တိုင်းရင်းဆေးပညာအမြင်အရ ရာသီဥတုသဘောသဘာဝနှင့် ရာသီဥတုအလိုက် ဖြစ်ပေါ် ကျရောက်တတ်သောရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန်အချက်များ၊ လိုက်နာနိုင်ရန်အချက်များ နှင့် ရှောင်ကြဉ်နိုင်ရန် အချက်များကို ပြည်သူလူထုသိရှိနိုင်ရန် ရည်ရွယ်၍ တိုင်းရင်းဆေးပညာဖြင့် ဥတုရာသီအလိုက် ကျန်းမာရေးစောင့်ရှောက်ခြင်း အားရေးသားဖော်ပြ လိုက်ပါသည်။ တိုင်းရင်းဆေး ပညာအရ ဆောင်းဥတု၏ ကာလအပိုင်းအခြားမှာ တန်ဆောင်မုန်း လပြည့်ကျော် (၁) ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ(၄)လသည် ဆောင်းဥတုဟု ဆေးကျမ်းများတွင် ခေါ်ဆိုပိုင်းခြား ထားပါသည်။
ဆောင်းဥတု၏သဘာဝလက္ခဏာများ
ဥတုဘောဇနသင်္ဂဟဆေးကျမ်းအလိုအရ ဆောင်းဥတု၏သဘာဝလက္ခဏာများကိုဖော်ပြ ရလျှင် ဆောင်းဥတု၏အစဖြစ်သော တန်ဆောင်မုန်းလ၏ ဒုတိယလတစ်ဝက်သည် သာယာ ကြည်နူးဖွယ်ကောင်းသော ရာသီကာလဖြစ်ပါသည်။ နှင်းများကျလိုက်။ မိုးများရွာလိုက် ဖြစ်နေ တတ်ပါသည်။ သို့မို့ကြောင့်ပင် ရှေးတောင်သူဦးကြီးများက" တန်ဆောင်မုန်းတွင်၊ ဆီးနှင်း တစ်ပြိုက်၊ မိုးတစ်လိုက် " ဟု ဆောင်ပုဒ် ပြုခဲ့ကြပါသည်။ ဆိုလိုရင်းမှာ ခြောက်သွေ့မှုမရှိဘဲ အေးနေခြင်းဟု ဆိုလိုသောကြောင့် စိုစွတ်၍အေးမြသောအချိန်ဖြစ်ပါသည်။
ထိုအချိန်တွင် အနောက်တောင် မုတ်သုန်ရာသီလေသည် အပြီးအပိုင် ဆုတ်ခွာသွားခဲ့ ပြီဖြစ် ပါသည်။ အေးမြသော မြောက်ပြန်လေညင်းကလေးသည် တသုန်သုန် တိုက်ခတ်စ ပြုလာပြီ ဖြစ်ပါသည်။ ပြာသိုလနှင့် တပို့တွဲလများတွင် ပြင်ပလောကတတ်ကြီးမှာ အအေးဓာတ်ပို၍ လွှမ်းမိုးလာပါသည်။ တန်ဆောင်မုန်းလနှင့် နတ်တော်လများမှာ မြောက်လေတိုက်ခတ်လာပြီး ဆီးနှင်းများအလွန်ကျကာ ပြာသိုလနှင့် တပို့တွဲလများရောက်သည့်အခါတွင် ဆီးနှင်းများ ကျခြင်း နည်းပါးသွားပါသည်။