၁၇-၁-၂၀၁၆(အင်္ဂါနေ့)
(၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးပညာသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ အကြိုညှိနှိုင်းအခမ်းအနားသို့ တက်ရောက်လာကြသော တိုင်းရင်းဆေး ပညာရှင်များနဲ့နှီးနွယ်ပညာရှင်များအားလုံးနှစ်သစ်မှာကောင်းကျိုးမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံနိုင်ကြပါစေ၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြ ပါစေလို့ ဆုမွန်ကောင်းများတောင်းရင်းနှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်။
အားလုံးသိပြီးဖြစ်ကြတဲ့အတိုင်း ကျွန်မတို့ တိုင်းရင်းဆေးညီလာခံကြီးဟာ ဒုတိယသမ္မတ (၁) ကိုယ်တိုင်ဦးဆောင်ပြီးဆောင်ရွက်တဲ့ နိုင်ငံတော်အဆင့် ညီလာခံကြီး ဖြစ်သလို တိုင်းရင်းဆေးလောကသားများအားလုံးအနေနဲ့ ဂုဏ်ယူကြရမယ့် ညီလာခံကြီး ဖြစ်ပါတယ်။ ဒီလိုညီလာခံကြီးဖြစ်တာနဲ့အညီဒီညီလာခံမှာတင်သွင်းတဲ့ ထောက်ခံချက်တွေ၊အဆိုပြုချက်တွေဟာတိုင်းရင်းဆေးလောကသားတွေသာမကပြည်သူတစ်ရပ်လုံးအတွက် အကျိုးရှိတဲ့အဆိုတွေအထောက်တွေဖြစ်သင့်ပါတယ်။
ဒါကြောင့် ကျွန်မတို့ တိုင်းရင်းဆေးဦးစီးဌာနအနေနဲ့ မျက်မှောက်ခေတ် အခြေအနေအရ တိုင်းရင်းဆေးလောကသားတွေ သိသင့်တဲ့အချက်တွေကို ဝိုင်းဝန်းဆွေးနွေးပြီး ညီလာခံမှာတင်ပြသင့်တဲ့ အချက်တွေကိုအချက်တခုချင်းစီအလိုက် အဖွဲ့ငယ်များ ဖွဲ့စည်းကာပါဝင်သင့်သောပညာရှင်များ အားလုံးသီးခြားစီတွေ့ဆုံ၍ အကြိတ်အနယ် ဆွေးနွေးပြီးပြုစုထားသော အဆိုအထောက်များဖြစ်ကြောင်း တင်ပြလိုပါတယ်။ ဒါတွေကိုဒီနေ့နေ့လည်မှာလည်း ဘယ်လိုအကောင်အထည် ဖေါ်ကြမလဲ ဆိုတဲ့ Action Plan တွေပေါ်ထွက်လာအောင်ထပ်မံပြီး ဆွေးနွေး ကြရဦးမှာဖြစ်ပါတယ်။
တကယ်တော့ မနှစ်ကတည်းကစပြီးဒီပုံစံနဲ့ ဝိုင်းဝန်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာမနှစ်ကထက်ပိုပီပြင်အောင်ဆောင်ရွက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်းတာဝန်ယူဆောင်ရွက်ပေးခဲ့ကြတဲ့ အဖွဲ့တခုချင်းစီက တိုင်းရင်းဆေး ဦးစီးဌာန ဝန်ထမ်းများနဲ့ အားတက်သရော ဝိုင်းဝန်းပူးပေါင်းပါဝင်ကူညီပေးခဲ့ကြတဲ့ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြား လိုပါတယ်။
ဆက်လက်ပြီးတော့ ကျွန်မတို့ရဲ့ (၁၆) ကြိမ်မြောက် ညီလာခံနဲ့ နှီးနှော ဖလှယ်ပွဲနဲ့ပတ်သက်ပြီးအချို့အချက်များကိုသုံးသပ်တင်ပြချင်ပါတယ်။
ကိုယ်စားလှယ်ကြီးများနဲ့ ဧည့်သည်တော်များသိပြီးဖြစ်ကြတဲ့အတိုင်း (၁၆) ကြိမ် မြောက်ညီလာခံကစပြီး အဆိုအထောက်တွေပြုစုရာမှာသက်ဆိုင်ရာပညာရှင်များကို ဖိတ်ကြားပြီးပြုစုခဲ့တာဖြစ်ပါတယ်။
ကျွန်မအနေနဲ့ ဒီနေရာမှာ (၁၆)ကြိမ်မြောက်တုန်းက အဆိုအထောက်(၅)ခုကို ဘယ်လောက်အကောင်အထည် ဖော်နိုင်ခဲ့သလဲဆိုတာကို ပြန်လည်ဆန်းစစ် တင်ပြ လိုပါတယ်။
နံပါတ်(၁) အဆိုအထောက်ဖြစ်တဲ့ “တိုင်းဒေသကြီးနဲ့ပြည်နယ်များမှ ဝန်ထမ်းများနှင့် တိုင်းရင်းဆေးပညာရှင်များပူးပေါင်း၍ စဉ်ဆက်မပြတ် တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာဆွေးနွေးပွဲများဆောင်ရွက်ရန်”ကို အကောင်အထည်ဖေါ်ရာမှာ ရာနှုန်းပြည့်နီးပါး အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ ယခုဆိုလျှင် ဆေးရုံများမှာ တိုင်းရင်းဆေးပညာဦးစီးဌာနဝန်ထမ်းများသာမကဘဲပြင်ပပုဂ္ဂိုလ်များပါ ပူးပေါင်း ပါဝင်ပြီးအနည်းဆုံး (၁)လ (၁)ကြိမ် CTME များကို ကျင်းပပြုလုပ်နေနိုင်ပြီ ဖြစ်ပါတယ်။
ဒီလိုကျင်းပပြုလုပ်နိုင်ခြင်းအားဖြင့် ဟောပြောတင်ပြမဲ့ ပုဂ္ဂိုလ်ဟာ ဒီဟောပြောပွဲ အတွက် လေ့လာဖတ်ရှုမှတ်သားပြင်ဆင်ရခြင်းအားဖြင့် သူ့အတွက် အကျိုးရှိမှာ ဖြစ်သလိုနားထောင်တဲ့ ပရိသတ်အနေနဲ့လည်းသူရှာဖွေစုဆောင်းထားတဲ့ အချက် အလက်တွေကို တစုတစည်းတည်းနားထောင်ရ၍လည်းကောင်း၊ သဘာပတိ ဆရာကြီးများရဲ့ အတွေ့အကြုံတွေ သာမကအချင်းချင်းရဲ့ အတွေ့အကြုံတွေကို ဆွေးနွေးဖလှယ် နိုင်ကြခြင်းဖြင့် လည်းကောင်းစိတ်ဝင်စားစွာ တက်ရောက် လေ့လာမှတ်သားပါကအထူးဘဲအကျိုးရှိစေမှာဖြစ်ပါတယ်။
ဒါ့အပြင် ကျွန်မတို့အနေနဲ့ ဒီဆွေးနွေးပွဲတွေကိုတစ်နိုင်ငံလုံးမှာ (၁)လချင်းစီမှာ ဦးစားပေးရောဂါများအလိုက် တူညီတဲ့ခေါင်းစဉ်တွေနဲ့ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် တစ်နိုင်ငံလုံးကပေးပို့လာတဲ့ အချက်အလက် မှတ်တမ်းများ အားလုံးကိုစုစည်းပြီးရောဂါတစ်ခုချင်းစီတစ်ခုချင်းစီအတွက် အားလုံးကမှီငြမ်းနိုင်မဲ့ စာတမ်း(၁)စောင်စီထုတ်ဝေပေးသွားနိုင်မှာဖြစ်ပါတယ်။
တစ်ဖက်ကလည်း အချို့နေရာတွေမှာ ဝန်ထမ်းမဟုတ်သော ပုဂ္ဂိုလ်များ ယခုထက်ပို၍ များများပါဝင်လာအောင် ဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့လည်း သုံးသပ်ရပါတယ်။ ဒါလည်း ကျွန်မတို့ တိုးတက်ဖော်ဆောင်ကြရမယ့် အချက်တစ်ချက် ဖြစ်ပါတယ်။
နံပါတ်(၂) အဆိုအထောက်ဖြစ်တဲ့ “တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေသော တိုင်းရင်းဆေးပညာရောဂါရှာဖွေနည်းစနစ်များကိုပြန်လည်ဖော်ထုတ်၍ လက်တွေ့ အသုံးချနိုင်ရေး ဆောင်ရွက်ရန်” နဲ့ပတ်သက်ပြီးတော့လည်း ကျွန်မတို့ တိုင်းရင်းဆေး ပညာဦးစီးဌာနအနေနဲ့ သွေးစမ်းပညာသင်တန်းနှင့် ဆင့်ပွား သင်တန်းတွေ အပြင် မြန်မာ့တိုင်းရင်းဆေးပညာအတွေးအခေါ် အယူအဆနှင့် ကုထုံးဆိုင်ရာ အရည်အသွေးမြှင့် သင်တန်းကိုနေပြည်တော်၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှာ ဖွင့်လှစ်နိုင်ခဲ့ပြီးတက်နိုင်သမျှ ဘာသာရပ်စုံအောင်နဲ့ အဲ့ဒီ ဘာသာရပ်တွေမှာ ထူးချွန်တဲ့ ဆရာကြီး၊ ဆရာမကြီးများကိုဖိတ်ကြားပြီး ပညာမျှဝေပေးပို့ဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။ နေရာထိုင်ခင်းအရလက်ခံနိုင်တဲ့ သင်တန်းသားအရေအတွက်နည်းပေမဲ့ ဝန်ထမ်းမဟုတ်တဲ့ ပုဂ္ဂိုလ်များကိုလည်း ကျွန်မတို့ ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ဝန်ထမ်းမဟုတ်တဲ့ ပုဂ္ဂိုလ် (၂)ဦးဘဲ ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းဘာသာရပ် တစ်ခုချင်းစီအတွက် သင်တန်းတွေကို ဆက်တိုက်ဆောင်ရွက် သွားဖို့ရှိပါတယ်။ ဒီသင်တန်းတွေကို မကြာမီ ကာလအတွင်းမှာ ဖွင့်လှစ်တော့မှာဖြစ်ပြီး အစောပိုင်းမှာ ဝန်ထမ်းတွေကိုဦးစားပေးပြီးသင်မှာဖြစ်ပေမဲ့ နောက်ပိုင်းမှာ ပြင်ပပုဂ္ဂိုလ်များလည်း တက်ရောက်နိုင်အောင် စီစဉ်ပေးမှာဖြစ်ပါတယ်။
နံပါတ်(၃) အဆိုအထောက်ဖြစ်တဲ့ “မြန်မာ့တိုင်းရင်းဆေးပညာ၏ သမားစဉ် ကုထုံးနည်းစနစ်များနှင့် အစွမ်းထက်ဆေးဝါးများကိုတိုင်းရင်းဆေးရုံနှင့် တိုင်းရင်းဆေး ကုဌာနများတွင် လက်တွေ့ အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်” ဆိုတဲ့ အဆိုရာနှုန်းပြည့် အောင်မြင်နိုင်ဖို့ အတွက်တော့ သုတေသနလုပ်ငန်းများက အရေးပါလာပြီဖြစ်ပါတယ်။
ကျွန်မတို့ မြန်မာ့တိုင်းရင်းဆေးပညာရဲ့ သမားစဉ်ကုထုံးကုနည်းစနစ်တွေနဲ့ တိုင်းရင်းဆေးဝါးများထဲမှာစစ်မှန်ပြီးအစွမ်းထက်တဲ့ ကုထုံးတွေ၊ ဆေးဝါးတွေရှိနေမှာ မြေကြီးလက်ခတ်မလွဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေကိုစနစ်တကျ သက်သေ အထောက်အထား အခိုင်အမာနဲ့ ပြနိုင်အောင် Experience Based တိုင်းရင်းဆေး ပညာကနေ Evidence Based တိုင်းရင်းဆေးပညာအဖြစ် ပြောင်းလဲ နိုင်အောင် သုတေသနပြုပြီး အထောက်အထားအချက်အလက်အခိုင်အမာဖြင့် တင်ပြခြင်း အားဖြင့် သာစွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။
တိုင်းရင်းဆေးပညာဦးစီးဌာနအနေနဲ့ သုတေသနလုပ်ငန်းများယခုထက် ပိုမို ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ အားပေးကူညီမှုနဲ့ သက်ဆိုင်ရာပညာရှင် အသီးသီးတို့အား တိုင်းရင်းဆေးပညာဦးစီးဌာန၊ သုတေသန ဌာနခွဲသို့ မေတ္တာရပ်ခံစုစည်းခေါ်ယူခြင်း၊ ပြည်တွင်း ပြည်ပဌာနများနဲ့ စက်ပစ္စည်းနဲ့ နည်းပညာများကို ပိုမိုအသုံးချနိုင်ရန် ဆောင်ရွက်လျက်ရှိခြင်းနဲ့ လက်တွေ့ကျတဲ့ သုတေသန လုပ်ငန်းအချို့ကိုစတင် ဆောင်ရွက်နေပြီဖြစ်တဲ့အကြောင်း အသိပေး တင်ပြလိုပါတယ်။
အဲဒီအပြင် မြန်မာ့တိုင်းရင်းဆေးပညာ ဆိုင်ရာစာပေသုတေသနများ ပိုမိုပြုလုပ် နိုင်ဖို့နဲ့ တိုင်းရင်းဆေးပညာရပ်နဲ့ ပတ်သတ်ပြီးပြည်သူလူထုတို့ ပိုမိုထိရောက်တဲ့ ကျန်းမာရေးအသိပညာပေးနိုင်ဖို့ အတွက်လည်း အရည်အချင်းရှိပြီး စိတ်ပါဝင်စားမှု ရှိတဲ့ မြန်မာ့တိုင်းရင်းဆေးပညာရှင်များကိုလည်း ပြောင်းရွှေ့ခေါ်ယူပြီး ပိုမို တိုးတက်အောင် ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း သတင်းကောင်းပါး လိုပါတယ်။
ဒီနေရာမှာကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး အနေနဲ့လည်း တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆောင်ရွက်လိုသော သုတေသန လုပ်ငန်းများကို အထူးပံ့ပိုးကူညီပေးမည်ဖြစ်တဲ့အကြောင်းထည့်သွင်းတင်ပြလိုပါတယ်။
နံပါတ်(၄) အဆိုအထောက်ဖြစ်တဲ့ “မိမိတို့ ပတ်ဝန်းကျင်ရှိပရဆေးပင်များ အကြောင်းကိုပြည်သူလူထုကသိရှိနားလည် အသုံးပြုလာနိုင်စေပြီးတိုင်းရင်းဆေးဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုတိုးတက်ဖော်ဆောင်နိုင်စေရန်”အတွက် လည်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ အခုအချိန်မှာ အခြေအနေ အကြောင်းကြောင်းကြောင့် မဖြစ်နိုင်တဲ့မြို့နယ်တွေကလွဲပြီးတော့ မြို့နယ် တိုင်းရင်းဆေးကုဌာန တစ်ခုလျှင် အနည်းဆုံး (၁)လလျှင် (၁)ကြိမ် ကွင်းဆင်း ကုသခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒါအပြင် ဆေးရုံများ ဦးစီးဌာနမှူးရုံးများကလည်း ကွင်းဆင်းကုသခြင်းတွေကိုဆောင်ရွက်လျက် ရှိပါတယ်။ ဒီလိုကွင်းဆင်းကုသရင်းနဲ့ တိုင်းရင်းဆေးပညာပေးလုပ်ငန်းများကို တစ်ပါတည်း ဆောင်ရွက်ကြတဲ့အတွက် ဒီအဆိုအထောက်ကလည်း အကောင်အထည်ဖော် နိုင်ခဲ့တယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။
နံပါတ်(၅) အဆိုအထောက်ဖြစ်တဲ့ “အရည်အသွေးစစ်မှန်သော ပရဆေးကုန်ကြမ်းများရရှိနိုင်ရေးအတွက် တစ်နိုင်တပိုင်အဆင့်မှ စီးပွားဖြစ် ထုတ်လုပ်နိုင်သည်အထိ ပညာပေးစည်းရုံးဆောင်ရွက်ရန်”အ ဆိုကိုအကောင်အထည် ဖော်ရာမှာတော့ အားနည်းချက်ရှိတယ်လို့ဘဲသုံးသပ်ရမှာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်မတို့အနေနဲ့ ဖောင်းတောနဲ့ ရေဆင်းသစ်တပ် ပရဆေးဥယျာဉ်မှာ အပင်တွေအပြည့်စိုက်နိုင်ခဲ့ပေမဲ့ ပြည်သူလူထုအနေနဲ့ ပရဆေးပင်တွေတနိုင်တပိုင် ကနေတဆင့် တိုးတက်စိုက်ပျိုးလာအောင် ထိထိရောက်ရောက်ဆောင်ရွက် ပေးနိုင်ခြင်းတော့မရှိခဲ့ပါဘူး။ ဒါကြောင့် ကျွန်မတို့အားလုံးအနေနဲ့ ဒီအချက်ကို တိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။
(၁၆)ကြိမ်မြောက် ညီလာခံမှတ်တမ်းများကိုလည်းပြုစုပြီး ကိုယ်စားလှယ် တော်ကြီးများရဲ့ ညီလာခံPackage ထဲမှာထည့်သွင်းပေးထားပါတယ်။ နောက်နှစ်များမှာလည်း အလားတူဆောင်ရွက်သွားမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ နက်ဖြန်ကစပြီးကျင်းပမဲ့ ကျွန်မတို့ရဲ့ (၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနဲ့နှီးနှောဖလှယ်ပွဲကြီးမှာ ကျွန်မတို့ရဲ့ တိုင်းရင်းဆေးလောကသားတ အားလုံးပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိစေမဲ့ ကိစ္စရပ်များကိုနိုင်ငံကြီးသားပီသစွာနဲ့ သိက္ခာရှိရှိစည်းကမ်းတကျ ဝိုင်းဝန်းဆွေးနွေးဖော်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်းနိဂုံးချုပ်အပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။