နေပြည်တော်၊ ဇွန်လ (၈) ရက်နေ့
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (တိုင်းရင်းဆေးပညာဦးစီးဌာန)၊ ညွှန်ကြားရေး မှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (တိုင်းရင်းဆေးပညာဦးစီးဌာန)၊ ခေတ္တပါမောက္ခချုပ် (တိုင်းရင်းဆေးတက္ကသိုလ်)၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် တိုင်းရင်းဆေးဝါးစက်ရုံ (မန္တလေး) သို့သွားရောက်ခဲ့ပြီး စက်ရုံလည်ပတ်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။
ထို့နောက် တိုင်းရင်းဆေးဝါးစက်ရုံ (မန္တလေး)မှ စက်ရုံမှူး နှင့် တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးရာ၌ ပြည်ထောင်စုဝန်ကြီးက -
• လတ်တလောအနေဖြင့် နိုင်ငံတကာအဆင့်မီ GMP (Good Manufacturing Practices) ကို မရရှိနိုင်သေးသော်လည်း လက်ရှိ တိုင်းရင်းဆေးဝါးစက်ရုံတွင်ထုတ်လုပ်သော ဆေးဝါးများမှာ ယခင် စက်ရုံအဟောင်းမှ ထုတ်လုပ်သော ဆေးဝါးများထက် အရည်အသွေးများစွာ သာလွန် ကောင်းမွန်ပြီး ထပ်မံ၍လည်း ပိုမိုကောင်းမွန်စေရေးဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊
• မကြာမီကာလအတွင်း စက်ရုံမှထုတ်လုပ်သော ဆေးဝါးအမျိုးအစားများ ပိုမိုတိုးမြှင့်ထုတ်လုပ် နိုင်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
• စက်ရုံမှ လုပ်ငန်းဆောင်ရွက်မှု၊ အရည်အသွေးပြည့်မီသော ကုန်ကြမ်းပစ္စည်းရရှိမှု၊ ဆေးဝါးအမျိုးအစားအလိုက်ထုတ်လုပ်မှု စသည့် စာရင်းဇယားများကို စနစ်တကျပြုစုထားရှိရန် အရေးကြီးပါကြောင်း၊ တိုင်းရင်းဆေးရုံများမှ ဆေးရုံအုပ်များအနေဖြင့် ဆေးဝါးအမျိုးအစားအလိုက် သုံးစွဲမှုစာရင်း ဇယားများ စနစ်တကျပြုစုထားရှိခြင်းဖြင့် စက်ရုံမှ လိုအပ်ချက်အလိုက် ထုတ်လုပ်ပေးသွား နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းရင်းဆေးဝါးစက်ရုံ (မန္တလေး)မှ စက်ရုံမှူးနှင့် တာဝန်ရှိ သူများက လိုအပ်ချက်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက တစ်ချက်ချင်းအလိုက် အသေးစိတ်ဆွေးနွေးကာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။