ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် ပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးကို အပြည့်အဝစောင့်ရှောက်မှုပေးနိုင်ရေး ဦးတည်လျက် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတို့၌ တိုင်းရင်းဆေးပေးခန်း၊ ဆေးရုံများကို တိုးချဲ့ဖွင့်လှစ် ပေးနေပြီဖြစ်သလို မြန်မာ့တိုင်းရင်းဆေးလောကကြီးတစ်ခုလုံး ပိုမိုဖွံ့ဖြိုး တိုးတက်လာရေး အတွက် ဆောင်ရွက်နေမှုများအား ပြည်သူအများ သိရှိနိုင်ရန် ပဲခူးမြို့ ခုတင် (၅၀)ဆံ့ ဆေးရုံသစ် ဖွင့်ပွဲတွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး (ကုသရေး)တို့အား ၂၀၁၈ ခုနှစ် မတ်လ ၆ ရက်နေ့ပါ ကြေမုံသတင်းစာပါ တွေ့ဆုံစဉ် မေးမြန်း ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
ဦးကျော်သိန်းဌေး(ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန)
တိုင်းရင်းဆေးနဲ့ပတ်သက်ပြီးတော့ တိုင်းရင်းဆေးဆရာရယ်၊ တိုင်းရင်းဆေးဝါးရယ်၊ တိုင်းရင်းဆေးပညာရယ်ဆိုပြီးတော့ အဓိက အကြောင်းအရာကြီးတွေရှိပါတယ်။ တိုင်းရင်းဆေး ပညာနဲ့ ပတ်သက်ပြီးတော့ ပညာသင်ကြားပေးတဲ့ ပညာရပ်တွေအနေနဲ့ တိုင်းရင်းဆေး တက္ကသိုလ်ရှိပါတယ်။ တိုင်းရင်းဆေးတက္ကသိုလ်က တိုင်းရင်းဆေးပညာရှင်တွေကို သင်ကြား မွေးထုတ်ပေးခဲ့ပါတယ်။ မကြာခင်က (၁၂)ကြိမ်မြောက်တိုင်းရင်းဆေးဘွဲ့နှင်းသဘင် ကျင်းပ ပြီးတဲ့အခါမှာ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့(B.M,T.M)ရတဲ့သူ (၁၅၀၅)ဦးနဲ့ မြန်မာ့ တိုင်းရင်းဆေးမဟာဘွဲ့ (MMTM) (၅၁)ဦးကို မွေးထုတ်ခဲ့ပြီး ဖြစ်ပါတယ်။ တိုင်းရင်းဆေး တက္ကသိုလ်က အမှန်တကယ် တိုင်းရင်းဆေးတတ်ကျွမ်းတဲ့သူတွေကို လေ့ကျင့်သင်ကြား မွေးထုတ်တဲ့ အခါမှာ တိုင်းရင်းဆေးပညာ တိုးတက်နေတဲ့နိုင်ငံက ဆေးပညာရပ်တွေကို ဆက်စပ်သင်ကြားလေ့ကျင့်ပေးရင်းနဲ့ တိုင်းရင်းဆေးဆိုင်ရာ သုတေသနတွေကို အရှိန်အဟုန် မြှင့်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လာမယ့် မတ်လ (၂၁)ရက်မှာဆိုရင်လည်း ပုံမှန် ဆောင်ရွက်နေတဲ့ တိုင်းရင်းဆေးပညာသုတေသနစာတမ်းဖတ်ပွဲကိုလည်း ကျင်းပသွားဖို့ ရှိပါတယ်။ (၈)ကြိမ်မြောက် တိုင်းရင်းဆေးပညာသုတေသနစာတမ်းဖတ်ပွဲကို တိုင်းရင်းဆေး တက္ကသိုလ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီစာတမ်းဖတ်ပွဲမှာ တိုင်းရင်းဆေးပညာရှင်တွေ သာမကဘဲ အနောက်တိုင်းက ဆေးပညာရှင်တွေ၊ ရုက္ခဗေဒ၊ ဓာတုဗေဒ သိပ္ပံပညာရှင်တွေ၊ ဆေးသုတေသနပညာရှင်တွေ၊ ဝိဇ္ဇာသိပ္ပံပညာရှင်တွေရဲ့ စာတမ်းတွေကို ပိုစတာတွေနဲ့အတူ သုတေသနစာတမ်းဖတ်ပွဲကို ခမ်းခမ်းနားနားကျင်းပသွားဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ တိုင်းရင်းဆေးပညာအနေနဲ့ လေ့ကျင့်ပြီးတော့ ဆောင်ရွက်နေသလို တိုင်းရင်းဆေးဝါး ထုတ်လုပ်မှု ကျင့်စဉ်ကောင်းတွေ GMP အညီ အဖြစ်နိုင်ဆုံး၊ အတတ်နိုင်ဆုံး၊ အကိုက်ညီဆုံး အဆင်ပြေဆုံးဖြစ်အောင်လည်း တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထုတ်ပေးတာတွေ၊ ဆေးဝါးလိုင်စင် ထုတ်ပေးတာတွေကို ဆောင်ရွက်နေပါတယ်။ အခုခေတ်ကာလနဲ့အညီ ဆောင်ရွက်တဲ့နေရာမှာ မှန်မှန်ကန်ကန် စနစ်တကျနဲ့ဖြစ်အောင် လုပ်ငန်းမှာလည်း ကြန့်ကြာမှုမရှိအောင် ကျွန်တော်တို့ အားလုံး ညှိနှိုင်းတိုင်ပင်ပြီးတော့ ဆောင်ရွက်ဖို့လည်း စီမံဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ဆေးဝါးတွေနဲ့ပတ်သက်ပြီး အတုတွေ၊ မမှန်မကန်တာတွေ၊ တိုင်းရင်းဆေးရဲ့ဂုဏ်သိက္ခာကို ထိခိုက်မယ့်အရာတွေကိုလည်း မဖြစ်လာအောင် ကြိုတင်ပြီး တားဆီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းဆေးဝါးနဲ့ ပတ်သက်ပြီး အများက လက်ခံနိုင်တဲ့၊ အများက ယုံကြည်တဲ့ တိုင်းရင်းဆေးဝါးဖြစ်အောင် ဆောင်ရွက်သွားဖို့ စီစဉ်လျက်ရှိပါတယ်။ တိုင်းရင်းဆေးဆရာနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းဆေးပညာမှာ တိုင်းရင်းအလွှာတွေက မျိုးစုံရှိပါတယ်။ တိုင်းရင်းဆေးစာမေးပွဲတွေကို ဖြေပြီးတော့ ဆောင်ရွက်တဲ့ ဆေးဆရာတွေရှိပါတယ်။ တိုင်းရင်းဆေးမျိုးရိုးစဉ်ဆက်ကနေ တိုင်းရင်းဆေးဆရာတစ်နှစ်သင်တန်းကို တက်ရောက်ခဲ့တဲ့ ဆရာတွေရှိပါတယ်။ တိုင်းရင်းဆေးသိပ္ပံကိုတက်ခဲ့တဲ့ ဆရာတွေရှိပါတယ်။ တိုင်းရင်းဆေး တက္ကသိုလ်က ဘွဲ့ရတဲ့ဆရာတွေရှိပါတယ်။ တိုင်းရင်းဆေးဆရာအလွှာလေးမျိုးလောက်ရှိတဲ့ အတွက် ဒီဆရာတွေရဲ့ တိုင်းရင်းဆေးဆရာ မှတ်ပုံတင်လက်မှတ်(တဆ)တွေကိုလည်း အတု တွေ ကင်းစင်အောင် ယခုအခါမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာတာမြင့်ထွေးရဲ့ တိုင်းရင်းဆေးကောင်စီမှာ ညွှန်ကြားချက်အရ အလျင် မြန်ဆုံး ဆောင်ရွက်နေပြီဖြစ်ပါတယ်။ တိုင်းရင်းဆေးတက္ကသိုလ်မှာ မနက်ခင်း ဘွဲ့ပေးပြီးတာနဲ့ တစ်ပြိုင်နက်တည်း ညနေပိုင်းမှာ တိုင်းရင်းဆေးကောင်စီကနေပြီးတော့ တိုင်းရင်းဆေးဆရာ အသိအမှတ်ပြုလက်မှတ်(တဆ)ကို အခမ်းအနားနဲ့ စနစ်တကျပေးအပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုပေးအပ်ခဲ့တဲ့အတွက်ကြောင့် ဘွဲ့ရတဲ့လူတွေပါလာပြီ။ ရှေးတုန်းက တဆအတုပေါ်ပြီး ဆောင်ရွက်တဲ့ဟာတွေလည်း စနစ်တကျစိစစ်ပြီးတော့ ခေတ်မီစမတ်ကတ် အဆင့်ရောက်အောင် ကြိုးစားနေပြီ ဖြစ်ပါတယ်။ တဆတွေအတွက်ကို အဆင့်ဆင့်ထောက်ခံချက်တွေယူရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီက ထောက်ခံချက်တွေ ယူရတယ်။ ရုံးလုပ်ငန်းတွေနဲ့ အဆင့်ဆင့် လုပ်ဆောင်ရတဲ့ အချိန်ကြန့်ကြာမှုကို ဖြေရှင်းနိုင်ဖို့အတွက် အခုအခါမှာ တိုင်းရင်းဆေးကောင်စီ အတွင်းရေးမှူးအနေနဲ့ ညွှန်ကြားရေးမှူး(ကုသရေး)ကိုယ်တိုင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အခုကာလဟာလည်း တဆ တိုင်းရင်းဆေးလက်မှတ်တွေ ထုတ်ပေးနေတဲ့ကာလဖြစ်တဲ့အတွက် မှန်မှန်မြန်မြန်ဖြစ်ဖို့အတွက် ကြိုးစားဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း တိုင်းရင်းဆေးပညာရပ်ပိုင်းဆိုင်ရာ ခိုင်မာပြီးတော့ ဆေးဝါးနဲ့ပတ်သက်ပြီး အကောင်းဆုံး စီစဉ်ဆောင်ရွက်မယ်။ ဆေးဆရာများနဲ့ ပတ်သက်ပြီးတော့လည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးဆရာတွေအတွက် မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့ ယခုအခါမှာ တိုင်းရင်းဆေးကာင်စီဥပဒေကို ပြင်ဆင်ဖြည့်စွက်ရေးဆွဲလျက် ရှိပါတယ်။ တိုင်းရင်းဆေး ကောင်စီဥပဒေဟာ ၂၀၀၀ ပြည့်နှစ်က ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့ ယခု ၁၈ နှစ်အကြာ ခေတ်နဲ့အညီ ပြင်ဆင်နိုင်ဖို့လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းဆေးကောင်စီဥပဒေကိုလည်း ပြည်သူ့လွှတ်တော်က ပြည်သူတွေကို ထုတ်ပြန်ခဲ့ပြီးဖြစ်တာနဲ့အညီ နောက်ဆုံးအဆင့်အထိ ပြည်သူ့လွှတ်တော်ရဲ့ ကော်မတီအဆင့်ဆင့်ကို ဖြတ်သန်းပြီးတော့ အတည်ပြု ထုတ်ပြန် နိုင်ဖို့အတွက် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီလို တိုင်းရင်းဆေးကောင်စီ ဥပဒေပေါ်ပေါက် လာတာနဲ့ တစ်ပြိုင်တည်း တိုင်းရင်းဆေးဆရာတွေရဲ့ အနေအထားမှာ မှန်မှန်ကန်ကန်နဲ့ ဆေးဆရာအစ စ်အမှန်တွေကို ပိုမိုစိစစ်ဆောင်ရွက်သွားနိုင်မယ်၊ အများယုံကြည်မှုကိုလည်း တဆရရှိတဲ့ တိုင်းရင်းဆေးဆရာအစစ်တစ်ဦး ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်တော့မှာ ဖြစ်ပါတယ်။
ဦးမြင့်ဦး(တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ကုသရေး)
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကုသရေး)ဆိုတော့ ဆေးရုံဆေးခန်းတွေရဲ့ ဆေးခန်းတွေဖွင့်ဖို့၊ ဆေးရုံဖွင့်ဖို့ စီမံချက်ရေးပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာဖွင့်တဲ့ ပဲခူးဆေးရုံအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ခုတင် ၁၀၀ ဆံ့က (၃)ရုံ၊ ခုတင် ၅၀ ဆံ့က (၉)ရုံ၊ ၂၅ ခုတင်ဆံ့က (၇)ရုံနဲ့ ၁၆ ခုတင်ဆံ့က (၁၁)ရုံ အားလုံးစုစုပေါင်း ဆေးရုံ (၃၀) ဖွင့်ပြီးဖြစ်ပါတယ်။ မြို့နယ်တိုင်းရင်းဆေးကုဌာနတွေ ကိုလည်း တိုးချဲ့ဖွင့်လှစ်ဖို့ရှိပါတယ်။ လောလောဆယ်မြို့နယ် (၂၁၀)မှာတော့ ဆေးကုဌာနများ ဖွင့်လှစ်ပြီးဖြစ်ပါတယ်။ ခရိုင်ဦးစီးမှူးဌာနရုံးတွေလည်း ခရိုင်အလိုက် တိုးတက်ဖွင့်လှစ်သွားဖို့ အစီအစဉ်တွေရှိပါတယ်။ လောလောဆယ် ခရိုင် (၅၀)ဖွင့်လှစ်ပြီး ဖြစ်ပါတယ်။ ပဲခူးတိုင်း ဒေသကြီးမှာကိုက ဆေးရုံ(၅)ရုံဖွင့်ဖို့ ရှိပါတယ်။ အရှေ့ခြမ်းမှာ ရေတာရှည်၊ ညောင်လေးပင်၊ အနောက်ခြမ်းမှာ ကြို့ပင်ကောက်နဲ့ပေါင်းတည်တို့မှာ ဖွင့်လှစ်သွားပါမယ်။ တစ်ပြည်လုံးဆိုရင် ဆေးရုံဖွဲ့စည်းပုံကျပြီးတော့ ဆက်စပ်အဆောက်အအုံတွေ ပြင်ဆင်တာတွေပြီးရင် ဖွင့်လှစ်ဖို့ လျာထားတာ ၁၆ ခုတင်ဆံ့က (၁၂)ရုံနဲ့ ၂၅ ခုတင်ဆံ့က (၄)ရုံ အားလုံး (၁၆)ရုံ တိုးချဲ့ဖွင့်လှစ် သွားမှာ ဖြစ်ပါတယ်။ ဆောက်ပြီးတဲ့ မြို့နယ်တိုင်းရင်းဆေးကုဌာနတွေက ပြည်နယ်နဲ့တိုင်း ဒေသကြီးမှာ အားလုံး (၅)ခုရှိပါတယ်။ အဲ (၅)ခုကို ဖွဲ့စည်းပုံကျလာလို့ရှိရင်တော့ ဖွဲ့စည်းပုံ အင်အား ဆေးခန်းတွေလည်း တိုးချဲ့ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ဆေးဝါးဖြန့်ဖြူတာကတော့ လောလောဆယ်မှာ ပြည့်စုံပါတယ်။ ဆေးဆရာအင်အားအနေနဲ့ကတော့ ဆေးရုံဆေးခန်း တိုင်းမှာ ပြည့်ပြည့်စုံစုံတော့ ခန့်ထားမပေးနိုင်သေးပါဘူး။ လာမယ့် မေလလောက်မှစပြီးတော့ တိုင်းရင်းဆေးတက္ကသိုလ်ကျောင်းဆင်း(၂၂၀)ဦး ခန့်ထားဖို့ရှိပါတယ်။ တက္ကသိုလ်ကျောင်းဆင်း တွေကို ဘဏ္ဍာငွေရရှိမှုပေါ် မူတည်ပြီးတော့မှ တိုးချဲ့ခန့်သွားပါမယ်။