the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၁)ကြိမ်မြောက်၊ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကျင်းပပြုလုပ်ခြင်း

 

(၁၁)ကြိမ်မြောက်၊ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲဖွင့်ပွဲ အခမ်းအနားကို (၂၇.၇.၂၀၂၂) ရက်နေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာ ဝန်ကြီး ဦးသိန်းဌေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ  ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့မှ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) နှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့မှ  ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးပညာရှင်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

          (၁၁)ကြိမ်မြောက်၊ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲဖွင့်ပွဲ အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာ စကားပြောကြားရာတွင် -

ဒီကနေ့ကျင်းပတဲ့ (၁၁)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲဟာဆိုရင် မြန်မာ့တိုင်းရင်းဆေးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ခြေလှမ်းတစ်လှမ်း ဖြစ်ပါ ကြောင်း၊ မြန်မာ့တိုင်းရင်းဆေးတွေဟာ အမှန်တကယ် အကျိုးအာနိသင်ရှိပါကြောင်း၊ လက်တွေ့ ပြသနိုင်အောင် "တိုင်းရင်းဆေးကို Experience base ကနေ Evidence base  သို့ တစ်ဆင့် တစ်ဆင့် ပြောင်းလဲတိုးတက်ရေး" ဆိုတဲ့ လမ်းကြောင်းကိုလျှောက်လှမ်း သွားနေကြပြီ ဖြစ်ပါကြောင်း၊ ၁၉၉၃ ခုနှစ်ကတည်းက ရေးဆွဲခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသား ကျန်းမာရေးမူဝါဒ (National Health Plan) (၁၅) ချက်ထဲမှာ “မြန်မာ့တိုင်းရင်းဆေးပညာဆောင်ရွက်ချက်များနှင့် သုတေသနလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီသည်အထိ ဆောင်ရွက်ခြင်းကိုအားပေးရန်နှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်” ဆိုတဲ့ အချက်လည်း ပါဝင်နေတာကြောင့် တိုင်းရင်းဆေးသုတေသနကို အရှိန်အဟုန်မြှင့် တိုးတက်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊

           တိုင်းရင်းဆေးဝါးတွေရဲ့ အရည်အသွေး(Quality)၊ အန္တရာယ်ကင်းရှင်းမှု(Safety) နဲ့ အာနိသင်ရှိမှု (Efficacy)တွေကို တတ်နိုင်သမျှ စံသတ်မှတ်ကြဖို့လိုပါကြောင်း၊ သို့မှသာ အာဆီယံ  နိုင်ငံများအပါအဝင် နိုင်ငံတကာမှာ မြန်မာနိုင်ငံကထုတ်တဲ့ တိုင်းရင်းဆေးဝါးတွေကို အသိအမှတ်ပြု လေးစားလာမှာဖြစ်တဲ့အတွက် တက်ညီလက်ညီပူးပေါင်း ဆောင်ရွက်ကြိုးပမ်းကြရမှာဖြစ်ပါကြောင်း၊ ယခုလို စာတမ်းဖတ်ပွဲတွေ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပြီး သုတေသန တွေ့ရှိချက်များကို မျှဝေဖလှယ်ညှိနှိုင်း ဆွေးနွေးခြင်းများပြုလုပ်ခြင်းအပြင် အာဆီယံနိုင်ငံများ အပါ အဝင် ကမ္ဘာနှင့်ရင်ဘောင်တန်းလိုက်မီဖို့ ကြိုးစားနေကြတာဖြစ်ပါကြောင်း၊ (၁၁)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို ရည်ရွယ်ချက် (၄)ချက်နဲ့ ကျင်းပပြုလုပ်တာ ဖြစ်ပါကြောင်း၊

          စာတမ်းဖတ်ပွဲတွင် သုတေသနစာတမ်းပေါင်း (၂၂) စောင်၊ ပိုစတာ(၆) စောင်၊ တင်သွင်း ဖတ်ကြားကြမယ်လို့သိရှိရပါကြောင်း၊  ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွယ်ဆက်စပ်ရာ ဝန်ကြီးဌာန များကလည်း တိုင်းရင်းဆေးသုတေသန စာတမ်းများ လာရောက်ဖတ်ကြား တင်သွင်းကြတယ်လို့ သိရပါကြောင်း၊ စာတမ်းဖတ်ပွဲတွင် အလွန်စိတ်ဝင်စားစရာကောင်းတဲ့ Acupuncture၊ ပိုးမွှားများ ကင်းစင်မှုလေ့လာခြင်းသုတေသန၊ ဆေးခါးကြီးရဲ့ကိုယ်ခံအားကို ကောင်းစေသော သုတေသန စာတမ်းတွေပါဝင်တာဖြစ်လို့ အင်မတန် အကျိုးကျေးဇူး ဖြစ်ထွန်းတယ်လို့ ပြောချင်ပါကြောင်း၊ သုတေသနစာတမ်းဖတ်ပွဲမှ ထွက်ရှိလာသည့် သုတေသနစာတမ်းများကို စနစ်တကျမှတ်တမ်းတင် ထားရှိရမည်ဖြစ်ကာ မျိုးဆက်သစ်များရည်ညွှန်းကိုးကားနိုင်ရန် ပြည်တွင်းဆေးသုတေသနဂျာနယ် များနှင့် နိုင်ငံတကာအသိအမှတ်ပြုသုတေသနဂျာနယ်များတွင် ထည့်သွင်းဖော်ပြနိုင်သည်အထိ ကြိုးစားကြရန်လိုအပ်ကြောင်း၊ ယခုအခါ ကမ္ဘာတစ်ဝန်းလုံးရင်ဆိုင်နေရသော ကိုဗစ်-၁၉ (ကိုရိုနာဗိုင်းရပ်စ်) ကပ်ရောဂါလည်း ဗီဇမျိုးကွဲအမျိုးမျိုးပြောင်းလဲကာ ကူးစက်မှုနှုန်း မြန်ဆန်ရုံသာမက အချိန်တိုအတွင်း ကင်းစင်းပပျောက်စေနိုင်မည့် ရောဂါမျိုးမဟုတ်ဘဲ ဆက်လက်ဖြစ်ပွားနိုင်သော ကြောင့် နိုင်ငံတကာတွင် တိုင်းရင်းဆေးဖြင့်ကာကွယ်ကုသနိုင်ရန် ဆောင်ရွက်နေကြပါကြောင်း၊ ပြောကြားခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းရင်းဆေးသုတေသနပိုစတာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။ ယခုသုတေသန စာတမ်းဖတ်ပွဲတွင် သုတေသနစာတမ်းပေါင်း(၂၂)စောင်၊ ပိုစတာ(၆)စောင် တင်သွင်းဖတ်ကြားကြ မည်ဖြစ်ပြီး နှီးနွယ်ဝန်ကြီးဌာနများကလည်း စာတမ်းများလာရောက်ဖတ်ကြားသွားကြမည်ဖြစ်ကာ အကောင်းဆုံးတိုင်းရင်းဆေးသုတေသနစာတမ်း၊ သိပ္ပံသုတေသနစာတမ်း၊ ကျန်းမာရေးစနစ် သုတေသနစာတမ်းနဲ့ ပိုစတာများမှ အရည်အသွေးအဆင့်မီသည့် သုတေသနစာတမ်းများကို စိစစ်အကဲဖြတ်ပြီး ဆုချီးမြှင့်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

နိဂုံးချုပ်အနေနဲ့ ယခု(၁၁)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ကျင်းပနိုင်အောင် အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် တက္ကသိုလ်က တာဝန်ရှိပုဂ္ဂိုလ်များ စာတမ်းရှင်များ၊  သဘာပတိအဖွဲ့ဝင်များ၊ သုတေသနစာတမ်း ဖတ်ပွဲသို့ ကြွ‌ရောက်လာကြသော ဧည့်တော်များနဲ့ ဒီစာတမ်းဖတ်ပွဲကြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင် ကမကထပြု ပံ့ပိုးကူညီပါသော မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ် သူများ နှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါကြောင်း ပြောကြား ခဲ့ပါသည်။

ထို့နောက် တိုင်းရင်းဆေးသုတေသနပိုစတာများအား လှည့်လည်ကြည့်ရှုအားပေး၍ ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

           

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ