နေပြည်တော်၊ စက်တင်ဘာလ (၂၇)ရက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အမျိုးသားပရဆေးဥယျာဉ်အစည်းအဝေးခန်းမ၌ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ဦးမိတ်နှင့်အဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့ပြီး တိုင်းရင်းဆေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင်-
- တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ (Traditional Medicine Technical Advisory Group-TAG)၏ အစည်းအဝေးများကို ပုံမှန်(၃)လ တစ်ကြိမ်ခန့် ဆောင်ရွက်စေလိုကြောင်း၊ တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ယခုထက်ပိုမို လျှင်မြန်သော အရှိန်အဟုန်ဖြင့် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊
- တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့အနေဖြင့် တိုင်းရင်းဆေးတက္ကသိုလ်သို့သွားရောက်၍ သင်ကြားပုံနည်းစနစ်၊ သင်ရိုးညွှန်းတမ်း၊ စာသင်ခန်းမအနေအထားတို့ကိုလေ့လာ၍ အခုထပ် ပိုမိုကောင်းမွန်သော အရည်အသွေးဖြင့် တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်နိုင်ရေး အကြံပြုစေလိုကြောင်း၊
- တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းသည် အလွန်အရေးကြီးပြီး ဆေးသုတေသနဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း လုပ်ဆောင်ကြစေ လိုကြောင်း၊
- တိုင်းရင်းဆေးထုတ်လုပ်သူများနှင့်လည်းလက်တွဲပြီး အရည်အသွေးပြည့်မီသော တိုင်းရင်းဆေးဝါးများ ပြည်သူလူထုလက်ဝယ်သို့ရောက်ရှိအောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ သုတေသန မူဝါဒပေါ်ထွက်လာရေးအတွက် ဤအကြံပေးအဖွဲ့၏ အကူအညီ၊ အကြံဉာဏ်များ ရယူဆောင်ရွက်သွားရန်နှင့် တိုင်းရင်းဆေးပညာရပ် သင်ကြားရေးဆိုင်ရာညီလာခံတစ်ခုကိုလည်း ကျင်းပရန်လို အပ်ကြောင်း ပြောကြားခဲ့ ပါသည်။
- ထို့နောက် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ဥက္ကဌ ပါမောက္ခဒေါက်တာဦးမိတ်က မိမိတို့အဖွဲ့အနေဖြင့် တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးပြည့်ဝသော ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေးအတွက် ရှေးနည်းလည်းမပယ်၊ ခေတ်မီ ဆန်းသစ်သောနည်း၊ အတွေးအခေါ်များဖြင့် ပေါင်းစပ်ဆောင်ရွက်၍ တိုင်းရင်းဆေးပညာရပ် တိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးစားပြီး အားလုံးစုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
- ၄င်းနောက် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးနှင့် TAG အဖွဲ့ဝင်များက သင်ကြားရေးနှင့် သုတေသနကိစ္စ၊ Good Manufacturing Practice(GMP) သင်တန်းများဖွင့်လှစ်ရန် ကိစ္စ၊ စာကြည့်တိုက် တိုးတက်ရေးကိစ္စများ ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက အားလုံးညီညီညွတ်ညွတ်ဖြင့် စုပေါင်းစဉ်းစား ဆောင်ရွက်သွားရန်နှင့် ဝန်ကြီးဌာနအနေဖြင့် အစွမ်းကုန်ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
- အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက် ခဲ့ကြပါသည်။