ရန်ကုန်။ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂ ရက်
တိုင်းရင်းဆေးပညာလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအနေဖြင့် အစွမ်းအာနိသင် ထက်မြက်ပြီး အန္တရာယ်ကင်းသော တိုင်းရင်းဆေးဝါးများသုံးစွဲနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ သုံးသပ်အကြံပေးနိုင်ရန် ယခုအဖွဲ့ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်းဖြင့် ဇူလိုင်လ(၂)ရက်နေ့၊ နံနက် (၉) နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training Centre ၌ ကျင်းပသည့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားသည်။
2 July 2017
2 July 2017
ပြည်ထောင်စုဝန်ကြီးကဆက်လက်ပြောကြားရာတွင် တိုင်းရင်းဆေးလောကနှင့်ပတ်သက်၍ လက်ရှိအခြေအနေတွင် ဖြစ်ပေါ်လျက်ရှိသော အကြောင်းအရာများ၊ အားသာချက်၊ အားနည်းချက်များကို ဤအဖွဲ့အနေဖြင့် ရှု့ထောင့်ပေါင်းစုံမှ လေ့လာသုံးသပ်၍ တိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် ဝန်ကြီးဌာနသို့ လက်တွေ့အသုံးဝင်နိုင်မည့် အကြံဉာဏ်များပေးကြစေလိုပါကြောင်း၊ တိုင်းရင်းဆေးပညာရပ် တိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ မဖြစ်မနေဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းဆေးသုတေသနများပြုလုပ်မည်ဆိုပါက ဝန်ကြီးဌာနမှလည်း သုတေသနပြုလုပ်ရန်အတွက်ရန်ပုံငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားမှုနည်းစနစ်များကို ပြန်လည်သုံးသပ် ဆန်းစစ် သွားရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းဆေး တက္ကသိုလ်ဘွဲ့ရများအတွက် ဘဝတက်လမ်း၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့်ပတ်သက်၍လည်း အကြံဉာဏ်များပေးကြစေလိုပါကြောင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာGuidelineနှင့် SOP များကို ဆန်းစစ်လေ့လာ၍ လိုအပ်သည်များ ကို update ပြုလုပ်ရန်လည်း လိုအပ်ပါကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနရှိ နိုင်ငံပိုင် တိုင်းရင်းဆေးဝါးစက်ရုံများကိုလေ့လာပြီး လိုအပ်ချက်များကိုလည်း တင်ပြပေးစေလိုပါကြောင်း၊ တိုင်းရင်းဆေးလောကသားများအနေဖြင့် တိုင်းရင်းဆေးပညာကျင့်ဝတ်နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် တိုင်းရင်းဆေးပညာကဏ္ဍတစ်ခုလုံးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလို ပါကြောင်း ပြောကြားသည်။
2 July 2017
2 July 2017
ထို့နောက် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဥက္ကဌဒေါက်တာအောင်နိုင်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့်နှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၏ ဝိုင်းဝန်းအကြံပြုဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
တိုင်းရင်းဆေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ကို ၂၀၁၇ ခုနှစ်၊ ဇွန်လ(၉) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၃၈/၂၀၁၇) ဖြင့်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။