက်ရှိ ပါကြောင်း၊
• ဘင်းမ်စတက်နိုင်ငံများအတွင်း တိုင်းရင်းဆေးဝါးဖော်စပ်ထုတ်လုပ်မှုဆိုင်ရာ ကိစ္စရပ်များတူညီစွာအောင်မြင်မှုရရှိစေရန်အတွက် လမ်းပြမြေပုံနှင့် မူဘောင်များချမှတ်ဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊
• မြန်မာနိုင်ငံတိုင်းရင်းကောင်စီ ဥပဒေကိုလည်း ယနေ့လွှတ်တော်မှ အတည်ပြုတော့မည်ဖြစ်၍ တိုင်းရင်းဆေးလောကအနေဖြင့် အားကိုးအားထားပြုရမည့် ဥပဒေတစ်ရပ်ဖြစ်လာမည် ဖြစ်ပါကြောင်း၊
• ယခုအစည်းအဝေးတက်ရောက်လာကြသော ပညာရှင်များအချင်းချင်း၊ အဖွဲ့အစည်းများအချင်းချင်း ကွန်ရက်သဖွယ်ချိတ်ဆက်၍လုပ်ငန်းများ ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်း၊
• အထူးသဖြင့် ပညာရပ်ဆိုင်ရာ ပိုမိုဖွံ့ဖြိုးတိုးတက်မှုများအတွက် အရေးကြီးသည့်သုတေသန ရလဒ်များကို အဖွဲ့ဝင်နိုင်ငံများ အချင်းချင်းဝေမျှခြင်း၊ သုတေသနလုပ်ငန်းများ လက်တွဲပူးပေါင်း ဆောင်ရွက် ခြင်း တို့ကိုလုပ်ဆောင်သွားစေလိုပါကြောင်း၊
• တိုင်းရင်းဆေးပညာဆိုင်ရာ သုတေသန မှတ်ပုံတင်ခြင်းစနစ်ပြုလုပ်ခြင်းနှင့် သုတေသန သတင်းအချက်အလက်စနစ်တို့ကို မွမ်းမံပြင်ဆင်ခြင်းများပြုလုပ်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများမှ တိုင်းရင်းဆေး ပညာရှင်များအနေဖြင့် နိုင်ငံတစ်ခုမှ ပြုလုပ်ထားသော သုတေသနရလဒ်များကို အခြားနိုင်ငံမှ ပညာရှင်များကလည်း သိရှိနိုင်မည်ဖြစ်ပါကြောင်း၊
• ထို့အပြင် တိုင်းရင်းဆေးပညာ သုတေသန သတင်းအချက်အလက်စနစ်သည် ပညာရပ် ဘွဲ့ကြို၊ ဘွဲ့လွန်မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းသားများ၊ ပညာရပ် လေ့လာလိုက်စားသူများအတွက် အထူး အကျိုးရှိစေမည်ဖြစ်ပါကြောင်း၊
• မြန်မာနိုင်ငံတွင် တိုင်းရင်းဆေးပညာတက္ကသိုလ်၌လည်း သုတေသနဌာနခွဲတစ်ခုကို သီးသန့်ထားရှိကာ ဆေးသုတေသနဦးစီးဌာန၏ ပူးပေါင်း ပံ့ပိုးမှုဖြင့် တိုင်းရင်းဆေးပညာ ကုသမှု၊ တိုင်းရင်းဆေးပင်များ၊ တိုင်းရင်းဆေးဝါးများကို ပြည်သူများအသုံးပြုမှု၊ တိုင်းရင်းဆေးဝါးများ၏ အကျိုးထိရောက်မှုနှင့် သုံးစွဲရာတွင်ကာလတို၊ ကာလလတ်နှင့် ရေရှည်ကာလတွင် ဘေးအန္တရာယ် ကင်းရှင်းမှု စသည်တို့အား သုတေသနများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊
• အလားတူပင် မြန်မာနိုင်ငံ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားရှိပြီး အဆိုပါအဖွဲ့၏ အကြံဉာဏ်များကို ရယူဆောင်ရွက်လျက်ရှိပါကြောင်း၊
• တိုင်းရင်းဆေးပညာရပ် ပိုမိုတိုးတက်ဖွံ့ဖြိုးရေးဆောင်ရွက်ရာ၌ ဝန်ကြီးဌာနများ၊ နှီးနွယ်ဌာနများ၊ ဆေးဝါး၊ ဓါတ်ခွဲ၊ သုတေသန၊ ပြည်သူ့ကျန်းမာ၊ ဆေးပညာကျင့်ဝတ်၊ စိုက်ပျိုးမွေးမြူရေး၊ ရုက္ခဗေဒ၊ ဇီဝဓာတု၊ ဇီဝကမ္မ စသည့် ပညာရပ်ကဏ္ဍနယ်ပယ်အသီးသီးမှ ပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှုသည်လည်း အရေးကြီးပါကြောင်း၊
• တိုင်းရင်းဆေးပညာရပ်ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆေးဝါးထုတ်ကုန်များ ပိုမိုတိုးတက် ကောင်းမွန်စေရေးတို့အတွက် ပုဂ္ဂလိကကဏ္ဍနှင့် ယခုထက်ပိုမိုလက်တွဲပူးပေါင်း ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊
• ဘင်းမ်စကတ်နိုင်ငံများ၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအစည်းအဝေးတစ်ကြိမ်နှင့်တစ်ကြိမ် အကြားတွင်လည်း နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့် ညီလာခံများ၊ နှီးနှောဖလှယ်ပွဲများ၊ အသိပေး ဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်၍ ပညာရပ်ဆိုင်ရာများနှင့် တိုင်းရင်းဆေးပညာ ဆိုင်ရာတိုးတက်မှု၊ သုတေသနရလဒ်များကို ဖလှယ်ကြရမည်ဖြစ်ပါကြောင်း၊
• ယခုအစည်းအဝေးတွင် အသုံးပြုရန်အတွက် အရည်အသွေးပြည့်ဝသော နောက်ခံစာအုပ် စာတမ်းများ ပြုစုထားရှိမှုကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းဆေးပညာရပ်နယ်ပယ်ကြီး တစ်ခုလုံးပိုမိုဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
• ယခုအစည်းအဝေးကြီး၏ ရည်မှန်းချက်များအောင်မြင်ပြည့်ဝပြီး တိုင်းရင်းဆေးပညာပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် အကြံပြုချက်များပေးအပ်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်အပ် ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ Director, BIMSTEC Secretariat ဖြစ်သူ Mr. Kunzang N. Tshering က အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါ အစည်းအဝေးကို ဇန်နဝါရီလ (၂၄) ရက်နေ့မှ (၂၅) ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီး ဘင်းမ်စတက် (Bay of Bengal Initiative for Multi-sectoral Technical and Economic Cooperation -BIMSTEC) အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ တိုင်းရင်းဆေးပညာရှင်ကိုယ်စားလှယ်များ စုစုပေါင်း (၄၀)ဦး တက်ရောက်ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းရင်းဆေး ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ တိုင်းရင်းဆေးပညာရှင်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၇၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။