၂၀၁၉ ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့၌ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) နေပြည်တော်တွင် (၂၀) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမား ပညာရှင်များ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးပညာဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေး ကောင်စီ နာယကအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေး အဖွဲ့မှဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးကောင်စီဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးဝါး စက်ရုံအကြံပေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ညီလာခံကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာနှီးနွယ်ပညာရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ စုစုပေါင်းလူဉီးရေ (၃၅၀) ခန့် တက်ရောက်ကြပါသည်။
ထို့နောက် မြန်မာ့တိုင်းရင်းဆေးပညာရှင်များနှီးနှောဖလှယ်ပွဲအား ဆက်လက်ကျင်းပခဲ့ရာ “မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွှာအသီးသီးမှ တိုင်းရင်းဆေးပညာရှင်များ ပါဝင်ဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် Panel Discussion တွင် ဒေါက်တာသာထွန်းကျော် (ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)က Moderator အဖြစ် ဆောင်ရွက်ပြီး ဦးမြင့်လွင် (နာယက၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ)၊ ဦးဝထွန်း (တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေး အဖွဲ့ဝင်)၊ ဦးကျော်သိန်းဌေး (ကျွမ်းကျင်သူ)၊ ဦးဝင်းမြင့် (နှီးနွယ်ပညာရှင်)၊ ဒေါ်လေးမြင့် (တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှင်)၊ ဦးဟိန်းစိုးကျော် (လူငယ်တိုင်းရင်း ဆေးပညာရှင်)တို့က အပြန်အလှန် ဆွေးနွေးမည့်ပုဂ္ဂိုလ်များ (Panelist) များအဖြစ် ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြသော သူများက ဝိုင်းဝန်းဆွေးနွေးကြကာ နံနက်ပိုင်း အစီအစဉ်ကို ခေတ္တရပ်နားခဲ့ပါသည်။
နေ့လယ်ပိုင်းတွင် “လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခြင်း (အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍ) ခေါင်းစဉ်ဖြင့် Panel Discussion ကို ဆက်လက်ကျင်းပရာ Moderator အဖြစ် ဒေါက်တာတင်တင်လေး (ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန)က ဆောင်ရွက်ပြီး Panelist များအဖြစ် ပါမောက္ခဒေါက်တာစန်းစန်းနွဲ့ (ပါမောက္ခချုပ်(ငြိမ်း)၊ ဆေးဝါးတက္ကသိုလ် (ရန်ကုန်))၊ ဦးလှမြင့် (တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင်)၊ ဦးအောင်မြတ်ကျော် (တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင်)၊ ပါမောက္ခမောင်မောင်သက် (ပါမောက္ခ/ ဌာနမှူး(ငြိမ်း)၊ တိုင်းရင်းဆေးတက္ကသိုလ်)၊ ဒေါ်စန်းစန်းထူး (လက်ထောက် ကထိက၊ ဆေးဝါးဗေဒဌာန၊ တိုင်းရင်းဆေး တက္ကသိုလ်)တို့က ဆွေးနွေးကြပါသည်။ ထို့နောက် တက်ရောက်လာကြသော ညီလာခံကိုယ်စားလှယ် တော်ကြီးများနှင့် ဧည့်သည်တော်များက ဝိုင်းဝန်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ (၂၀) ကြိမ်မြောက်၊ မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာရှင်များနှီးနှောဖလှယ်ပွဲ ပိတ်ပွဲအခမ်းအနားကိုကျင်းပရာ သဘာပတိအဖြစ် တိုင်းရင်းဆေး ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမိုးဆွေက ဆောင်ရွက်ခဲ့ပြီး မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံတွင် သဘာပတိအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပေးခဲ့ကြသူများ၊ အဆိုပြုစာတမ်း တင်သွင်းခဲ့ကြသူများ၊ မြန်မာ့တိုင်းရင်းဆေးပညာရှင်များ နှီးနှောဖလှယ်ပွဲတွင် ဝိုင်းဝန်းဆွေးနွေးပေးခဲ့ကြသော Moderator နှင့် Panelist များ၊ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ အထိမ်းအမှတ် ခင်းကျင်း ပြသ ပေးကြသည့် တိုင်းရင်းဆေးပြခန်းရှင်များ၊ ရိုးရာအကဖြင့် ကပြဖျော်ဖြေပေးကြသူများ၊ တိုင်းရင်းဆေးသံတမန်နှင့် ထူးချွန်ဆု ရရှိသူများကို ဂုဏ်ပြုလွှာနှင့် ဆုများ အသီးသီး ချီးမြှင့် ပေးအပ်ခဲ့ပါသည်။
ထို့နောက် သဘာပတိ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမိုးဆွေက နိဂုံးချုပ်အမှာစကားပြောကြားပြီး (၂၀) ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။