နေပြည်တော် စက်တင်ဘာ ၃၀ ရက်
ရွှေဘိုတက္ကသိုလ်၊ ရုက္ခဗေဒအထူးပြုတတိယနှစ်နှင့် ပထမနှစ်ဂုဏ်ထူးတန်းကျောင်းသား၊ ကျောင်းသူ(၁၉၀)ဦးတို့သည် ပါမောက္ခ(ဌာနမှူး)ဒေါက်တာသိင်္ဂီဌေးဦးဆောင်သောကြီးကြပ်သူဆရာ၊ ဆရာမ (၂၃)ဦးလိုက်ပါလျက် (၃၀.၉.၂၀၁၈)ရက် (တနင်္ဂနွေနေ့) နံနက်(၈)နာရီမှ (၁၁း၄၀)နာရီထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်ရှိပရဆေးဥယျာဉ်သို့ သင်ရိုးညွှန်းတမ်း လိုအပ်ချက်အရ ကွင်းဆင်းလေ့လာရေးခရီး လာရောက်ခဲ့ပါသည်။
ထိုသို့လေ့လာရေးလာရောက်ရာတွင် ပထဦးစွာပါမောက္ခ(ဌာနမှူး) ဒေါက်တာသိင်္ဂီဌေးမှ လေ့လာရေး အထိမ်းအမှတ်အလံပေးအပ်ရာတိုင်းရင်းဆေးပညာဦးစီးဌာန၊ ဆေးဝါး/ဥယျာဉ်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး(ဥယျာဉ်) ဒေါ်အေးအေးမာက လက်ခံရယူပါသည်။ ဆက်လက်၍ တိုင်းရင်းဆေးပညာဦးစီးဌာနက ရွှေဘိုတက္ကသိုလ်၊ ရုက္ခဗေဒဌာနစာကြည့်တိုက်အတွက် Myanmar Herbal Pharmacopoeia Volume I နှင့် Volume II တို့ကို လှူဒါန်းပါသည်။ ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်အေးအေးမာ (ဒုတိယညွှန်ကြားရေးမှူး၊ဥယျာဉ်)၊ ဒေါ်ဆွေဆွေ (ဒုတိယညွှန်ကြားရေးမှူး၊ သုတေသန)၊ ဒေါ်နေနေနိုင်ရည် (လက်ထောက်ညွှန်ကြားရေးမှူး၊ ဖွံ့ဖြိုးရေး) နှင့် တာဝန်ရှိသူများကတိုင်းရင်းဆေးပညာဦးစီးဌာနရှိ ပရဆေးဥယျာဉ်များအကြောင်း၊ ပရဆေးပင်ပြကွက်များ၊ ပရဆေးပင်သုတေသနများအကြောင်းနှင့် တိုင်းရင်းဆေးပညာပြတိုက်များကို လိုက်လံ ရှင်းလင်း ပြသကြ ပါသည်။
ဆက်လက်ပြီး ကျောင်းသား/ကျောင်းသူများသည် အမျိုးသားပရဆေးဉယျာဉ်အတွင်းထားရှိသော တိုင်းရင်းဆေးပညာပြတိုက်သို့ လေ့လာခဲ့ကြပါသည်။ ပြတိုက်အတွင်း ခင်းကျင်းပြသထားသော ဌာနထုတ်တိုင်းရင်းဆေးများ/ ဆေးဖက်ဝင်အပင်များ/ ရေထွက်ပစ္စည်းများ/ တွင်းထွက်ပစ္စည်းများ ဆေးဖက်ဝင်အပင်၊ ဆီ၊ ကြပ်ထုပ် အစရှိသည့် ပြကွက်အမျိုးမျိုး၊ ဝိဇ္ဇာဓရနယဆေးပညာများ၊ ရှေးသမားတော်ဆရာကြီးများ၏ သရုပ်ဖော်ပုံများ အစရှိသည် တို့ကို ဖွံ့ဖြိုးရေးဌာနစိတ်မှ လ/ထညွှန်ကြားရေးမှူး ဒေါ်နေနေနိုင်ရည်မှ ဦးဆောင်ပြီး တာဝန်ရှိသူများမှ ရှင်းလင်း ပြသခဲ့ကြပါသည်။