ယနေ့ (၃-၁၂-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီတွင် (၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ရုံးအမှတ်(၄၇)၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းကော်မတီဝင်များနှင့် ဆပ်ကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
သဘာပတိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က - လုပ်ငန်းကော်မတီဝင်များနှင့် ဆပ်ကော်မတီဝင်များအသီးသီးက အားတက်သရော အတူတကွညှိနှိုင်းပူးပေါင်းပါဝင်ကြတာ တွေ့ရသောကြောင့် အလွန်ပင် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်းနှင့် (၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ ယင်းနောက် ဆပ်ကော်မတီအသီးသီးက လုပ်ငန်းဆိုင်ရာ၊ အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေး၊ လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ဘဏ္ဍာရေး၊ ဧည့်ခံကျွေးမွေးရေး ကော်မတီ အသီးသီးတို့မှ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များမှ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အခမ်းအနားကို ၀၂း၃၀ နာရီတွင် ရပ်နားခဲ့ပါသည်။