နေပြည်တော်၊ ဒီဇင်ဘာလ (၁၃)ရက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ တိုင်းရင်းဆေး ပညာလောက ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းရင်းဆေးပညာဆိုင်ရာ အကြံပေးအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက -
• ယနေ့ တွေ့ဆုံဆွေးနွေးပွဲသည် တိုင်းရင်းဆေးပညာဆိုင်ရာ အကြံပေး အဖွဲ့၏ အကြံပြုချက်များကိုရယူပြီး တိုင်းရင်းဆေးပညာလောက အရှိန် အဟုန်မြှင့်၍ ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန်နှင့် အသစ် ခန့်အပ်တာဝန်ပေးထားသည့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် မိတ်ဆက်ပေးပြီး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင် ရန်အတွက် ဖြစ်ကြောင်း၊
• တိုင်းရင်းဆေးလောက တိုးတက်လာရေးမှာ တိုင်းရင်းဆေးတက္ကသိုလ်မှ မွေးထုတ် သင်ကြားပေးလိုက်သော တိုင်းရင်းဆေးပညာရှင်များ၏ အရည်အသွေးနှင့်အဆင့်အတန်း မြင့်မားမှုအပေါ် အဓိက မူတည်နေသောကြောင့် သင်ရိုးညွှန်းတမ်း၊ သင်ကြားရေးနည်းစနစ်နှင့် ဆရာများ၏ အရည်အသွေးတိုးတက်မြင့်မားရေး၊ ခေတ်မီစာကြည့်တိုက်ဖြစ်လာစေရေး အပါအဝင် ဘက်စုံကြိုး ပမ်းဆောင်ရွက်နေကြောင်း၊
• သုတေသနလုပ်ငန်းမပါရှိဘဲ မည်သည့်လုပ်ငန်းမှ မတိုးတက်နိုင် သည့်အတွက်ကြောင့် တိုင်းရင်းဆေးတက္ကသိုလ်၌ သုတေသနလုပ်ငန်းများကို စနစ်တကျ သေသေချာချာ ဆောင်ရွက်ရန်လိုအပ်ပြီး တိုင်းရင်းဆေး တက္ကသိုလ်တွင် သုတေသနဌာနကြီးတစ်ခုလို တိုးချဲ့တည်ထောင်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊
• မန္တလေးတိုင်းရင်းဆေးဝါးစက်ရုံမှ အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးများ အမြန်ဆုံးစတင်ထုတ်လုပ်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ လိုအပ်သည်များကို အမြန်ဆုံး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊
• အစွမ်းအာနိသင်ရှိ၍ အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးဝါးများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက် စေလိုကြောင်း၊
• တိုင်းရင်းဆေးရုံများ၏ စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာရေးအတွက် တိုင်းရင်းဆေးရုံ စီမံအုပ်ချုပ်မှုသင်တန်းများ အမြန်ဆုံးဖွင့်လှစ်သင်ကြားနိုင်ရန် တိုင်းရင်းဆေးပညာဆိုင်ရာ အကြံပေးအဖွဲ့၏ အကြံဉာဏ်ကို ရယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
• တိုင်းရင်းဆေးတက္ကသိုလ်ကြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သီးသန့်အလုပ်ရုံ ဆွေးနွေးပွဲကြီးတစ်ခု ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလို က်သော နည်းဥပဒေများကို ပြည့်စုံမှန်ကန်စွာရေးဆွဲနိုင်ရန် မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေနှင့်စပ်လျဉ်း၍ ဥပဒေကို မှန်ကန်စွာလိုက်နာကျင့်သုံးနိုင်ရန် အကောင် အထည်ဖော် နိုင်ရန်နှင့် အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးဆရာ မှတ်ပုံတင်လက်မှတ်များကို ထုတ်ပေးနိုင်ရန်အတွက် တိုင်းရင်းဆေးပညာဆိုင်ရာအကြံပေးအဖွဲ့၏ အကြံဉာဏ်များကိုရယူကာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့မှ စတင်၍ ခန့်အပ် တာဝန်ပေးထားသည့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက -
• တိုင်းရင်းဆေးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှူးများ၊ တိုင်းရင်းဆေးပညာ အကြံပေးအဖွဲ့များ အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးပြီး ပူးပေါင်း လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
• ယခင် ကျင်းပခဲ့သော တိုင်းရင်းဆေးညီလာခံများမှ အဆိုပြုချက်များ၊ အကြံပြု ချက်များကိုလည်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊
• မိမိအနေဖြင့် အရည်အသွေးပြည့်ဝပြီး အများပြည်သူက တန်ဖိုးထားသော တိုင်းရင်းဆေးလောကကြီး ဖြစ်လာစေရန် တတ်နိုင်သမျှ ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် တိုင်းရင်းဆေးပညာဆိုင်ရာအကြံပေး ဥက္ကဋ္ဌ ဒေါက်တာ ဦးမိတ် နှင့် အဖွဲ့ဝင်တစ်ဦးချင်းစီက -
- တိုင်းရင်းဆေးတက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေး၊
- မန္တလေးတိုင်းရင်းဆေးဝါးစက်ရုံ အမြန်ဆုံးလည်ပတ်ထုတ်လုပ်နိုင်ရေး၊
- သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊
- တိုင်းရင်းဆေးပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုမွေးထုတ်လေ့ကျင့် ပေးနိုင်ရေးနှင့် ခန့်အပ်တာဝန်ပေးနိုင်ရေး၊
- တိုင်းရင်းဆေးလောက ပိုမိုညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊
- တိုင်းရင်းဆေးခန်းနှင့် ဆေးရုံများ ပိုမိုတိုးတက်လာစေရေး၊
- ဒီပလိုမာ၊ ဘွဲ့လွန်နှင့် ကာလတိုသင်တန်းများ ဖွင့်လှစ်ရေးနှင့် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုလိုက်သော မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေ နှင့် သက်ဆိုင်သော နည်းဥပဒေကို စနစ်တကျ မှန်ကန်ပြည့်စုံစွာ ရေးဆွဲနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးအကြံပြုတင်ပြကြပါသည်။