ဒီကနေ့ (၁၈) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ အတွင်းဝန်များ၊ နေပြည်တော်ကောင်စီများ၊ အမျိုးသားလွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ကဥက္ကဌများ၊ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များ၊ ညွှန်းကြားရေးမှူးချုပ်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများက ဌာနေကိုယ်စားလှယ်များ အစိုးရမဟုတ်သော အသင်းအဖွဲ့အစည်း အသီးသီးက တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းရင်းဆေး ထုတ်လုပ်သူ လုပ်ငန်းရှင်များနှင့် ညီလာခံကိုယ်စာလှယ်ကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို (၂၀၀၀) ခုနှစ်ကစတင်ပြီး နှစ်စဉ်ကျင်းပခဲ့ တာအခုဆိုရင် (၁၈) ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။ (၁၈) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို မြန်မာ့တိုင်းရင်းဆေးလောကဘက်စုံ အဆင့်အတန်းမြင့်မားရေးနှင့် မြန်မာ့တိုင်းရင်းဆေးပညာ အရည်အသွေးတိုးတက်ရေး၊ မြန်မာ့တိုင်းရင်းဆေးဆရာတို့၏ ကျင့်ဝတ်သိက္ခာမြှင့်မားရေး၊ မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပြည်သူများ၏ ကျန်းမာရေးကို ပိုမိုစောင့်ရှောက်မှုပေးနိုင်ရေးနဲ့ မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့တိုင်းရင်းဆေးဝါးများ ပိုမိုကောင်းမွန်လာစေရေး ရည်ရွယ်ချက်များနဲ့ ကျင်းပတာဖြစ်ပါတယ်။
ပြည်ထောင်စု သမ္မတမြန််မာနိုင်ငံတော် အစိုးရဟာ အစွမ်းထက်တဲ့ မြန်မာ့တိုင်းရင်းဆေးပညာ ရပ်တွေ အဆင့်အတန်းမြင့်မားတဲ့ မြန်မာ့အနုသုခုမ ပညာရပ်တွေ နက်နဲသိမ်မွေ့တဲ့ ပန်ဆယ်မျိုး မြန်မာ့လက်မှုအနုပညာရပ်တွေစတဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ပညာရပ်များဖြင့် လွန်စွာမှ ပြည့်ဝစုံလင်လှတဲ့ ဂုဏ်ယူဝင့်ကြွားဖွယ် နိုင်ငံဖြစ်ပါတယ်။ဒါ့ကြောင့် အမျိုးသားရေး ဂုဏ်ဒြပ်တွေဖြစ်တဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ပညာရပ်များကို ပျက်စီးယိုးယွင်းပျောက်ပျက်မသွားစေရအောင် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရင်း ရိုးရာအမွေအနှစ် ပညာရပ်များ၊ ခေတ်နဲ့ရင်ပေါင်တန်းပြီး နည်းလမ်းတကျ ဖွံ့ဖြိုးတိုးတက်ထွန်းကားပြန့်ပွားစေရအောင် နိုင်ငံတော်အစိုးရက အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိခြင်းဖြစ်ပါသည်။
မြန််မာ့တိုင်းရင်းဆေးပညာရပ်များဟာ မြန်မာ့ခေတ်သစ်သမိုင်းဦးအစလို့ဆိုရမဲ့ တကောင်းသရေခေတ္တရာ၊ ပုဂံမြို့ပြနိုင်ငံများရဲ့ ခေတ်ကာလများမှာ အခြေစိုက်ခိုင်ခံ့တဲ့ ဆေးပညာရပ်များအဖြစ် တင့်တင့်တယ်တယ်တည်ရှိနေခဲ့ပြီဆိုတာ ခိုင်မာတဲ့ သမိုင်းအထောက်အထားတွေရှိထားပြီးဖြစ်ပါတယ်။ရှည်လျားခိုင်မာတဲ့ မြန်မာ့သမိုင်းစဉ်တစ်လျှောက်မှာ မြန်မာ့တို်င်းရင်းဆေးသမားတော်ကြီးတွေ၊ မှူးမတ်ပညာရှိတွေ၊ကျမ်းပြုသုတေသီ၊ ရဟန်းပညာရှင်တွေရဲ့ ပြုစုပျိုးထောင်ပေးခဲ့မှု အကျိုးကျေးဇူးတွေကြောင့် အညွန့်အခက်ဝေဆာတဲ့ ဆေးပညာရပ်များအဖြစ် အဆင့်ဆင့်တိုးတက်ဖြစ်ထွန်းလာခဲ့တဲ့အတွက် ယနေ့ထက်တိုင်တစ်မျိုးသားလုံး ဂုဏ်ယူလေးစားအားထားဖွယ် ရိုးရာဆေးပညာရပ် တစ်ခုဖြစ် ခိုင်ခိုင်မာမာရပ်တည်နေနိုင်ခြင်းဖြစ်ပါတယ်။
မြန်မာ့သမိုင်းစဉ်တစ်လျှောက် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ အဆင့်ဆင့်တိုးတက် ဖြစ်ထွန်းလာခဲ့တဲ့အတွက် မြန်မာ့တိုင်းရင်းဆေးပညာရပ်များဟာ မြန်မာလူမျိုးတို့ ယုံကြည်ကိုးကွယ်ရာထေရဝါဒဗုဒ္ဓဘာသာရဲ့ ဒေသနာတော်တွေ၊ တိုင်းရင်းသားလူမျိုးတို့ရဲ့ လူနေမူဓလေ့စရိုက် အစဉ်အလာတွေ၊ ရိုးရာတွေးခေါ် မြော်မြင်မှု အယူအဆတွေ၊ ပေါင်းစည်းစိမ့်ဝင် ထုံမွှမ်းနေသလို မြန်မာ့တိုင်းရင်းဆေးပညာရဲ့ ဆေးဝါး၊ကုထုံးအသွယ်သွယ်တို့ဟာလည်း မြန်မာ့ရေမြေသဘာဝ၊ ဥတုရာသီ၊ သစ်ပင်ထွက်၊ မြေထွက်၊ ရေထွက်၊ တိရစ္ဆာန်ထွက် သယံဇာတများနဲ့ ဆီလျော်ညီညွတ်စွာ ဖြစ်ထွန်းနေတာကို တွေ့ကြရမှာဖြစ်ပါတယ်။
ဒီလိုကောင်းမြတ်တဲ့ ဂုဏ်တွေနဲ့ ပြည့်စုံကုံလုံ နေတဲ့ မြန်မာ့့တိုင်းရင်းဆေးပညာရပ်ကို ရိုးရာယဉ်ကျေးမှု အမွေအနှစ်ပညာရပ်တစ်ခုအဖြစ်နဲ့သော်လည်းကောင်း၊ ခေတ်အဆက်ဆက်မှာ မြန်မာလူမျိုး တို့ကို ကျန်းမာကြံ့ခိုင်သန်စွမ်းပြီး ဉာဏ်ရည်ထက်မြက် မြင့်မားတဲ့ ရိုးရာဆေးပညာရပ်တစ်ခုအဖြစ်နဲ့သော်လည်းကောင်း ထိန်းသိမ်းစောင့်ရှောက်ရင်း ခေတ်နဲ့လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်အရှည်တည်တံ့ထွန်းကားပြန့်ပွားစေရအောင် အားပေးမြှင့်တင်ပေးရမယ့် တာဝန်ဟာ ယနေ့တိုင်းရင်းဆေးသမားတော်ကြီးများနဲ့ တစ်ကွ မျက်မှောက်ခေတ် နိုင်ငံသူ၊ နိုင်ငံသားအားလုံးအပေါ်မှာ ကျရောက်လျက်ရှိနေပါပြီဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအကြီးအကဲများကလည်း မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို ရိုးရာအစဉ်အလာမပျက် ထက်မြက်တဲ့ အာနိသင်များ မယိုယွင်း မလျော့ပါးစေဘဲ နည်းလမ်းတကျ ဆက်လက်ရှင်သန်ထွန်းကားစေရအောင် အားပေးဆောင်ရွက်သွားဖို့ မြန်မာ့တိုင်းရင်းဆေးပညာရပ်နဲ့ တိုင်းရင်းဆေးဝါးများကို ခေတ်မီပစ္စည်းကိရိယာများ ခေတ်မီနည်းစနစ်များနဲ့ ပေါင်းစပ်ပြီး စနစ်တကျ သုတေသနပြုစံချိန်စံညွှန်းဖော်ထုတ်သွားပြီး နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ လမ်းညွှန်ပေးထားပြီးဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနဲ့အညီ တိုင်းရင်းဆေးပညာရပ်များကို ရိုးရာအစဉ်အလာ အာနိသင်မပျက် ရှင်သန်ထွန်းကားစေရေးအပိုင်းမှာ မှေးမိန်ပျောက်ကွယ်လုဖြစ်နေတဲ့ ဆေးပညာရပ်တွေ တက်ကျွမ်းနားလည်တဲ့ တိုင်းရင်းဆေးသမားတော်ကြီးတွေ၊ တိမ်မြှုပ်ပျောက်ကွယ်နေတဲ့ ဆေးပညာဆိုင်ရာ ပေ ပုရပိုက်တွေနဲ့ ဆေးကျမ်းတွေအစွမ်းထက်ကုထုံးတွေ၊ အာနိသင်ထက်မြက်တဲ့ဆေးဝါးတွေ အဖိုးထိုက်တန်လှတဲ့ ဆေးဖက်ဝင် ပရဆေးပင်နဲ့ ဆေးဖက်ဝင် သဘာဝ သံယံဇာတတွေ ပြန်လည်ဖော်ထုတ်နိုင်စေဖို့ နိုင်ငံတော်အစိုးရက အဘက်ဘက်မှ အားပေးဆောင်ရွက်လျက်ရှိပါတယ်။ အထူးသဖြင့် နိုင်ငံတော်ရဲ့ နယ်မြေအစိတ်အပိုင်း ဒေသအသီးသီးမှာ ပျံ့နှံ့ရောက်ရှိနေတဲ့ တိုင်းရင်းဆေးသမားတော်ကြီးတွေ၊ ဒေသအလိုက်၊ သမားစဉ်အလိုက်၊ အသင်းအဖွဲ့အလိုက်၊ ပြန့်ကျဲတည်ရှိနေတဲ့ ဆေပညာရပ်အသွယ်သွယ်၊ ကုထုံးကုနည်း အမျိုးမျိုးအစွမ်းထက်တဲ့ ဆေးဝါးအဖုံဖုံတို့ကို ပြန်လည်ဖော်ထုတ်စုစည်းနိုင်စေဖို့ နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတော်အဆင့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်တွေကို နှစ်စဉ်မပျက် အောင်မြင်ဖြစ်ထွန်းစွာဖြင့် အနယ်နယ်အရပ်ရပ်က မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများ နှစ်စဉ်ဆုံစည်း ပညာဖလှယ်ကြတဲ့ အစဉ်အလာကောင်းတွေဟာ ယနေ့အထိ ခိုင်ခိုင်မြဲမြဲ ဖြစ်ထွန်းလာခဲ့ခြင်းဖြစ်ပါတယ်။ မနှစ်က နှီးနှောဖလှယ်ပွဲကြီးရဲ့ အဆိုပြုချက်များအတိုင်း ရှေ့လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများတိုးမြှင့် ဆောင်ရွက်ရန်နှင့် သုတေသနလုပ်ငန်းနယ်ပယ်များ သတ်မှတ်ဆောင်ရွက်ရန် လုပ်ငန်းအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ကူညီမှုဖြင့် သုတေသနလုပ်ငန်း(၂၆)ခုတို့အား စီစဉ်ပြီးဖြစ်ပါတယ်။ တိုင်းရင်းဆေးပညာနဲ့ဆီလျော်သောစာပေများ၊ ဆေးဝါးကြော်ငြာများအားလည်း ဆောင်ရွက်လျက်ရှိပြီဖြစ်ပါတယ်။ ဒါ့အပြင် ကျင့်ဝတ်နှင့်ညီ၍ တိုင်းရင်းဆေးပညာပိုင်းဆိုင်ရာအရ မှန်ကန်မှုရှိသော တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ စာအုပ်စာပေများ ကြော်ငြာများ ထွက်ပေါ်လာရေးအတွက် Myanmar herbal pharmacopoeia စာတွင်(vol-II) အားလည်းထုတ်ဝေရန် စိစစ်ဆောင်ရွက်ခွင့်ပြုလျက်ရှိပါတယ်။
ဒါ့အပြင် ဆေးပညာကျင့်ဝတ်နှင့် ကိုက်ညီသော တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများဖြစ်ပေါ်လာရေးအတွက်လည်း နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် နိုင်ငံတကာ အဆင့်မီ ထုတ်လုပ်မှုနည်းစဉ်တွေ၊ ထုပ်ပိုးသိုလှောင်မှုစနစ်တွေ၊ အသုံးပြုထုတ်လုပ်တဲ့ ခေတ်မီတိုင်းရင်းဆေးဝါးလုပ်ငန်းကြီးတွေလည်း ပုဂ္ဂလိကကဏ္ဍမှာ ကျယ်ကျယ်ပြန့်ပြန့် အောင်အောင်မြင်မြင် ဖြစ်ထွန်းလျက်ရှိနေပြီဖြစ်ပါတယ်။
နိုင်ငံတကာကို ကြည့်လျှင်လည်း ဓါတုဗေဒနည်းအရ ထုတ်လုပ်တဲ့ အနောက်တိုင်း ဆေးဝါးများရဲ့ဘေးထွက်ဆိုးကျိုးတွေ စျေးနှုန်းကြီးမြင့်မှုတွေကြောင့် သဘာဝကို အခြေခံပြီး ဇီဝနည်းအရ ထုတ်လုပ်တဲ့ တိုင်းရင်းဆေးဝါးများကို ပြန်လည်အားထားလာကြတာတွေ မြင်နေရပြီဖြစ်ပါတယ်။ အချို့သော အိမ်နီးချင်းနိုင်ငံတွေ၊ အာရှနိုင်ငံတွေဟာ ရိုးရာတိုင်းရင်းဆေးကိုနိုင်ငံတကာသိမြင်အောင်ကြိုးစားပြီး နို်င်ငံတကာစျေးကွက်မှာ နေရာရစီပွားဖြစ်ထွန်းနေကြတာလည်း တွေ့မြင်ရလျက်ရှိပါတယ်။ ဒါကြောင့် ပင်ကိုအားဖြင့် အနှစ်သာရပြည့်ဝပြီး အလွန်ကျယ်ဝန်းနက်ရှိုင်း အခြေခိုင်ခံ့တဲ့ ပညာရပ်စစ်စစ် တစ်ခုဖြစ်တဲ့ မြန်မာ့တိုင်းရင်းသားဆေးပညာနဲ့ အာနိသင်အစွမ်းထက်လှတဲ့မြန်မာ့တိုင်းရင်းဆေးဝါးများကို နိုင်ငံတကာသို့တိုင်အောင် အောင်မြင်ကျော်ကြားနိုင်ရန်အတွက် မြန်မာ့တိုင်းရင်းဆေးပညာနဲ့ ပတ်သက်ပြီး အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ရရှိသင့်သည်များကို ဆောင်ရွက်ရန် အခြေအနေကြောင်း အလားလာကောင်းတွေလည်း ရှိလာပြီဖြစ်ပါတယ်။
မြန်မာ့တိုင်းရင်းဆေးပညာနဲ့ ပတ်သက်ပြီး နိုင်ငံတော်ရဲ့ အမျိုးသားကျန်းမာရေးဆိုင်ရာ မူဝါဒမျှော်မှန်းချက်ဟာ မြန်မာ့တိုင်းရင်းဆေးပညာ နိုင်ငံတကာသို့တိုင် ထွန်းတောက်ကျော်ကြားပြီး နိုင်ငံသူ၊ နိုင်ငံသား ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးမြင့်မားစွာပေးနိုင်စေဖို့ ဖြစ်တယ်ဆိုတာကို သိမြင်ခံယူပြီ မြန်မာ့တိုင်းရင်းဆေးပညာ အာဆီယံစီးပွားရေးအသိုက်ဝန်း(AEC) တွင် တိုင်းရင်းဆေးနှင့် ကျန်းမာရေးဖြည့်စွက်စာများနှင့် ပတ်သက်ပြီးခွတ်ခပ်သော ကုန်သွယ်မှုသဘောတူညီချက်နဲ့အညီ ဆောင်ရွက်သည့် လုပ်ငန်းစဉ်အားလည်း တိုင်းရင်းဆေးဝါးထုတ်လုပ်သူများဘက်မှ GMP guideline များနဲ့အတတ်နိုင်ဆုံးကိုက်ညီအောင်ပြင်ဆင်ပြီး ဆောင်ရွက်လျက်ရှိပြီဖြစ်ပါတယ်။
ဒါကြောင့် တိုင်းရင်းဆေးပညာဦးစီးဌာနအနေနှင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ရည်မှန်းချက်များဖြစ်သော လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ လူတိုင်းရောဂါဘယကင်းရှင်းရေးနဲ့ အကောင်အထည်ဖော်ရန် နည်းလမ်းများဖြစ်တဲ့ ကျေးလက်ဒေသအောက်ခြေအထိကျန်းမာရေး အသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးရေးနှင့် ရောဂါဖြစ်ပွားလျှင် ထိရောက်စွာကုသမှုပေးခြင်း မူဝါဒများကိုလည်း လိုက်နာကျင့်သုံးလျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီမှု သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပံ့ပိုးကူညီမှုဖြင့် သမိုင်းအစဉ်အဆက် ပေါ်ထွန်းလာခဲ့တဲ့ မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများ ဆေးကျမ်းအထွေထွေကို ပြုစုစီရင်ခဲ့ကြတဲ့ ပညာရှင်ကြီးများရဲ့အတွေ့အကြုံနဲ့ ပညာခန်းအဆီအနှစ်တွေ စုဝေးဖြစ်တည်နေတဲ့ မြန်မာ့တိုင်းရင်းဆေးပညာကို အယူအဆမလွဲမမှား၊ အာနိသင်မပျက်မယွင်း၊ ပညာခန်းမတိမ်းပါး မချွတ်ချော်စေဘဲ မျိုးရိုးအစဉ်အဆက်ကိုလွှဲအပ်ခဲ့ နိုင်ငံရေးအတွက်လည်း မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများက စေတနာ၊ ပညာ၊ ၀ါ ယမ အားစိုက်မှုများဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ ဤညီလာခံကြီးနေပြီး မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ မြန်မာ့တိုင်းရင်းဆေးသမားတော်များ အားလုံးညီလာခံကြီးမှာ ညီညီညွတ်ညွတ်နဲ့ လက်တွဲပူးပေါင်းပြီးနှီးနှောဖလှယ်ပွဲ၏ ရည်ရွယ်ချက်များဖြစ်တဲ့ မြန်မာ့တိုင်းရင်းဆေးပညာ၏ သမားစဉ်ကုထုံးနည်းစနစ်များနှင့် အစွမ်းထက် ဆေးဝါးများကို ရောဂါအလိုက် ရှာဖွေဖော်ထုတ်ရန် တိုင်းရင်းဆေးရုံများနှင့် တိုင်းရင်းဆေးကုဌာနများတွင် လက်တွေ့အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မြန်မာ့တိုင်းရင်းဆေးပညာအဆင့်အတန်းကို နိုင်ငံတကာအဆင့်သို့ မြှင့်တင်နိုင်ရန်၊ မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးပညာပေးခြင်းကို အိမ်ရှင်မများထံ ရောက်ရှိအောင်ဆောင်ရွက်ရန်၊ နယကြီး(၄)ပါးကို အခြေခံသည့် မြန်မာ့တိုင်းရင်းဆေးပညာကုထုံး နည်းစနစ်များကို အမျိုးသားရေးအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန်၊ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်နှင့် ခေတ်အဆက်ဆက်တိုင်းရင်းဆေးပညာ သင်ကြားရေးစနစ် ဆန်းစစ်သုံးသပ်ရန် မြန်မာ့တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ပြန့်ပွားရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် ရည်ရွယ်ချက်များကို ရှေးလုပ်ငန်းစဉ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုပြောကြားရင်းနိဂုံးချုပ်လိုက်ပါတယ်။