၂၀၁၈ ခုနှစ် မတ်လ ၂၉ ရက်နေ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေး ပညာဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံဖွင့်ပွဲကို နံနက် (၈)နာရီက အဆိုပါ ဆေးရုံရှေ့၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ကုသရေး) ဦးမြင့်ဦးနှင့် တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးသာဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ကုသရေး)က ဆေးရုံဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည် ပက်ဖျန်းပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆေးရုံဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။