the republic of the union of myanmar

ministry of health

Department of Traditional Medicine

နိုင်ငံတော်သမ္မတဦးထင်ကျော်က(၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံသို့ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်

 ဒီနေ့ကျင်းပတဲ့ (၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို မြန်မာနိုင်ငံတစ်ဝန်းလုံးကတက်ရောက် လာကြတဲ့ မြန်မာ့တိုင်းရင်းဆေး သမားတော်ကြီးများနဲ့ တိုင်းရင်းဆေးပညာရှင် အပေါင်းတို့ကိုဝမ်းမြောက်ဂုဏ်ယူစွာ နှုတ်ခွန်းဆက်သပါကြောင်းနဲ့ ကိုယ်စိတ်နှစ်ပါးကြည်လင်ချမ်းမြေ့ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

                

အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဂုဏ်ဒြပ်တစ်ရပ်ဖြစ်တဲ့ မြန်မာ့ တိုင်းရင်းဆေးလောကဘက်စုံအဆင့်အတန်းမြင့်မားရေး၊ မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့တိုင်းရင်းဆေးဆရာတို့ရဲ့ ကျင့်ဝတ်သိက္ခာမြင့်မားရေးနဲ့ မြန်မာ့တိုင်းရင်းဆေးဝါးများပိုမိုကောင်းမွန်လာစေရေးစတဲ့ မွန်မြတ်တဲ့ ရည်ရွယ်ချက် များနဲ့ နှစ်စဉ်မပျက်ကျင်းပလျက်ရှိတဲ့ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို ခရစ်သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်ကစတင်ပြီးနှစ်စဉ်မပျက်မကွက် ကျင်းပလာခဲ့တာ အခုဆိုရင် (၁၇)ကြိမ်မြောက်ခဲ့ပြီဖြစ်ပါတယ်။

               

ညီလာခံအဆက်ဆက်မှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနကတိုင်းရင်းဆေးနဲ့ သက်ဆိုင်တဲ့ကိစ္စအဝဝကို ဆောင်ရွက်ပေးရတဲ့ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးကောင်စီဝင် ကိုယ်စားလှယ်ကြီးများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းမှ ကိုယ်စားလှယ်များ၊ အနယ်နယ်အရပ်ရပ်က တိုင်းရင်းဆေးပညာရှင် ကိုယ်စားလှယ်များနှင့် တိုင်းရင်းဆေးနှင့် နှီးနွယ်တဲ့ပညာရှင်ကိုယ်စားလှယ်များတွေ့ဆုံညှိနှိုင်း၊ ဆွေးနွေး ဖလှယ်ကြပြီး မြန်မာ့တိုင်းရင်းဆေးလောက တိုးတက်ဖွံ့ဖြိုးမှုများကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ကြမှာလည်းမလွဲဧကန် ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

               

အခုညီလာခံကြီးမှာလည်းညီလာခံကိုယ်စားလှယ် တိုင်းရင်းဆေးသမားတော်များနဲ့ နှီးနွယ်ပညာရှင်အပေါင်းတို့ဟာ ညီညွတ်ချစ်ခင်စွာ ဆုံဆည်းကြရင်းတိုင်းရင်းဆေးပညာ အဆင့်အတန်းမြင့်မားတိုးတက်စေရေးနဲ့ မြန်မာ့ တိုင်းရင်းဆေးပညာနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကို ပိုမိုထိရောက်ကျယ်ပြန့်စွာ စောင့်ရှောက်မှုပေးနိုင်ဖို့ ရည်မှန်းပြီးမိမိတို့ရဲ့ အတွေ့အကြုံ၊ အတွေးအခေါ်နဲ့ စေတနာမှန်စွာအပြုသဘောဆောင်တဲ့ အမြင်များကို ဆွေးနွေးတိုင်ပင်ကြရင်း မြန်မာ့ တိုင်းရင်းဆေးပညာလောကအတွက် သာမကနိုင်ငံတော်နဲ့ ပြည်သူများအတွက်ပါ ထူးခြားကောင်းမွန်တဲ့ အကျိုးရလဒ်ကောင်းများဖြစ်ပေါ်စေမှာဖြစ်ပါတယ်။

              

မြန်မာ့တိုင်းရင်းဆေးပညာဟာမြန်မာ့ရေမြေသဘာဝ၊ ရာသီဥတု၊ မြန်မာ့ ရိုးရာအတွေးအခေါ် အယူအဆ၊ မြန်မာ့လူနေမှုစနစ်တို့နဲ့ အပြန်အလှန် အကျိုးပြု ယှဉ်တွဲဖြစ်ထွန်းလာခဲ့တဲ့ မြန်မာ့ရိုးရာအမွေအနှစ်၊ ပညာရပ်စစ်စစ် တစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါကြောင်မို့နိုင်ငံတော်အစိုးရဟာ မြန်မာ့တိုင်းရင်းဆေးပညာကို ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ် အဖြစ်နဲ့သော်လည်းကောင်း၊ တိုင်းရင်းသား ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ ဆေးပညာရပ်တစ်ခုအဖြစ်နဲ့ သော်လည်းကောင်းအဓွန့်ရှည်တည်တံ့ခိုင်မြဲပြီးနည်းလမ်းတကျ ဆက်လက် တိုးတက် ထွန်းကားစေဖို့ အလေးထားအားပေးစောင့်ရှောက်နေခြင်းဖြစ်ပါတယ်။

             

“အာရောဂျံပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်တာနဲ့အညီ ကျန်းမာကြံ့ခိုင်တဲ့ ပြည်သူတို့ကသာလျှင် နိုင်ငံအကျိုးစီးပွားကို ထိရောက်စွာ ဖော်ဆောင မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနဲ့ ပညာရည်မြင့်မားရေးကိုအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာလည်း တိုင်းရင်းဆေးပညာ အဆင့်အတန်းမြှင့်တင်ရေးနဲ့ မြန်မာ့တိုင်းရင်းဆေးပညာနဲ့ ပြည်သူတို့ကို ကျန်းမာရေး စောင့်ရှောက်မှု တိုးမြှင့်လွှမ်းခြုံပေးနိုင်ရေးတို့ကို အမျိုးသားကျန်းမာရေးဆိုင်ရာ မူဝါဒတစ်ရပ် အဖြစ် ထည့်သွင်းသတ်မှတ် ဆောင်ရွက်လျက် ရှိပါတယ်။

 

တိုင်းရင်းဆေးသမားတော်ညီလာခံကိုယ်စားလှယ်ကြီးများခင်ဗျား

 မြန်မာ့တိုင်းရင်းဆေးပညာဟာ အခြေခံဆေးပညာရပ် အမျိုးမျိုး၊ ဆေးကျမ်းအဖုံဖုံ၊ ကုထုံးကုနည်းအသွယ်သွယ်၊ အာနိသင်ထက်မြက်တဲ့ ဆေးဝါး အရပ်ရပ်တို့နဲ့ ပြည့်စုံကုံလုံပြီးကျယ်ဝန်းနက်ရှိုင်းသိမ်မွေ့နက်နဲလှတဲ့ ပညာရပ်တစ်ခု ဖြစ်တဲ့ အတွက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးနိုင်မှသာ မတိမ်းပါးမပျက်ယွင်းဘဲအရှည်တည်တံ့ထွန်းကားပြန့်ပွားနိုင်မှာဖြစ်ပါတယ်။ ဒီလိုပြည့်စုံကြွယ်ဝလှတဲ့ မြန်မာ့တိုင်းရင်းဆေးပညာရပ်များရဲ့ အနှစ်သာရ အထွေထွေကို စုစည်းပေါင်းစပ်ပြီးခေတ်မီနည်းပညာရပ်များနဲ့ စံချိန်စံညွှန်းများ ဖော်ထုတ်ကာပြီး ပြည့်စုံတဲ့ အမျိုးသားတိုင်းရင်းဆေးပညာရပ်တစ်ခုအဖြစ် မြှင့်တင် ပေးနိုင်ရေးကို ဝိုင်းဝန်းအားထုတ်ကြရန် လိုအပ်ပါတယ်။

               

မြန်မာတို့ရဲ့ ရိုးရာအမွေအနှစ်စစ်စစ်ဖြစ်ပြီးမူပိုင်ခွင့် ရရှိသင့်တဲ့ တိုင်းရင်းဆေးပညာ၊ တိုင်းရင်းဆေးဝါးများ၊ တိုင်းရင်းဆေးကုထုံးများ၊ ဆေးဖက်ဝင် အပင်များနဲ့ပတ်သက်ပြီး Intellectual Property Rights Law ရေးဆွဲနိုင်ရေး အတွက် တိုင်းရင်းဆေးပညာရှင်များ၊ သိပ္ပံပညာရှင်များ၊ ဥပဒေပညာရှင်များ ပူးပေါင်းရေးဆွဲဆောင်ရွက်နိုင်ဖို့၊ အခြားနိုင်ငံတွေမှာကျင့်သုံးနေတဲ့ ဥပဒေနဲ့ Intellectual Property Rights ဆက်နွယ်ပုံတွေကိုလေ့လာပြီး မြန်မာနိုင်ငံနဲ့ သင့်လျော်မယ့် ဥပဒေနဲ့ Intellectual Property Rights Law ရေးဆွဲရာမှာ မြန်မာ့တိုင်းရင်းဆေးပညာ၊ ဆေးပင်များ၊ ကုထုံးများနဲ့ ပတ်သက်ပြီး ထည့်သွင်း ရေးဆွဲ နိုင်စေရေးဟာလည်း ခေတ်ကာလအခြေအနေအရလိုအပ်လာတဲ့ အချက်တစ်ခု ဖြစ်ပါတယ်-

 

တိုင်းရင်းဆေးသမားတော်ညီလာခံကိုယ်စားလှယ်ကြီးများခင်ဗျား

ဒီနေ့ခေတ်မှာခေတ်မီဆေးသိပ္ပံနည်းစနစ် စွမ်းပကားနဲ့ လူသားတို့မှာ ဖြစ်ပေါ်နိုင်တဲ့ ရောဂါဝေဒနာအမျိုးမျိုးကိုရှာဖွေ၊ သိရှိ၊ ကုစားနိုင်တဲ့ အနောက်တိုင်း ဆေးပညာရပ်ကို အားကိုးအားထားပြုကြသလိုတစ်ခြားတစ်ဘက်မှာလည်းသမုဌာန် (၄)ပါးလို့ ခေါ်ဆိုတဲ့ ကံ၊ စိတ်၊ ဥတု၊ အာဟာရညီညွတ်မျှတအောင် နေထိုင် ကျင့်ကြံ စားသောက်ကြရတဲ့ သဘော၊ ရာသီဥတုသဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေအောင် နေထိုင်၊ စားသောက်ကြရတဲ့ သဘောတို့ကိုလမ်းညွှန်ပြဆိုထားတဲ့ မြန်မာ့တိုင်းရင်းဆေးအနှစ်သာရများကလည်းရောဂါဘယမဖြစ်ပွားစေဘဲကျန်းမာသက်ရှည်ရေးအတွက် မဖောက်မပြန် မှန်ကန်ပြီးအားကိုးထိုက်တဲ့ ပညာရပ် သဘောတရား များပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်ကာလမှာ မြန်မာတို့သာမကကမ္ဘာ့ လူမျိုး အသီးသီးတို့မှာလည်း သဘာဝဆေးပညာနဲ့ သဘာဝအစားအစာဆေးဝါးတွေကို ပိုမိုအားကိုးလာကြတာကိုသတိပြုတွေ့မြင်ရပါတယ်။ ဒါကြောင့်မို့ သဘာဝဆေးများနဲ့ ဖော်စပ်ထားတဲ့ တိုင်းရင်းဆေးဝါးများနဲ့တကွ မြန်မာ့ တိုင်းရင်းဆေး သမားတော်ကြီး များ တတ်မြောက်ထားတဲ့ မြန်မာ့တိုင်းရင်းဆေးပညာရဲ့ အခန်းကဏ္ဍဟာလည်း တစ်စထက် တစ်စပိုမိုကြီးမားကျယ်ပြန့်လာနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

 

ဒီလိုအခြေအနေအချိန်အခါကောင်းကိုကောင်းစွာသိမြင်ပြီးမြန်မာ့တိုင်းရင်းဆေးပညာအဆင့်အတန်းပိုမိုမြင့်မားလာဖို့၊ တိုင်းရင်းသားပြည်သူတွေက မြန်မာ့ တိုင်းရင်းဆေးပညာအပေါ် ပိုမိုယုံကြည်အားထားကိုးစားလာဖို့၊ မြန်မာ့တိုင်းရင်းဆေး ပညာရပ်များရေရှည်တည်တံ့တိုးတက်ထွန်းကားပြန့်ပွားရန်၊ နိုင်ငံတကာအဆင့်မီသိပ္ပံနည်းကျ ဖွံ့ဖြိုးတိုးတက်လာရန်၊ တိကျမှန်ကန်တဲ့ တိုင်းရင်းဆေးသုတေသနလုပ်ငန်းများပေါ်ထွန်းလာရန်၊ မြန်မာ့တိုင်းရင်းဆေးဆရာအသင်းကြီးပိုမိုကျစ်လစ်သိပ်သည်းခိုင်မာလာရန်၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများပို၍ခေတ်မီအောင်မြင်ဖြစ်ထွန်းပြီး အမှန်တကယ် အကျိုးအာနိသင်ထက်မြက်တဲ့ ဆေးဝါးများဖော်ထုတ်နိုင်ရန်၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ပိုမိုအရည်အသွေးပြည့်ဝတဲ့ မြန်မာ့တိုင်းရင်းဆေး ပညာရှင်တွေမွေးထုတ်နိုင်ရန်တို့ကို အခုမြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကြီးကတစ်ဆင့် မြန်မာ့ တိုင်းရင်းဆေးသမားတော်ကြီးများ တစ်စိတ် တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာလက်တွဲကြိုးပမ်းဆောင်ရွက် သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

 

ဒါကြောင့်မို့ (၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကြီးရည်မှန်းချက်များနဲ့အညီ ပြည့်ဝစွာပြီးမြောက်အောင်မြင်ပါစေ၊ မြန်မာ့ တိုင်းရင်းဆေးပညာအဆင့်အတန်းဂုဏ်ရှိန်မြင့်မားစွာတိုးတက်ဖြစ်ထွန်းပါစေ၊ မြန်မာ့ တိုင်းရင်းဆေးပညာနဲ့ ပြည်သူတို့ရဲ့ ကျန်းမာရေးကိုတိုးမြှင့်စောင့်ရှောက်ပေးနိုင်ပါစေ၊ ပြည်သူလူထုအားလုံးလည်း ကျန်းမာသုခပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သရင်းဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါတယ်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း