အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်အေး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှင် အလှူရှင်များ တက်ရောက်ကြပါသည်။
ပထမဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရေဘေးသင့် ပြည်သူများအတွက် တိုင်းရင်းဆေးဝါးများနှင့် အလှူငွေများ လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အလှူရှင်များကိုယ်စား မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဦး (ဂရိတ်ဝေါတိုင်းရင်းဆေး)က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ မုဒိတာစကား ပြန်လည်ပြောကြားပါသည်။
ဆက်လက်ပြီး နေ့လယ်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ အဖွဲ့ဝင်များ လိုက်ပါလျှက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာ အုပ်စု၊ ကုလားရွာ ကျေးရွာရှိ ရေဘေးသင့် ပြည်သူများထံသို့သွားရောက်၍ အလှူပစ္စည်းများအား လက်ရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။