၂၀၁၈ ခုနှစ် မတ်လ (၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့၊ မြို့သစ်အမှတ်(၄)ရပ်ကွက်၊ ခွာညိုလမ်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက တည်ဆောက်ခဲ့သည့် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံကို ဖွင့်လှစ်ခဲ့ပါသည်။
ဆေးရုံသစ်ကို ရှမ်းပြည်နယ်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီးတင့်ခိုင်နှင့် ပြည်နယ်တိုင်းရင်းဆေးပညာဦးစီး ဌာနမှူး ဦးကျော်ဆွေတို့က ဖဲကြိုးဖွင့်လှစ်ပြီး ဝန်ကြီးက ဂုဏ်ပြုစကားပြောကြားသည်။ ထို့နောက် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးက ဆေးရုံသစ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုကြသည်။
"အချို့သောရောဂါဝေဒနာတွေကို တိုင်းရင်းဆေးပညာနဲ့ကုသရင် ပိုမိုသက်သာပြီး မြန်မြန်ရောဂါပျောက်ကင်းတာ တွေ့ဖူးပါတယ်၊ တိုင်းရင်းဆေးပညာနဲ့ ကုသမှုကိုလည်း ခံယူဖူးပါတယ်"ဟု အသက် (၇၂)နှစ်အရွယ် "ဝ" တိုင်းရင်းသား ဦးဖရန်စစ်က ပြောသည်။
ယခုဖွင့်လှစ်သည့် တိုင်းရင်းဆေးရုံကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းက စတင် တည်ဆောက်ခဲ့ပြီး အလျား ၁၂၄ ပေ၊ အနံ ၆၄ ပေ၊ အမြင့် ၁၄ ပေ ရှိကာ ဆေးရုံ အဆောက်အအုံနှင့်အတူ ဝန်ထမ်းအိမ်ရာပါ တည်ဆောက်ခြင်းအတွက် စုစုပေါင်း ငွေကျပ် (၃၀၇)သန်း ကုန်ကျခဲ့ကြောင်း၊ ကျိုင်းတုံမြို့တွင် ယခင်က မြို့နယ် တိုင်းရင်းဆေးကုဌာန သာရှိခဲ့ပြီး ယခု တိုင်းရင်းဆေးရုံအဖြစ် စတင်ဖွင့်လှစ်နိုင်ခဲ့ရာ တိုင်းရင်းဆေးဖြင့် ပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ကြောင်း ခေတ္တညွှန်ကြားရေးမှူးချုပ် ဦကျော်သိန်းဌေး က ပြောသည်။