ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက ကြီးမှူး၍ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသော (၈)ကြိမ်မြောက် မဲခေါင်ဒေသတွင်း နိုင်ငံများ၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အစည်းအဝေးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တက်ရောက်အမှာစကားပြောကြားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီဝင်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့မှ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ အသင်းမှအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူ အသင်း(ယာယီ)မှ ကိုယ်စား လှယ်များ၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယမ်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ရိုးရာတိုင်းရင်းဆေးပညာရှင်များ၊ နှီးနွယ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
ထို့နောက် (၈)ကြိမ်မြောက် မဲခေါင်ဒေသတွင်းနိုင်ငံများ၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အစည်းအဝေး ပထမနေ့ကို ဆန်းမစ်ပတ်ဗျူးဟိုတယ်၌ ကျင်းပရာ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ကုထုံးများနှင့် ဆေးဘက်ဝင်ပစ္စည်းများကို ပျောက်ကွယ်မသွားစေရေး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များအကြောင်းနှင့် နာဂိုရာပရိုတိုကောကို သိရှိလိုက်နာနိုင်ရေး၊ သာတူညီမျှခွဲဝေခံစားနိုင်ရေး၊ ရိုးရာတိုင်းရင်းဆေးပညာရှင်များ သုတေ သနပြု ဆောင်ရွက်ရာတွင် သိရှိရမည့် လမ်းညွှန်ချက်များနှင့် ကျင့်ဝတ်ဆိုင်ရာများ၊ မဟာမဲခေါင် မြစ်ဝှမ်း ဒေသနိုင်ငံများတွင် တိုင်းရင်းဆေးကဏ္ဍအနေဖြင့် ရိုးရာတိုင်းရင်းဆေး ပညာရှင်များ၊ ကုထုံးများနှင့် အသုံးပြုသောဆေးပင်များကို မှတ်တမ်းများဖြင့်ထားရှိရန်၊ တရုတ်အစိုးရ၏ သုတေသန အထောက် အပံ့ရန်ပုံငွေဖြင့် မဟာမဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများအတွင်း သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားရန် စသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။