ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် မြန်မာ့တိုင်းရင်းဆေးပညာ စွမ်းအားစုအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုသင်တန်း (Refresher course training on Development of Myanmar Traditional Medicine Practitioners) ဖွင့်ပွဲအခမ်းအနားကို (၂၇-၁၀-၂၀၂၅) ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ် (4-C) တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခ၊ ဌာနမှူးများ၊ Honorble Professors များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်း ဆေးနှင့်ဆက်စပ်အဖွဲ့အစည်းများဖြစ်သော မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ အသင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ သင်တန်းသား၊ သင်တန်းသူများ (၄၀) ဦး တက်ရောက်ပါသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းဆေး ပညာဦးစီးဌာနအနေနဲ့ မြန်မာ့တိုင်းရင်းဆေးပညာ စွမ်းအားစုအရင်းအမြစ် တိုင်းရင်းဆေးဆရာများ၏ ဆေးကုသမှုစွမ်းဆောင်ရည်အရည်အသွေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်ရေးအတွက် အဓိကရည်ရွယ်ပြီး ဖွင့်လှစ်တာဖြစ်ကြောင်း၊ သင်တန်းတွင် စီမံခန့်ခွဲမှုဆိုင်ရာနှင့်ဘဏ္ဏာရေးစည်းမျဉ်း၊ စည်းကမ်းဆိုင်ရာ လုပ်ငန်း ကိစ္စရပ်များနှင့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များတွင်စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ သတ်မှတ်ချက်များနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရန် ထည့်သွင်းသင်ကြားသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သော တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းဆေးတက္ကသိုလ် မှ ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် ပါမောက္ခ၊ဌာနမှူးများ၊ Emeritus Professors များ၊ Honorable Professor များက ဆွေးနွေးပို့ချသွားမှာဖြစ်ကြောင်း ပြောကြားသွားပါသည်။
ယခုသင်တန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလ(၂၇) ရက်နေ့မှ (၃၁) ရက်နေ့အထိ (၅) ရက်ကြာ ကျင်းပသွားမည်ဖြစ်ပါသည်။