ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့တွင် လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ သဲကောကြီး ကျေးရွာအုပ်စု၊ သဲကောကြီးကျေးရွာ၊ အထက်တန်းကျောင်း၊ ရာပြည့်ခန်းမတွင် ကွင်းဆင်းဆေး ကုသခြင်းကို ဆောင်ရွက်ခဲ့ရာ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချို က တိုင်းရင်းဆေးဝါးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း လာရောက်ဆောင် ရွက်ခြင်း ဖြစ်ကြောင်းကို ဦးစွာပထမ မိတ်ဆက်ပြောကြားပြီး ဆက်လက်၍ အကြီးတန်း တိုင်းရင်းဆေးမှူး၊ ဦးစံလင်းက အနာရောဂါကင်းရှင်းပြီး ကျန်းမာသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် လတ်တလော ဖြစ်ပွားနေသော ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရေးကို အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြရာ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၏ဇနီး၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့မှ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများ၊ ဆေးဝါးကုသမှုခံယူမည့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ ကြပြီး၊ ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းကို ကြည့်ရှုအားပေးခြင်းနှင့် လာရောက်ပြသသည့် လူနာများအား တိုင်းရင်းဆေးဝါးများ လက်ဆောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဆေးကုသရေးအစီအစဉ်တွင် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချို ဦးဆောင်သော ဆေးကုသရေးအဖွဲ့ဝင်(၁၄)ဦးတို့က သဲကောကြီး ကျေးရွာအုပ်စုအတွင်းရှိ သဲကောလေးကျေးရွာ၊ မန်ကျည်းကုန်းကျေးရွာ၊ ကြံခင်းကျေးရွာ၊ ကူသပိတ်ကျေးရွာ၊ နောင်ဘိုကျေးရွာ၊ ဂွေ့ကြီးကုန်းကျေးရွာတို့မှ လာရောက်ဆေးဝါးကုသမှု ခံယူသည့် ဒေသခံပြည်သူများအား တိုင်းရင်းဆေးဝါးများဖြင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်းရောဂါများ၊ အဆစ်ရောင် အဆစ်နာရောဂါများ၊ ထုံနာ၊ ကျဉ်နာ၊ လေငန်း၊ လေဖြတ်၊ အာရုံကြောအားနည်းရောဂါများအား ကုသပေးရာ စုစုပေါင်းလူနာဦးရေ (၂၃၆)ဦးကို လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သောက်ဆေး၊ လိမ်းဆေး ပေးခြင်း၊ အကြောပြင်ကုသခြင်း၊ ကြပ်ထုပ်ထိုးကုသခြင်းနှင့် ဆေးစည်း၊ ဆေးကပ်ခြင်း စသည့်ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြပြီး ကျေးရွာဉက္ကဌနှင့် ရပ်မိရပ်ဖများ၊ သဲကောလေးကျေးရွာ နှလုံးလှလူမှုကူညီရေးအဖွဲ့မှ ဆေးကုသရေး အစီအစဉ်တွင် ပူးပေါင်းပါဝင်၍ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။