၁၃၈၆ ခုနှစ် တပေါင်းလပြည့်နေ့တွင်ကျရောက်မည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ (၁၀-၃-၂၀၂၅) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပသည်။ အခမ်းအနားတွင် သဘာပတိအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ဆောင်ရွက်ပြီး အခမ်းအနားကို နဝရတ် ကတိသစ္စာ သံပြိုင်ရွတ်ဆို၍ ဖွင့်လှစ်သည်။
ထို့နောက်သဘာပတိက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့တိုင်းရင်းဆေး သမားတော်နေ့ ကျင်းပခြင်း ရည်ရွယ်ချက်မှာ “ပညာရှင် ရှေးဆေးသမား၊ ကျေးဇူးတရား မမေ့ငြား” ဆိုသည့် ဆောင်ပုဒ်အတိုင်း ပြည်သူလူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးပညာဖြင့် စောင့်ရှောက်ခဲ့ ကြသော သမားတော်ကြီးများ၏ ဂုဏ်ကျေးဇူးများ၊ ခက်ခဲနက်နဲသော မြန်မာ့တိုင်းရင်းဆေးပညာရပ်၏ ဂုဏ်ကျေးဇူးများကို လေးစားဂုဏ်ပြုသောအားဖြင့် တပေါင်းလပြည့်နေ့အား မြန်မာ့တိုင်းရင်းဆေး သမားတော်နေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊
ဒါ့အပြင် တိုင်းရင်းဆေးပညာစနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် ယခင်က တိုင်းရင်းဆေးပညာ ဒီပလိုမာချီးမြှင့်ခဲ့ရာမှ နိုင်ငံတော်က ၂၀၀၂ ခုနှစ်တွင် တိုင်းရင်းဆေးတက္ကသိုလ် ဖွင့်လှစ်၍ မြန်မာ့ တိုင်းရင်းဆေးပညာဘွဲ့၊ မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့၊ မြန်မာ့တိုင်းရင်းဆေးပညာပါရဂူဘွဲ့ အထိ အဆင့်ဆင့်တက်လှမ်းနိုင်ရန် စဉ်ဆက်မပြတ် အလေးထားပံ့ပိုးလျက်ရှိပါကြောင်း၊ တိုင်းရင်းဆေးပညာ ကဏ္ဍကို ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်စေရန် “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အာဆီယံ၊ ဘင်း(မ်)စတက်၊ မဲခေါင်” စသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသော ညီလာခံများ၊ နှီးနှောဖလှယ်ပွဲများတွင် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပါဝင်တက်ရောက်ဆွေးနွေး ညှိနှိုင်းပြီး တိုင်းရင်းဆေး ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းဆေးသမားတော်များ အနေဖြင့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ၏ ဂုဏ်ပုဒ်မြင့်အောင် အရှိန်အဟုန်ဖြင့် ကြိုးစား ကြရမှာဖြစ်ပြီး အားလုံးဝိုင်းဝန်းကြံဆ၍ မြန်မာ့တိုင်းရင်းဆေးလောက ပိုမိုတိုးတက်အောင် ခေတ်စနစ် နှင့်အညီ ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် မြန်မာ့တိုင်းရင်းဆေးပညာရပ်ကြီးသည် တစ်ဆင့် ထက်တစ်ဆင့် မြင့်သည်ထက်မြင့်ပြီး အောင်မြင်တိုးတက်ပါစေလို့ ဆုမွန်ကောင်းတောင်းပါကြောင်း အမှာစကား ပြောကြားပါသည်။
ဆက်လက်၍ မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကျင်းပရခြင်းနှင့်ပတ်သက်ပြီး တိုင်းရင်းဆေး ပညာဦးစီဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ရှင်းလင်းပြောကြားသည်။
အစီအစဉ်အရ သက်ကြီး၊ ဝါကြီး တိုင်းရင်းဆေးသမားတော်ကြီးများအား ဂါရဝပြု လက်ဆောင် များ ပေးအပ်ခြင်းတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ နာယက ဆရာကြီး ဦးမြင့်လွင်နှင့် စွမ်းဆောင်ရည်ဆုရ ဝန်ထမ်းတိုင်းရင်းဆေးဆရာများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်း ဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ မြန်မာနိုင်ငံတိုင်းရင်း ဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများကဆုများ အသီးသီးချီးမြှင့်ပြီး စွမ်းဆောင်ရည်ဆုရ ခုတင်(၅၀)ဆံ့၊ တိုင်းရင်းဆေးရုံ၊ ပဲခူးမြို့မှ ဆေးရုံအုပ် ဦးအောင်စိုးလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားအောင်မြင်စွာ ပြီးမြောက် သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ စွမ်းဆောင်ရည်ဆုရသူများ၊ တိုင်းရင်းဆေးသမားတော်များသည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ ကြောင်း သတင်းရရှိသည်။