နေပြည်တော်၊ ဇွန်လ (၁၁) ရက်နေ့
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ဇွန်လ (၁၀) ရက်နေ့၊ နံနက်ပိုင်းတွင် အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးမြို့ရှိ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ (မန္တလေး) သို့ သွားရောက်ခဲ့ပြီး အကြော၊ အရိုး၊ အဆစ်ရောဂါကုသရေးဌာနနှင့် အနာပေါက်ရောဂါကုသရေးဌာန တို့သို့ လှည့်လည် ကြည့်ရှုခဲ့ပါသည်။
ထို့နောက် ဆေးရုံမှ ဒုတိယဆေးရုံအုပ်၊ တိုင်းရင်းဆေးသမားတော်များ၊ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ရာ၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -
• တိုင်းရင်းဆေးရုံများကို ပြည်သူများပိုမိုအားကိုးအားထားပြု၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူကြစေရန်အတွက် ကုသမှုပေးလျက်ရှိသည်များနှင့် တိုင်းရင်းဆေးပညာ၊ တိုင်းရင်းဆေးဝါးများ၊ ကျန်းမာရေးနှင့်ညီညွတ်မျှတစေရန် အတွက် ဆောင်ရန်၊ ရှောင်ရန်များနှင့် ပတ်သက်သော အခြေခံဗဟုသုတများအား ပြည်သူများ ပိုမိုသိရှိစေရေးလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊
• တိုင်းဒေသကြီး/ပြည်နယ်အဆင့်ဆေးရုံကြီးများတွင် တိုင်းရင်းဆေးပညာဌာနများ ဖွင့်လှစ်ကာ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
• တိုင်းရင်းဆေးပညာရပ်နှင့် ကုသမှုလုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးရန်အတွက် တိုင်းရင်းဆေးရုံများတွင် ကုသမှုဆိုင်ရာသုတေသနများ၊ clinical trial၊ အသုံးချသုတေသနများ ကိုလည်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
• တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် အိမ်နီးချင်းနှင့် နိုင်ငံတကာနိုင်ငံများမှ ဆောင်ရွက်နေမှုများကို လေ့လာ၍ မိမိတို့ကိုယ်ပိုင်တိုင်းရင်းဆေးပညာနှင့် နိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် သင့်တော်ကိုက်ညီသည့် လုပ်ငန်းများချမှတ် ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါနိုင်ငံများသို့ လေ့လာရေးခရီးသွားရောက်နိုင်ရန်ကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊
• တိုင်းရင်းဆေးပညာဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ တိုင်းရင်းဆေးတက္ကသိုလ် ကျင့်ဝတ်ဆိုင်ရာ ကော်မတီ၊ တိုင်းရင်းဆေးပညာ Professor Emeritus များတို့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး တိုင်းရင်းဆေးဝါးစက်ရုံ ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပေးအဖွဲ့ကိုလည်း မကြာမီဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊
• တိုင်းရင်းဆေးရုံများတွင် ရောဂါအမျိုးအစားအလိုက်ဖြစ်ပွားမှု၊ ဆေးဝါးပစ္စည်းအမျိုးအစားအလိုက် အသုံးပြုမှုစသည့် စာရင်းဇယားသတင်း အချက်အလက်စနစ်ကို စနစ်တကျထားရှိရမည်ဖြစ်ပါကြောင်း၊
• တိုင်းရင်းဆေးစက်ရုံအနေဖြင့် တိုင်းရင်းဆေးရုံများမှ ရရှိသော စာရင်းဇယားများအရ လိုအပ်သည့် ဆေးဝါးများကို ချိန်ညှိတွက်ဆထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊
• ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံများကို သင်ကြားရေးဆေးရုံများအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဆေးရုံမှ တိုင်းရင်းဆေးပညာရှင်များနှင့် တိုင်းရင်းဆေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများအတွက် အကျိုးရှိစေမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးတက္ကသိုလ်တွင် တက်ရောက်နေသည့် သင်တန်းသား/သူများအနေဖြင့်လည်း ကုသမှုလုပ်ငန်းများနှင့် ပိုမိုထိတွေ့နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဆေးရုံမှ ဒုတိယဆေးရုံအုပ်၊ တိုင်းရင်းဆေးသမားတော်များ၊ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများမှ တင်ပြလာသည် လိုအပ်ချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ချက်ချင်း ဖြည့်ဆည်းပေးနိုင်သည် များကို ချက်ချင်းဖြည့်ဆည်းပေးခဲ့ပြီး ရေရှည်ဆောင်ရွက်ရမည်များကို အဆင့်လိုက် အပိုင်းလိုက် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့် ဆောင်ရွက်ပေးခဲ့ပါသည်။