(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၆-၁၂-၂၀၂၅) ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံတာဝန်ခံများ မြန်မာနိုင်ငံဆေးကောင်စီ၊ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရေးဆိုင်ရာ အကြံပေးအဖွဲ့နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းတို့မှ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အသင်း/ အဖွဲ့များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများ၊ ဆေးပစ္စည်းလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ (၂၄)ကြိမ်မြောက်မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စုစုဒွေး၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ ဦးမြင့်ဦး၊ တိုင်းရင်းဆေးပညာရေးဆိုင်ရာ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိတ်နှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ထပ်နှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဦး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာ နှီးနှောဖလှယ်ပွဲ အခမ်းအနားကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဂုဏ်ပြုတေး သီချင်းဖြစ်သည့် “သမိုင်းသတင်းမွှေးသည့် တိုင်းရင်းဆေး” သီချင်းဖြင့် ကပြဖျော် ဖြေတင်ဆက်သည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲသို့ ပေးပို့သည့် ဂုဏ်ပြုမိန့်ခွန်း Video Message ကို ဖွင့်လှစ်ပြသသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နိုင်ငံတော် ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ အနေဖြင့် တိုင်းရင်းဆေးကဏ္ဍ ကို အလေးအနက်ထား၍ အားပေးချီးမြှောက် မြှင့်တင်ပေးလျက်ရှိကြောင်း၊ မြန်မာ့တိုင်းရင်း ဆေးပညာရှင်များကို အရည်အချင်း ပြည့်ဝသူများဖြစ်အောင် အခြေခံကအစ ဒီပလိုမာအဆင့်၊ ဘွဲ့ရအဆင့် တိုင်းရင်းဆေးပညာ မဟာဘွဲ့အဆင့်အထိ လေ့ကျင့်မွေးထုတ်ပေးနေကြောင်း၊ ယခု ညီလာခံတွင် တိုင်းရင်းဆေးသမားတော်ကြီးများအနေဖြင့် မျိုးဆက်သစ်လူငယ်များအတွက် ပညာရပ်ဆိုင်ရာများ၊ အတွေ့အကြုံဗဟုသုတများ နှီးနှောဖလှယ်ပေးနိုင်ခြင်း၊ လက်ဆင့်ကမ်း အမွေပေးနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများရရှိနိုင်သည့်အတွက် မျိုးဆက်သစ်များကလည်း အနာဂတ် မြန်မာ့တိုင်းရင်းဆေးပညာရပ် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက် သွားကြရန်တိုက်တွန်းလိုကြောင်း၊ နိုင်ငံတော် အကြီးအကဲ၏ “ကျန်းမာမှ ပညာသင်ကြား နိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင် မည်၊ လူ့အသက်ထက်အရေးကြီးသည်မှာ ဘာမှမရှိ” စသည့် လမ်းညွှန်ချက်များကို အကောင်အထည်ဖော်နိုင်ဖို့အတွက် မြန့်မာတိုင်းရင်းဆေးပညာရပ် ကလည်း အရေးပါသည့် အခန်းကဏ္ဍ တွင် ပါဝင်လျက်ရှိကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာကို ပြည်တွင်း၌သာမက အာဆီယံနိုင်ငံ များနှင့် ကမ္ဘာ့နိုင်ငံများ၏ တိုင်းရင်းဆေးဆိုင်ရာ ကဏ္ဍများနှင့် ရင်ဘောင်တန်းနိုင်သည်အထိ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက် ကြရန်လိုကြောင်း၊ ထို့ကြောင့် မြန်မာ့တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာ့ တိုင်းရင်းဆေးဝါးများ အန္တရာယ်ကင်းပြီး ဘေးထွက် ဆိုးကျိုးမရှိဘဲ အရည်အသွေးပြည့်ဝကာ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးပိုမိုပြည့်ဝသည့် တိုင်းရင်းဆေးဆရာ လူ့စွမ်းအားအရင်းအမြစ်များ ထွက်ပေါ်လာစေရန် ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာ မပျောက်ပျက်အောင် နှင့် ဆေးဝါးများကို သုတေသန ပြုလုပ်ပြီး ပြည်သူလူထုယုံကြည်စိတ်ချစွာ သုံးစွဲနိုင်စေရန် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရကလည်း အလေးထား ပံ့ပိုးအားပေး သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးဆိုင်ရာ စံချိန်၊ စံညွှန်းများပိုမိုတိုးတက် သတ်မှတ် ပြဌာန်းနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် ခေတ်မီ စက်ကိရိယာနှင့် နည်းစနစ်များ၊ လိုအပ်သည့် လူအင်အား၊ ဖွံ့ဖြိုးမှုလိုအပ်သည့် ကဏ္ဍများ၊ တတ်မြောက်အောင် သင်ကြား လေ့ကျင့်ပေးခြင်းများကို နိုင်ငံတော်က ပံ့ပိုး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ တိုးတက်လျက်ရှိသည့် မြန်မာ့တိုင်းရင်း ဆေးပညာနှင့် ပြည်သူ့အတွက် ဝန်ဆောင်မှုလုပ်ငန်း များကို စေတနာဖြင့် ဆောင်ရွက်သွားကြရန် အထူးမှာကြားလိုကြောင်း၊ မြန်မာတို့၏ ကိုယ်ပိုင်တိုင်းရင်းဆေးအရင်းအမြစ်များ၊ တန်ဖိုးထားမှုစံနှုန်းများ မှေးမှိန် ကျဆင်းမသွားအောင် ဆက်လက်ထိန်းသိမ်း မြှင့်တင်ကြရေးသည် မိမိတို့၏ မျိုးဆက်သစ်များ၏ အမျိုးသားရေး တာဝန်နှင့် ဝတ္တရားပင်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများ မှတ်တမ်း Video Clipနှင့် “ပြည်ထောင်စုရဲ့အင်အား” တေးသီချင်းဖြင့် ကပြ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုကြသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နိုင်ငံတော် ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တိုင်းရင်းဆေး ပညာဦးစီးဌာန ပြခန်းနှင့် ခင်းကျင်း ပြသထားသည့် ဆေးဝါးပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။