the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ မတ်လအထိ လုပ်ငန်းဆောင်ရွက်ချက်များ အကျဉ်းချုပ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏

၂၀၁၆ ခုနှစ် ဧပြီလ မှ ၂၀၁၇ မတ်လအထိ လုပ်ငန်းဆောင်ရွက်ချက်များ အကျဉ်းချုပ်

 

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂ ရက်

 

တိုင်းရင်းဆေးပညာဦးစီးဌာနသည် နိုင်ငံတော်မှချမှတ်ထားသည့် ကျန်းမာရေးမူဝါဒများနှင့် အညီ ပြည်သူလူထု၏ကျန်းမာရေးအဆင့်မြင့်မားစေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်မှုခံယူ၍ ကဏ္ဍပေါင်းစုံတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြန်မာ့တိုင်းရင်းဆေးပညာ အဆင့်အတန်း မြင့်မားလာစေရန်၊ အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များမွေးထုတ်ပေးရန်နှင့်အရည်အသွေးမြင့်မားသော မြန်မာ့တိုင်းရင်းဆေးများ ပေါ်ထွက်လာစေရေးတို့အတွက် မျှော်မှန်းချက်ထားကာ ပြည်သူ လူထုကျန်းမာရေးကို တိုင်းရင်းဆေးဖြင့်စောင့်ရှောက်မှုပေးခြင်း၊ တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်ပေးခြင်း၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ခြင်းနှင့် ပရဆေးဥယျာဉ်များ ထိန်းသိမ်းစောင့် ရှောက်ခြင်း၊ တိုင်းရင်းဆေးသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
    

တိုင်းရင်းဆေးပညာဦးစီးဌာန၏ဖွဲ့စည်းထားရှိမှုနှင့် ဝန်ထမ်းခန့်ထားမှုအခြေအနေ

 

တိုင်းရင်းဆေးပညာဦးစီးဌာနတွင် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာ၌ စီမံခန့်ခွဲရေးဌာနခွဲ၊ ကုသရေးဌာနခွဲ၊ ဆေးဝါးနှင့်ပရဆေးဥယျာဉ်ဌာနခွဲ၊ သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနခွဲ၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၊ ပြည်နယ်၊တိုင်းဒေသကြီးနှင့် ခရိုင်တိုင်းရင်းဆေးပညာဦးစီး ဌာနမှူးရုံးများ၊ (၁၀၀)ခုတင်ဆံ့တိုင်းရင်းဆေးရုံ (၃)ရုံ၊ (၅၀)ခုတင်ဆံ့တိုင်းရင်းဆေးရုံ (၉)ရုံ၊  (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ (၆)ရုံ၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ (၈)ရုံနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာန (၂၁၀)ခုတို့ပါဝင်ဖွဲ့စည်းထားပြီး တိုင်းရင်းဆေးပညာရှင် (၁၁၄၄)ဦး၊ သူနာပြု (၈၄)ဦး၊ ဆရာဝန် (၂၃)ဦးအပါအဝင် စုစုပေါင်းဝန်ထမ်းအင်အား (၂၁၀၇)ဦးဖြင့် လုပ်ငန်း တာဝန် အသီးသီး ဆောင်ရွက်လျက်ရှိပါသည်။

 

ဖွဲ့စည်းပုံဆိုင်ရာဆောင်ရွက်ချက်များ

● (၂၀၁၆)ခုနှစ် ဇန်နဝါရီလတွင် ပြည်နယ်/တိုင်းဒေသကြီးဦးစီးဌာနမှူးများ၏ ရာထူး ဖွဲ့စည်းပုံကို လက်ထောက်ညွှန်ကြားရေးမှူးအဆင့်မှ ဒုတိယညွှန်ကြားရေးမှူးအဆင့်သို့ တိုးမြှင့်ပေး နိုင်ခဲ့ပါသည်။ ခရိုင်မှူးများ၏ ဖွဲ့စည်းပုံကိုလည်း ဦးစီးအရာရှိအဆင့်မှ လက်ထောက်ညွှန်ကြား ရေးမှူးအဆင့်သို့ တိုးမြှင့်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးမှူး များ၏ ဖွဲ့စည်းပုံအား ဒုတိယတိုင်းရင်းဆေးမှူးအဆင့်မှ ဦးစီးအရာရှိအဆင့်သို့ တိုးမြှင့်ပေးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
● ဘောလခဲမြို့၊ ကလေးမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ကျိုင်းတုံမြို့တို့တွင် (၂၅)ခုတင်ဆံ့၊ တိုင်းရင်းဆေးရုံတို့၏ ဖွဲ့စည်းပုံကိုလည်းကောင်း၊ မန်စီ၊ ရေးဦး၊ ကန့်ဘလူ၊ ထီးချိုင့်၊ ထားဝယ်၊ ညောင်လေးပင်၊ ပေါင်းတည်၊ ပျော်ဘွယ်၊ မိုးကုတ်၊ ကျောက်တော်၊ ကျေးသီးမြို့များတွင် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ
(၁၁)ရုံတို့အတွက် ဖွဲ့စည်းပုံခွင့်ပြုချက်ကိုလည်းကောင်း ရရှိပြီးဖြစ်၍ ဖွင့်လှစ်နိုင်ရန်လိုအပ်သည်များ ဆောင်ရွက်လျက်ရှိပါသည်။ မြို့နယ်တိုင်းရင်းဆေးကုဌာန(၅)ခုအတွက် ဖွဲ့စည်းပုံရရှိရေးကို ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။
ကုသရေးဌာနခွဲ၏ ဆောင်ရွက်ချက်များ
● (၂၀၁၇)ခုနှစ် ဇူလိုင်လအတွင်းရမည်းသင်းနှင့်ကျောက်ဆည် (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံ (၂)ရုံ၊ ပေါက်နှင့်ရေနံချောင်း (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ(၂)ရုံ စုစုပေါင်းဆေးရုံ(၄)ရုံကို  ဖွင့်လှစ် ပေးနိုင်ခဲ့ပါသည်။  
● (၁-၄-၂၀၁၆)ရက်နေ့မှ (၃၁-၃-၂၀၁၇)ရက်နေ့အထိ ဆေးရုံများတွင် ပြင်ပလူနာ (၂၃၀,၉၂၅)ဦး၊ အတွင်းလူနာ (၁၄,၃၀၈)ဦး၊ ကွင်းဆင်းကုသပေးသည့်လူနာ (၄၇,၄၇၉)ဦးနှင့် မြို့နယ်တိုင်းရင်း ဆေးကုဌာနများတွင် (၅၇၈,၁၃၉)ဦး၊ ကွင်းဆင်းကုသပေးသည့်လူနာ (၃၃၆,၉၈၂)ဦး၊ စုစုပေါင်းလူနာ (၁,၂၀၇,၈၃၃)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ပါသည်။ အဆစ်ရောင် ရောဂါ၊ ဒူးနာ၊ဇက်နာ၊ခါးနာ၊ အရိုးအဆစ်ရောဂါ၊ အကြောတက်ကိုက်ခဲရောဂါ၊ ချောင်းဆိုး၊ ထုံနာကျင်နာ၊ အစာမကြေရောဂါ၊ သွေးတိုးရောဂါ၊ ထိခိုက်ဒဏ်နာ၊ လေထိုးလေအောင့်ခြင်း၊ ဝဲယားနာ၊ အရိုး ကျီးပေါင်း အစရှိသည်တို့သည် တိုင်းရင်းဆေးရုံများတွင် အများဆုံးကုသပေးရသောရောဂါများ ဖြစ်ပါသည်။
● ဆေးရုံစီမံခန့်ခွဲရေးကိစ္စရပ်များ တိုးတက်ဆောင်ရွက်ခြင်း၊ ဆေးရုံ/ဆေးခန်းများ၏ လူနာ မှတ်တမ်းစာအုပ်များကို စနစ်တကျပြုစုဆောင်ရွက်ခြင်း၊ လချုပ်စာရင်းများကို တိကျမှန်ကန်၍  တစ်ပြေးညီဖြစ်အောင် ဆောင်ရွက်ခြင်း၊ဆေးရုံများ၌ လိုအပ်သောဆေးရုံသုံးပစ္စည်းများနှင့် ပေါင်းချွေးအိမ်၊ ကြပ်ထုတ်အိုး၊ အနာဆေးထည့်ရန်ပစ္စည်းများနှင့် ပိုးသတ်ရန်အတွက် လိုအပ်သော Autoclave အစရှိသည့်လုပ်ငန်းသုံးပစ္စည်းများကိုဖြည့်ဆည်းပေးခြင်းတို့  ဆောင်ရွက်ပေးလျက် ရှိပါသည်။
● တိုင်းရင်းဆေးရုံများနှင့် ဆေးကုဌာနများတွင် ရောဂါအမည်တပ်ခြင်းများကို International Classification of Diseases (ICD) 10 (modified) စံနစ်အရ ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်သူ ပညာရှင်များဖြင့် စုစည်းသတ်မှတ်နိုင်ခဲ့ပါသည်။ စုစုပေါင်းရောဂါ(၁၅၁)မျိုး သတ်မှတ်ခဲ့ပြီး ဆေးရုံ၊ ဆေးကုဌာနများ၏ လချုပ်များနှင့်ကွင်းဆင်းကုသခြင်းများတွင် ရောဂါအမည်တပ်ခြင်းများကို တူညီစွာစနစ်တကျ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးဆိုင်ရာအချက်အလက်များ ပုံနှိပ်ထုတ်ဝေမှုများတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၏ လုပ်ဆောင်ချက်များကို ထည့်သွင်းဖော်ပြနိုင်မည် ဖြစ်ပါသည်။
● ရေကြီးနစ်မြုပ်နိုင်သောဒေသများတွင် တိုင်းရင်းဆေးရုံ၊ ဆေးခန်းများအတွက် လိုအပ်သည့် ပြင်ဆင်မှု၊ ဖြည့်ဆည်းမှုများကို ကြိုတင်စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ မြို့နယ်တိုင်းရင်းဆေးကုဌာန များမှ သက်ဆိုင်ရာမြို့နယ်များရှိ ကျေးရွာများအထိ အနည်းဆုံး တစ်လလျှင်တစ်ကြိမ်ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး၊ ကုသခံယူသူများကိုလည်း ကျန်းမာရေးအသိပညာပေး ဟောပြောမှုများကိုပါ တစ်ပါတည်းဆောင်ရွက်ပေးလျက်ရှိပါသည်။
● ဝန်ထမ်းတိုင်းရင်းဆေးဆရာများ၏ ကုသမှုနှင့်စီမံခန့်ခွဲမှုအရည်အသွေးများ တိုးတက်မြင့်မား လာစေရေးအတွက် မြန်မာ့တိုင်းရင်းဆေးပညာအတွေးအခေါ်အယူအဆနှင့် ကုထုံးဆိုင်ရာ အရည် အသွေးမြှင့်သင်တန်း အမှတ်စဉ်(၁/၂၀၁၆) (သင်တန်းသား-၃၁ဦး)၊ ဌာနဆိုင်ရာ ရုံးလုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်း ရက်တိုသင်တန်းအမှတ်စဉ် (၁/၂၀၁၆) (သင်တန်းသား-၉၂ဦး)၊ ဒေသနာနယဆေးပညာသင်တန်း (၁/၂၀၁၇၊ မြစ်ကြီးနား) (သင်တန်းသား-၃၁ဦး)၊ အကြောပညာ သင်တန်း (၁/၂၀၁၇၊ မန္တလေး) (သင်တန်းသား-၂၅ဦး)နှင့်  ဒေသနာသင်တန်းနှင့် အကြောပညာ သင်တန်း (၁/၂၀၁၇၊ ရန်ကုန်)(သင်တန်းသား-၂၄ဦး)တို့ကို ဖွင့်လှစ်သင်ကြား ပေးနိုင်ခဲ့ပါသည်။
● ရှေးဟောင်းမြန်မာ့တိုင်းရင်းဆေးကျမ်းများ တိမ်မြုပ်ပျောက်ကွယ်မသွားစေရေးအတွက် ရှေးဟောင်းမြန်မာ့တိုင်းရင်း ဆေးကျမ်းများဆိုင်ရာစာပေပြိုင်ပွဲကို (၄-၁၁-၂၀၁၆)ရက်နေ့မှ (၅-၁၁-၂၀၁၆) ရက်နေ့အထိ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

ဆေးဝါးနှင့်ပရဆေးဥယျာဉ်ဌာနခွဲ၏ ဆောင်ရွက်ချက်များ

● ဆေးဝါးနှင့်ပရဆေးဥယျာဉ်ဌာနခွဲသည် ဆေးရုံဆေးခန်းများတွင် လိုအပ်သောဆေးဝါးများ ထုတ်လုပ်ပေးခြင်း၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ရေးလိုင်စင်ကိစ္စရပ်များ ဆောင်ရွက် ခြင်း၊ ပရဆေးဥယျာဉ်များ တည်ထောင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။   (၂၀၁၆)ခုနှစ် ဧပြီလမှ (၂၀၁၇)ခုနှစ် မတ်လအထိ ဆေးဝါးမှတ်ပုံတင်ဌာနစိတ်မှ တိုင်းရင်းဆေးဝါး မှတ်ပုံတင်(အသစ်) (၁၂၁)ခု၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်သက်တမ်းတိုး (၁၀၇၀)ခု၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် (သက်တမ်းတိုး) (၃၂၉)ခု၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(ဖြည့်စွက်) (၅၅)ခု၊ ပရဆေးကုန်ကြမ်းထောက်ခံချက် (၂၆၁)ခု၊ Certificate of Free Sale ထောက်ခံချက် (၂)ခု၊  Post Market Survey (PMS) ကောက်ယူစစ်ဆေး၍တိုင်းရင်းဆေးဝါး (၆၃)ခုကို အများပြည်သူများ သုံးစွဲရန်မသင့်ကြောင်း သတင်းစာတွင်ကြော်ငြာခြင်းတို့ကို စိစစ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
● ဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်ထုတ်ပေးရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် တိုင်းရင်း ဆေးဝါးများကို စိတ်ချစွာဖြင့် ဝယ်ယူသုံးစွဲကြမည့် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန် ဦးစားပေးအလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ ဥပဒေဘောင်အတွင်းမှ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းများအား ကူညီစောင့်ရှောက်ပေးနိုင်ရန်လည်း တပါတည်းဆောင်ရွက်လျက် ရှိပါသည်။     
● ဦးစီးဌာနပိုင် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံများမှ ယခင်ကဌာနသုံးတိုင်းရင်း ဆေးဝါး (၂၀)မျိုးသာထုတ်လုပ်ခဲ့ရာမှ သောက်ဆေး (၃)မျိုး၊ စည်းဆေး (၂)မျိုး၊ လိမ်းဆေး (၁)မျိုး ထပ်မံ ထုတ်လုပ်ပြီး စုစုပေါင်းဆေး(၂၅)မျိုး ထုတ်လုပ်ပေးလျက်ရှိပါသည်။ သောက်သုံးရန် ခက်ခဲသော ဆေးမှုန့် (၂)မျိုးအား ဆေးပြားအဖြစ် ပြောင်းလဲထုတ်လုပ်ပေးလျက်ရှိပါသည်။ (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်အတွင်း တိုင်းရင်းဆေးမျိုးစုံ (၂၀,၀၈၅.၂၇)ပိဿာနှင့် အရောင်းဆေးဝါး (၃၄,၃၀၄)ဘူး ထုတ်ဝေပေးခဲ့ပြီး တိုင်းရင်းဆေးမျိုးစုံ (၁၇,၉၁၈.၂၁)ပိဿာနှင့် အရောင်းဆေးဝါး (၃၁,၄၉၀)ဘူး ဖြန့်ဝေ ပေးနိုင်ခဲ့ပါသည်။
● ကျေးလက်နေပြည်သူများ လိုအပ်ချိန်တွင် တိုင်းရင်းဆေးများအား အလွယ်တကူရယူ သုံးစွဲနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဂျပန်နိုင်ငံ၊နိပွန်ဖောင်ဒေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော မြန်မာ့တိုင်းရင်းဆေးသေတ္တာစီမံချက်ကို ရေရှည်တည်တံခိုင်မြဲအောင် ပြုပြင်နိုင်ရန်အတွက် ကနဦး လေ့လာခြင်းသုတေသနကို ဖြန့်ဝေမှုပုံစံပြောင်း၍ ဖြူးနှင့်ကျောက်တံခါးမြို့နယ်များတွင် ဆောင်ရွက် လျက်ရှိပါသည်။
● ပရဆေးဥယျာဉ်များတွင် ဆေးဖက်ဝင်အပင်များ မျိုးထိန်းရေးကို အဓိကထား ဆောင်ရွက် လျက်ရှိပြီး ဖောင်းတောနှင့်ရေဆင်းပရဆေးဥယျာဉ်များမှ (၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်အတွင်း စက်ရုံများသို့ ပရဆေးကုန်ကြမ်း (၁၇)မျိုး၊ ပိဿာချိန် (၆၃၀)ကျော် ပေးသွင်းနိုင်ခဲ့ပါသည်။  ပရဆေးကုန်ကြမ်းများ ပိုမိုပေးသွင်းနိုင်ရေးအတွက် ကြောင်လျှာပင်၊ သက်ရင်းကြီး၊ ကန့်ချုပ်နီပင်၊ ယာကဲနှင့် ချင်းပင်များအား တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပါသည်။

 

တိုင်းရင်းဆေးဝါးမှတ်ပုံတင်လိုင်စင်ကိစ္စများနှင့် ပတ်သက်၍ လျော့ပေါ့ပေးထားသည့် အချက်များ

● တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၇) ဆုံးဖြတ်ချက်ပါ စည်းကမ်းသတ်မှတ်ချက်များအား (၅-၆-၂၀၁၇) ရက်နေ့တွင်ပြန်လည်ရုတ်သိမ်း ပေးထားပြီးဖြစ်သည့်အပြင် တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး)ကိစ္စများအား ပြည်နယ်/ တိုင်းဒေသကြီးနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)တွင်သာဆောင်ရွက်ရန် လျော့ချပေးခြင်း၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်ကိစ္စများ လျှောက်ထားခြင်းတို့အတွက် ကောက်ခံသော ငွေးကြေးနှုန်းထားများအား လျော့ချပေးခြင်းတို့ကို ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

 

သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနခွဲမှ ဆောင်ရွက်ချက်များ

● သုတေသနဓါတ်ခွဲခန်းသည် တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်/သက်တမ်းတိုး)ရန် ပေးပို့ လာသော တိုင်းရင်းဆေးဝါးများကို ဓါတ်ခွဲစစ်ဆေးရာတွင် အပင်နှင့်အပင်၏အစိတ်အပိုင်းများ စစ်မှန်မှုရှိ/မရှိ စစ်ဆေးခြင်း (Plant Identification Test)၊ အနောက်တိုင်းဆေးဝါးရောနှောခြင်း ရှိ/မရှိ စစ်ဆေးခြင်း (Adulteration Test)၊ အဆိပ်အတောက်ဖြစ်စေတတ်သော သတ္တုမာများ ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း (Heavy Metals Test)၊ မှိုနှင့် ဘက်တီးရီးယာပိုးမွှားများ ပေါက်ပွားမှု ရှိ/မရှိ စစ်ဆေးခြင်း (Microbial Contamination Test)နှင့် တည်မြဲမှုနှင့်သက်တမ်း စစ်ဆေးခြင်း (Stability and Shelf-life)စသည့်နည်းလမ်းများဖြင့် စစ်ဆေးပေးလျက်ရှိပါသည်။ (၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်အတွင်း မှတ်ပုံတင်ဆေးဝါးဓါတ်ခွဲမှု (ဆေးဖုံ) (၄၀၆)ဖုံ၊ Certificate ထုတ်ပေးမှု (ဆေးဖုံ) (၂)ဖုံ၊ ကုန်သွယ်ရေးမှ ပေးပို့လာသော ပရဆေးကုန်ကြမ်းများ၏ စစ်မှန်မှုအား စစ်ဆေးပေးခြင်း (၁၁၀)ခု၊ စျေကွက်ဆေးဝါးများအား စစ်ဆေးခြင်း Post Market Survey (PMS) (ဆေးဖုံ) (၁၀၀)ဖုံ၊ မှတ်ပုံတင်ဆေးဝါးများ၏ တည်မြဲမှုနှင့်သက်တမ်းစစ်ဆေးခြင်း (ဆေးဖုံ) (၁,၂၃၉)ဖုံ တို့ကိုဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
● တိုင်းရင်းဆေးဝါးများ ဓါတ်ခွဲစစ်ဆေးရာတွင် လုပ်ငန်းလိုအပ်ချက်ရှိပါက သတ္တုမာ (Heavy Metals)များ၏ပါဝင်မှုကို ယခင်ကပါဝင်ခြင်းရှိ/မရှိသာ စမ်းသပ်ပေးနိုင်ခဲ့ရာမှ ယခုအခါပါဝင်သည့် ပမာဏကို စတင်တိုင်းတာပေးနိုင်ပြီ ဖြစ်ပါသည်။
● သုတေသနလုပ်ငန်းများအနေဖြင့် ပေါင်းချွေးခံခြင်းဖြင့် Chloesterol ကျနိုင်မှု အာနိသင်ရှိ/ မရှိကို အဝလွန်သောသူများတွင် ဆောင်ရွက်သောသုတေသန၊ ချင်း၊သံပုရာဖြင့် Chloesterol ကျနိုင်မှု အာနိသင်ရှိ/မရှိ လေ့လာသောသုတေသန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အထောက်အပံ့ဖြင့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် လျောက်ထားလာသော ဆေးဖုံ(၅၀)မှ စံချိန်၊ စံညွှန်းသတ်မှတ်ခြင်း သုတေသန(Standardization and Traditional Medicine Formulation Research)တို့အား ဆောင်ရွက်လျက် ရှိပါသည်။ ၎င်းအပြင် တိုင်းရင်းဆေးပညာဦးစီးဌာန၏ သုတေသနလမ်းပြမြေပုံ (Research Road Map)အားရေးဆွဲပြီးဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သုတေသနရံပုံငွေဖြင့် တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည့် သုတေသန (၃၄)ခုကို ဆောင်ရွက်သွားနိုင်ရန် စီစဉ်လျက်ရှိပါသည်။(၂၀၁၇)ခုနှစ် မတ်လတွင် သုတေသနအလေ့အကျင့်များ ပိုမိုတိုးတက်ထွန်းကားလာစေရန် ရည်ရွယ်၍ သုတေသန ကျင့်ဝတ် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို တိုင်းရင်းဆေးတက္ကသိုလ်တွင် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) နှင့် ပူးပေါင်း၍ ကျင်းပပေးနိုင်ခဲ့ပါသည်။
● (၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်အတွင်း ဖွံ့ဖြိုးရေးဌာနစုသည် အသံလွှင့်ခြင်းလုပ်ငန်းများ ဖြစ်သော မြန်မာ့အသံမှသုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်တွင် စာမူ(၃၂)ပုဒ် အသံလွှင့်ခြင်း၊ MRTV မျက်မှောက်ရေးရာအဖြာဖြာအစီအစဉ်တွင် တိုင်းရင်းဆေးဝါးများနှင့် ပတ်သက်သော အမေးအဖြေကဏ္ဍကို ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် ဌာနသုံး တိုင်းရင်း ဆေးနည်းများနှင့် သမားစဉ်ဆေးဖုံများစာအုပ် ပြင်ဆင်ဖြည့်စွက်ထုတ်ဝေခြင်း၊ တိုင်းရင်းဆေးပညာ မဂ္ဂဇင်းအမှတ် (၂၉)ထုတ်ဝေခြင်း၊ (၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးပညာသမားတော်များ ညီလာခံမှတ်တမ်းစာအုပ်ထုတ်ဝေခြင်းနှင့် Myanmar Herbal Pharmacopoeia (MHP) Vol 1 ထုတ်ဝေခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် အခြားတိုင်းရင်းဆေးပညာရပ်ဆိုင်ရာစာအုပ်များ အား ထုတ်ဝေထားပြီး ဖြစ်ပါသည်။ ဆက်လက်ပြီး MHP Vol 2 ကိုလည်း ထုတ်ဝေနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
● တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ်Continuing Traditional Medicine Education (CTME) များကို ဆေးရုံများနှင့် ပြင်ပတိုင်းရင်းဆေးဆရာများပူးပေါင်းပြီး ဆီးချို၊ သွေးတိုး၊ ဝမ်းပျက်ဝမ်းလျော၊ ဝမ်းကိုက်၊ မန်းနှင့်အနာပေါက်၊လေငန်း၊ သွေးဆုံးမီးယပ်၊ မီးယပ်ဖြူဆင်း စသည့်ရောဂါဝေဒနာများနှင့်ပတ်သက်၍ တစ်တိုင်းပြည်လုံးတွင် တူညီသော ခေါင်းစဉ်ဖြင့် တစ်လလျှင်တစ်ကြိမ် ကျင်းပနိုင်ခဲ့ပါသည်။ ၎င်း CTME များမှ ဆွေးနွေးချက်များအား စုစည်း၍ သက်ဆိုင်ရာရောဂါအသီးသီးအတွက် စံကုထုံးများပြုစုနိုင်ရေးကိုလည်း ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။ ၎င်းအပြင် သတင်းစာများတွင် ကျန်းမာရေးပညာပေးစာမူများ ရေးသားခြင်းကိုလည်း အခါအားလျော်စွာဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းဆေးဝါးကြော်ငြာများ စိစစ်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပြီး (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်အတွင်း စာနယ်ဇင်း တိုင်းရင်းဆေးဝါးကြော်ငြာ (၈၅)ခုနှင့် TV တိုင်းရင်းဆေးဝါးကြော်ငြာ (၃၀)ခု တို့ကို စိစစ်ပေးခဲ့ ပါသည်။ ၎င်းအပြင် ညီလာခံနှင့်သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပခြင်းကိုလည်း နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်လျက်ရှိပါသည်။
● တိုင်းရင်းဆေးပညာဦးစီးဌာန၏ လုပ်ငန်းရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာ့ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ မှတ်တမ်းတင်ရိုက်ကူးရေး ကိစ္စများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါသည်။
ပြခန်းများပြသခြင်းအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ကျင်းပသော ပညာပေးပြပွဲများတွင် ပါဝင်ပြသခြင်း၊ ပြည်နယ်နှင့်တိုင်းများတွင် ပြုလုပ်သော ပြခန်းများတွင် ပါဝင်ပြသခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
တိုင်းရင်းဆေးပညာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်သူများ ပိုမိုသိရှိ လာစေရန်နှင့် တိုင်းရင်းဆေးနှင့်ပတ်သက်သော အသိပညာဗဟုသုတများ ဖြန့်ဝေပေးနိုင်ရန်အတွက် တိုင်းရင်းဆေးပညာဦးစီးဌာန၏ Website: www.dtm.gov.mm ကို တည်ထောင်ထားရှိပါသည်။

 

တိုင်းရင်းဆေးတက္ကသိုလ်မှ တိုင်းရင်းဆေးပညာရှင်များ လေ့ကျင့်မွေးထုတ်ပေးနိုင်မှုနှင့် ဆောင်ရွက်ချက်များ

● မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်တွင်ရှိ တိုင်းရင်းဆေး တက္ကသိုလ်ကို (၉-၁-၂၀၀၂)ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စာတွေ့လက်တွေ့(၅)နှစ်သင်ကြားရသော မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (Bachelor of Myanmar Traditional Medicine)(B.M.T.M)နှင့် စာတွေ့လက်တွေ့ (၂)နှစ်သင်ကြားရသော မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့ (Master of Myanmar Traditional Medicine)(M.M.T.M)ဘွဲ့များ အပ်နှင်းလျက်ရှိရာ (၂၀၀၆-၂၀၀၇) ပညာသင်နှစ်မှစ၍ (၂၀၁၇)ခုနှစ်၊ မတ်လအထိ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ရ (၁,၂၉၀)ဦး၊ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့(ပေါင်းကူး) (၁၂၄)ဦးနှင့် မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့ရ (၃၇)ဦး တို့ကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။
● (၂၀၁၇)ခုနစ်တွင် တိုင်းရင်းဆေးတက္ကသိုလ်တွင် ပညာသင်ကြားနေသော ကျောင်းသူများ အတွက် လူ(၂၀၀)ဆံ့ လေးထပ်အိပ်ဆောင်(၁)ဆောင်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသူများအား အဆောင်နေထိုင်ခွင့်ပြုခဲ့ပါသည်။ တိုင်းရင်းဆေးတက္ကသိုလ်မှ တိုင်းရင်းဆေးရုံအသီးသီးတွင် တာဝန် ထမ်းဆောင်ကြသည့် အလုပ်သင် တိုင်းရင်းဆေးဆရာများအား အလုပ်သင်ထောက်ပံ့ကြေးငွေ (၁)လလျှင် ကျပ်(၃၀,၀၀၀) ခံစားခွင့်ပြုခဲ့ရာမှ (၂၀၁၇)ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ (၁)လလျှင် ကျပ်(၇၅,၀၀၀)တိတိ ခံစားခွင့် ပြုခဲ့ပါသည်။
    

ဥပဒေဆိုင်ရာဆောင်ရွက်ချက်များ

● တိုင်းရင်းဆေးဝါးဥပဒေကို ပြင်ဆင်ပြဌာန်းနိုင်ရန်နှင့် တိုင်းရင်းဆေးဖြင့် ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဥပဒေနှင့် နည်းဥပဒေများအား ပြဌာန်းနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။ ၎င်းအပြင် တိုင်းရင်းဆေးကောင်စီဥပဒေ ပြင်ဆင်ပြဌာန်းနိုင်ရေးအတွက်လည်း ကူညီ ဆောင်ရွက်ပေးလျက် ရှိပါသည်။

 

ပြည်ပသို့  အစည်းအဝေး၊အလုပ်ရုံဆွေးနွေးပွဲ၊ ပညာသင် စေလွှတ်ခြင်းများ

● (၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်အတွင်း ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ လာအို နိုင်ငံများသို့ တိုင်းရင်းဆေးပညာရှင်များအား (၃၄)ဦး၊ ဆရာဝန်များအား (၉)ဦး၊ ဆေးဝါးဗေဒပညာရှင်များအား (၁၅)ဦး၊ ရုက္ခဗေဒပညာရှင်များအား (၄)ဦးနှင့် အခြား ပညာရှင်အား (၁)ဦးစုစုပေါင်း (၆၃)ဦးအားစေလွှတ်ပေးနိုင်ခဲ့ပါသည်။

 

နိုင်ငံတကာဆက်သွယ်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ

● သုတေသနလုပ်ငန်းများ ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်စေရန်နှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်မှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ (၂၀၁၆)ခုနှစ် သြဂုတ်လတွင် အိန္ဒိယနိုင်ငံ Ministry of Ayurveda, Yoga, Naturopathy, Unani, Siddha and Homoeopathy နှင့်လည်းကောင်း၊ (၂၀၁၆)ခုနှစ် ဒီဇင်ဘာလတွင် ဂျပန်နိုင်ငံ University of Toyama နှင့် လည်းကောင်း နားလည်မှုစာချွန်လွှာရေးထိုးခြင်းကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၎င်းအပြင် ဂျပန်နိုင်ငံ University of Toyama နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေး ပညာတိုးတက်ရေး JICA Project အား (၃)နှစ် ထပ်မံရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။
● (၂၀၁၇)ခုနှစ် နိုဝင်ဘာလတွင် (၈)ကြိမ်မြောက် မဲခေါင်ဒေသတွင်းနိုင်ငံများဆိုင်ရာ တိုင်ရင်းဆေးအစည်းအဝေးကို ကျန်းမာရေးနှင့်အားစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ပါသည်။

 

တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ ဖွဲ့စည်းခြင်း

● ပြည်သူလူထုအား စစ်မှန်၍အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးနှင့် တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ အငြိမ်းစားပုဂ္ဂိုလ်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ပါမောက္ခများ၊ တိုင်းရင်းဆေး ပညာရှင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းဝင်များနှင့်  တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းရှင်များ ပါဝင်သော အဖွဲ့ဝင်(၁၅)ဦးဖြင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ (Traditional Medicine Technical Advisory Group)အား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ (၉-၆-၂၀၁၇) ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။         
● အချုပ်အားဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ဦးဆောင်လမ်းညွှန်မှုကိုခံယူ၍
(က)    မြန်မာ့တိုင်းရင်းဆေးပညာရပ်များတိမ်မြုပ် ပျောက်ကွယ်မှု မရှိစေရေး၊
(ခ)     တိုင်းရင်းဆေးဖြင့် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပိုမိုထိရောက် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး၊
(ဂ)    ပြည်သူလူထုအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အာနိသင်ထက်မြက်သော တိုင်းရင်း ဆေးဝါးများ သုံးစွဲနိုင်ရေး၊
(ဃ)     မြန်မာ့တိုင်းရင်းဆေး နိုင်ငံတကာတွင်ဝင်ဆံ့နိုင်ရေး
လုပ်ငန်းများကို တတ်နိုင်သမျှ ကြိုးစားအားထုတ်လုပ်ကိုင်သွားမည် ဖြစ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ