the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန၏ တံဆိပ်အဓိပ္ပါယ်ဖွင့်ဆိုချက်

၁။    ဒိုင်းလွှား
လူသားတို့တွင်ဖြစ်သော ရောဂါအမျိုးစုံကို ခုခံကာကွယ်ကုသနိုင်ခြင်းတည်းဟူသော ရည်ရွယ်ချက်ဖြင့် ဒိုင်းလွှားပုံသဏ္ဍန်ကို အသုံးပြုထားခြင်းဖြစ်သည်။ ဒိုင်းလွှား၏ အရောင်မှာ အပြာရောင်ဖြစ်ပါသည်။ အပြာရောင်၏ အဓိပ္ပါယ်မှာ အေးချမ်းတည်ငြိမ်သော တိုင်းရင်းဆေး ပညာလောကတွင် မြန်မာ့တိုင်းရင်း ဆေးဆရာများအား စုစည်းညီညွတ်စေကာ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုကို တာဝန်ယူ ဆောင်ရွက်ကြမည်ဟူသော ရည်ရွယ်ချက် ဖြစ်ပါသည်။

 

၂။    ကနုတ်ပန်းများ
မြန်မာ့တိုင်းရင်းဆေးသည် မြန်မာတို့၏ အားထားရာ ဆေးပညာတစ်ရပ် ဖြစ်သည်နှင့်အညီ မြန်မာ့မူ မြန်မာ့ဟန် ကနုတ်ပန်းများဖြင့် ဒိုင်းလွှားပတ်လည်တွင် တန်ဆာဆင် ထားခြင်း ဖြစ်သည်။ ကနုတ်ပန်းကို အဝါရောင်ဖြင့်ချယ်သ ထားပါသည်။ အဝါရောင်သည် တည်ငြိမ်ခြင်း သဘောဆောင်သည့် အတွက် သမားဂုဏ်နှင့်အညီ မြန်မာဆန်ဆန်ဖြင့် တည်ငြိမ်စွာရှိသည် ဟူသော ရည်ရွယ်ချက် ဖြစ်ပါသည်။

 

၃။    တိုင်းရင်းဆေးပညာဦးစီးဌာန
တိုင်းရင်းဆေးပညာ ဦးစီးဌာနကို ရွှေရောင်စလုံးဖြင့် ရေးသားမည်ဖြစ်သည်။ မြန်မာ့ တိုင်းရင်းဆေးပညာကို တိုးတက်မြင့်မားအောင် ဖော်ဆောင် ပေးသည့်ဌာနအဖြစ် ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ရွှေရောင်စာလုံးဖြင့် ရေးသားခြင်းဖြစ်သည်။

 

၄။    ဘုမ္မရာဇာပင်
မြေတွင်ပေါက်သော သစ်ပင်တို့တွင် ဘုရင်တစ်ဆူကဲ့သို့ တင်စားခေါ်ဝေါ်အပ်သော အပင်လည်း ဖြစ်သည့်အပြင် လူသားတို့၏ ကျန်းမာရေးအတွက် ဆေးဖော်ရာတွင် အရေးပါ အရာရောက်သောကဏ္ဍတွင်ပါဝင်သော ဆေးပင်တစ်ပင်ကို မြန်မာ့ဆေးပညာ အထိမ်းအမှတ် အဖြစ် အသုံးပြုဖော်ပြထားခြင်းဖြစ်သည်။ ဘုမ္မရာဇာပင်တွင် အရွက်(၅)ရွက်နှင့်အပွင့်(၅)ပွင့် ပါရှိပါသည်။ ၄င်းသည် သမားအင်္ဂါ ငါးပါးကို ကိုယ်စားပြု၍ ဖော်ပြထားခြင်းဖြစ်ပါသည်။ သမားအင်္ဂါ(၅)ပါးမှာ-
    (၁) သက်ကြည့်ဗေဒင်၊ တတ်မြော်မြင်လျက်
    (၂) ဆင်ခြင်ထောက်ရှု၊ ဆေးကုလိမ္မာ
    (၃) ဆေးစာများမြောင်၊ ကျမ်းစောင်စောင်ကို
    (၄) တတ်ခေါင်တွင်ကျယ်၊ ချစ်ဖွယ်ရှိခြင်း
    (၅) သီတင်းဖြူစင်၊ ကျင့်စုံလင်အံ့
စကားပြေ- သမားတို့သည် ဗေဒင်ပညာကိုလည်းတတ်မြောက်ရမည်။ ဆေးကုရာတွင်လည်း အမြော်အမြင်ဖြင့်ဆင်ခြင်၍ ကုသရမည်။ ဆေးကျမ်းများမှ ဆေးစာများကိုလည်း တတ်မြောက် ရမည်။ အကျင့်သီလစင်ကြယ်၍ နှစ်လိုဖွယ် ပြောဆိုနေထိုင်ရမည်ဟု ဆိုလိုသည်။
ဤ အင်္ဂါ ငါး၊ မယွင်းပါးသည်
သမား ပဏ္ဍိ ကဝိနက်စံ၊ ဂုဏ်လောက်ငံကို
ပသံ သိတ ထိုက်တန်လှ ဟု၊ ရာဇ နိတိကျမ်းတွင် ရှိ၏
(နရသုခ ကျမ်းလာအရ)
ဘုမ္မရာဇာပင်စည်မှာ အညိုရောင်ဖြစ်ပြီး အရွက်မှာ အစိမ်းရောင်ဖြစ်ပါသည်။ အပွင့်မှာ     အဝါရောင်ဖြစ်ပြီး ဝတ်ဆံမှာ အနီရောင်ဖြစ်ပါသည်။

 

၅။    သံလွင်ခက်
ဘုမ္မရာဇာပင်ကို သံလွင်ခက်နှစ်ခက်ဖြင့် ဝန်းရံထားပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာကျန်းမာရေးကဏ္ဍများတွင် သံလွင်ခက်ကို အသုံးပြုထားကြသဖြင့် မြန်မာ့ တိုင်းရင်းဆေးပညာသည်လည်း ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သည်ဟူသော ရည်ရွယ်ချက်ဖြင့် သံလွင်ခက်ကို အသုံးပြုထားခြင်းဖြစ်သည်။ သံလွင်ခက်၏ အရောင်မှာ အစိမ်းရောင် ဖြစ်ပါသည်။

 

၆။    မြွေနှစ်ကောင်
သိပ္ပံနှင့်ယှဉ်သော ရိုးရာတိုင်းရင်းဆေးပညာများကို ဖော်ထုတ်၍ ခေတ်မီနည်းများဖြင့် သုတေသနပြုခြင်း၊ ခေတ်မီနည်းကိရိယာများကို အသုံးပြုပြီး ရောဂါရှာဖွေခြင်းတို့ဖြင့် သုတေသနပြုဖော်ထုတ်ကာ ကုသရေးအပိုင်းတွင်လည်း ခေတ်ပေါ်ဆေးပညာနှင့် တိုင်းရင်းဆေးပညာများ ပူးပေါင်းကုသမည်ဟူသော အဓိပ္ပါယ်ကိုဆောင်ပါသည်။ မြွေမှာ မြွေပွေးဖြစ်ပြီး အသွေးအရောင်နှင့်အကွက်မှာ မြွေပွေး၏အသွေးအရောင်နှင့် အကွက်အတိုင်း ဖြစ်ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ