(၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၂ ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာမြင့်ထွေးနှင့် နိုင်သက်လွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်သန်းထွဋ်နှင့် ဒေါက်တာဒေါ်မြလေးစိန်၊ ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဇော်လင်းထွဋ်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးကောင်စီ နာယကအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားသံရုံးများမှ သံတမန်များ၊ တိုင်းရင်းဆေးကောင်စီဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို) အဖွဲ့ဝင်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင်များ၊ တိုင်းရင်းဆေးဝါးစက်ရုံ အကြံပေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူလုပ်ငန်းရှင်များ၊ အထူးဖိတ်ကြားထားသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတက မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို ၂၀၀၀ ပြည့်နှစ်က စတင်၍ နှစ်စဉ်ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် (၂၀)ကြိမ်မြောက်ရှိပြီ ဖြစ်ပါကြောင်း၊ ယခင်နှစ်က ကျင်းပခဲ့သည့် ညီလာခံနှင့် နှီးနှောဖလှယ်ပွဲတွင် ဆွေးနွေးခဲ့ကြသည့် ဆွေးနွေးချက် များကို ရှေ့လုပ်ငန်းလမ်းညွှန်အဖြစ် ဆောင်ရွက်ရန် ချမှတ်ထားပြီးဖြစ်ပါကြောင်း။
မြန်မာ့တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးကဏ္ဍနှင့် တိုင်းရင်းဆေးဝါးများ၏ အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် တိုင်းရင်းဆေးဝါးထုတ်လုပ်သူများကို အာဆီယံ တိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ ကောင်းမွန်သည့် ထုတ်လုပ်မှု ကျင့်စဉ်များ၊ ဆေးဝါးများ၏ တည်မြဲမှုနှင့် သက်တမ်းအား တွက်ချက်ခြင်း၊ အရည်အသွေး ထိန်းသိမ်းခြင်း၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့်စပ်လျဉ်း၍ တစ်ပြေးညီ သိရှိနားလည်စေရန် သင်တန်းများပေးခဲ့ပါကြောင်း။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေး ပညာရှင်များ ပိုမိုလေ့ကျင့်သင်ကြားမွေးထုတ်ပေးနိုင်ရန် တိုင်းရင်းဆေး တက္ကသိုလ်၌ ဂုဏ်ထူးဆောင် ပါမောက္ခနှင့် တွဲဖက်ပါမောက္ခများ၊ ဧည့်ကထိကများ ခန့်အပ် ပေးခဲ့ခြင်း၊ တိုင်းရင်းဆေးပညာမဟာဘွဲ့နှင့် ပါရဂူဘွဲ့များအတွက် သင်ရိုးညွှန်းတမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ တိုင်းရင်းဆေးရုံအုပ်ချုပ်မှုနှင့် ပတ်သက်၍ “Leadership and Hospital Management သင်တန်းများ” ဖွင့်လှစ်သင်ကြားခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည့် အပြင် တိုင်းရင်းဆေးဖုံများနှင့် ကုထုံးနည်းအသစ်များ ပေါ်ပေါက်လာစေရေးအတွက် “Training Course on Research Methodology သင်တန်း” နှင့် “မြန်မာ့အကြောပြင်ပညာရပ် ဆိုင်ရာ မွမ်းမံသင်တန်း” များကိုလည်း ဖွင့်လှစ်နိုင် ခဲ့ပါကြောင်း။
သမားတုသမားယောင်များပပျောက်ရေးအတွက် တိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ တိုင်းရင်းဆေးဆရာအသင်းတို့နှင့် ပူးပေါင်း ဆောင်ရွက်နေသည်ကိုလည်း တွေ့ရပါကြောင်း။
“မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေ” ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီး နာယကအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၈ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၁/၂၀၁၉) ဖြင့် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါကြောင်း။
မြန်မာ့တိုင်းရင်းဆေးပညာရပ်များသည် သမိုင်းအထောက်အထားများအရ မြန်မာနိုင်ငံ၏ သမိုင်းအစဟု ဆိုရမည့် တကောင်း၊ သရေခေတ္တရာ၊ ပုဂံမြို့ပြနိုင်ငံများ၏ ခေတ်ကာလများ ကတည်းက အခြေခိုင်ခံ့သည့် ဆေးပညာရပ်များအဖြစ် တင့်တင့်တယ်တယ်တည်ရှိခဲ့သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် တိမ်မြုပ်နေသည့် တိုင်းရင်းဆေးပညာသမိုင်းကြောင်းများကို မှတ်တမ်းပြုစုထားသည့် “မြန်မာနိုင်ငံမှ တိုင်းရင်းဆေးမှတ်တိုင်များ (Milestones of Traditional Medicine in Myanmar) စာအုပ်” ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့သည့်အတွက် ခေတ်အဆက်ဆက် တိုင်းရင်းဆေးပညာ၏ တိုးတက်မှုများကို မှတ်တမ်းတင် နိုင်ခဲ့ပါကြောင်း။
မြန်မာ့တိုင်းရင်းဆေးပညာရပ်ကိုရိုးရာယဉ်ကျေးမှုအမွေအနှစ်ပညာရပ်တစ်ခုအဖြစ် ထိန်းသိမ်းစောင့် ရှောက်ရင်း အစွမ်းထက်တိုင်းရင်းဆေးဝါးများ ဖြစ်ပေါ်လာစေရန်နှင့် ခေတ်နှင့် လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင်မြင်စေရန်အတွက် နိုင်ငံတော်အစိုးရက အားပေးမြှင့်တင်နေသလို တိုင်းရင်းဆေးသမားတော်ကြီးများ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူ များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်အစိုးရအနေဖြင့် မှေးမှိန်ပျောက်ကွယ်လုဖြစ်နေသည့် တိုင်းရင်းဆေးပညာရပ်များ၊ အာနိသင်ထက်မြက်သည့် တိုင်းရင်းဆေးဝါးများ၊ အဖိုးထိုက်တန် လှသည့် ဆေးဖက်ဝင်ပရဆေးပင်နှင့် ဆေးဖက်ဝင်သဘာဝသယံဇာတများကို ပြန်လည် ဖော်ထုတ် နိုင်ရေးကိုလည်း အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့တိုင်းရင်း ဆေးပညာရပ် တိုးတက်ရေးအတွက် အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းဆေးသမား တော်ကြီးများနှင့် တိုင်းရင်း ဆေးဝါးထုတ်လုပ်သူများကို စုစည်းတွေ့ဆုံကာ ပညာနှင့် အတွေ့အကြုံများ ဖလှယ်နိုင်ရေးအတွက် နိုင်ငံတော်အဆင့် မြန်မာ့တိုင်းရင်းဆေးသမား တော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲများကို နှစ်စဉ်မပျက် ကျင်းပနေပါကြောင်း။
ထို့ပြင် ယနေ့မျက်မှောက်ခေတ်ကာလတွင် နိုင်ငံအချင်းချင်း ပေါင်းသင်းဆက်နွှယ်မှုများ ကဏ္ဍအလိုက်ရှိကြသည့်အတွက် မြန်မာ့တိုင်းရင်းဆေးပညာကိုလည်း နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းဆေးပညာကုသမှုနည်းစနစ်များ၊ သုတေသန ဆိုင်ရာများနှင့် တိုင်းရင်းဆေးပညာများဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာနိုင်ငံသည် အာဆီယံ၊ ဘင်း(မ်)စတက်နှင့် မဲခေါင်ဒေသတွင်း အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဂျပန်၊ တရုတ်၊ အိန္ဒိယနှင့် ကိုရီးယားစသည့် နိုင်ငံများနှင့်လည်း နှစ်နိုင်ငံများ အကြား သင်ကြားရေး၊ ကုသရေးနှင့် သုတေသနဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
တိုင်းရင်းဆေးရုံ၊ ဆေးခန်းများ၌ မြန်မာ့တိုင်းရင်းဆေးဝါးများဖြင့် ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် တိုင်းရင်းဆေးဝါးများ၏ အရည်အသွေးပိုမိုကောင်းမွန်လာစေရေးအတွက် တိုင်းရင်းဆေးဝါးစက်ရုံ(မန္တလေး)ကို ခေတ်နှင့်အညီ စက်ပစ္စည်းများ ဝယ်ယူ ဖြည့်တင်းပြီး ၂၀၁၉ ခုနှစ်၊ မတ် (၁၉)ရက်တွင် စက်စွမ်းအားတိုးမြှင့်ခြင်းကို ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း။
ယနေ့ကျင်းပသည့် (၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲတွင် အားလုံးပါဝင်နိုင်စေရေးအတွက် တက်ရောက်လာကြသည့် အလွှာအသီးသီးမှ တိုင်းရင်းဆေးပညာရှင်များနှင့် အဖွဲ့အစည်းအသီးသီးမှ ပညာရှင်များ အနေဖြင့် မြန်မာ့ တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခြင်းများ ဆောင်ရွက်ကြမည်ဟု သိရှိရပါကြောင်း။
မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲတွင် “ဒေသနာနယ၊ ဘေသဇ္ဇနယ၊ ဝိဇ္ဇာဓရနယ၊ နက္ခတ္တနယ” ဟူသည့် “နယကြီးလေးပါး” ကို အခြေခံသည့် မြန်မာ့တိုင်းရင်း ဆေးပညာ ကုထုံးနည်းစနစ်များအနက်မှ တိမ်မြုပ်နေသည့် “ဝိဇ္ဇာဓရနယနှင့် နက္ခတ္တနယ” ဆိုင်ရာ ကုထုံးနည်းစနစ်များကို ပြန်လည်ဖော်ထုတ် အသုံးပြုနိုင်ရေး၊ မြန်မာ့ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတကာဆေး ပညာရပ်များနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တိုင်းရင်းဆေးဝါးနှင့် ပရဆေးကုန်ကြမ်းများကို ပြည်တွင်း၌ ဖူလုံစွာရရှိရေးတို့နှင့် ပတ်သက်၍ မြန်မာ့တိုင်းရင်းဆေး သမားတော်ကြီးများက စေတနာ၊ ပညာ၊ ဝါယမ အားစိုက်မှုများဖြင့် ဝိုင်းဝန်းဆွေးနွေးကြစေလို ပါကြောင်း၊ သမိုင်းအစဉ်အဆက် တိုးတက်လာခဲ့သည့် မြန်မာ့တိုင်းရင်းဆေးပညာကို အယူအဆမလွဲမမှား၊ အာနိသင်မပျက်မယွင်း၊ ပညာခန်း မတိမ်းပါးမချွတ်ချော်စေဘဲ မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်း လွှဲအပ်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။
ညီလာခံကြီးတွင် မြန်မာ့တိုင်းရင်းဆေးသမားတော်များအားလုံး ညီညီညွတ်ညွတ်ဖြင့် လက်တွဲပူးပေါင်း၍ နှီးနှောဖလှယ်ပွဲ၏ ရည်ရွယ်ချက်များဖြစ်သည့် “မြန်မာ့တိုင်းရင်းဆေးပညာ ကုထုံးများဖြင့် ပြည်သူလူထု၏ကျန်းမာရေးကို ပိုမိုထိရောက်စွာစောင့်ရှောက်မှုပေးနိုင်ရေး အတွက် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ လေ့ကျင့်ပေးရန်”၊ “အန္တရာယ် ကင်းရှင်းပြီး အရည်အသွေးမြင့်မားသည့် အစွမ်းထက်တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရေးအတွက် တိုင်းရင်းဆေးသုတေသနလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရန်”၊ “တိုင်းရင်းဆေးဖြင့် ပြည်သူလူထုအား ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို ကျေးလက်ဒေသအထိ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းဆေး ဆရာများ၏ အစွမ်းထက်ကုထုံးများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်”၊ “ပြောင်းလဲလာသည့် နိုင်ငံတကာစီးပွားရေးမူဝါဒနှင့်အညီ အာဆီယံစီးပွားရေးအသိုက်အဝန်းတွင် မြန်မာ့တိုင်းရင်း ဆေးဝါးများ ပြည်ပသို့ တင်ပို့နိုင်ရေးနှင့် ပြည်ပမှ အရည်အသွေးပြည့်မီသော တိုင်းရင်းဆေးဝါးများ တင်သွင်းလာစေရေးဆောင်ရွက်ရန်” တို့ကို ရှေ့လုပ်ငန်းစဉ်များအဖြစ် ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုပါကြောင်း ပြောကြားသည်။
ထို့နောက် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ” ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး (၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲအထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ပြခန်း များကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် “မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ” အဆိုပြုစာတမ်းများနှင့် ပတ်သက်၍ အုပ်စုဖွဲ့ တင်ပြဆွေးနွေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဦးဆောင်၍ အခမ်းအနားအစီအစဉ်များအတိုင်း ဆက်လက်ကျင်းပ သည်။
ညပိုင်းတွင် ဒုတိယသမ္မတသည် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည့် (၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်သည်။
“မြန်မာ့တိုင်းရင်းဆေးပညာရှင်များနှီးနှောဖလှယ်ပွဲ” ကို ဒီဇင်ဘာ ၁၃ ရက်တွင် ဆက်လက် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)