ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီတို့ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ ပူးပေါင်းဖွင့်လှစ်သော တိုင်းရင်းဆေးဆရာများ၏ ဆေးကုသမှုစွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်း သင်တန်းဖွင့်ပွဲကို အခမ်းအနားကို ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူ များနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမောင်မောင်ဦး(ဂရိတ်ဝေါ)နှင့် တိုင်းရင်းဆေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးများ တိုင်းရင်းဆေး ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းဗဟိုအဖွဲ့ဝင်များ၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ သင်တန်းသား/ သင်တန်းသူ တိုင်းရင်းဆေးဆရာ/ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိုးဝင်းက သင်တန်းဖွင့်လှစ်ရန် ဆောင်ရွက်ခဲ့မှုများနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပါသည်။
ယနေ့ဖွင့်လှစ်သည့် သင်တန်းတွင် ကလေးရောဂါပညာ၊ မီးယပ်ရောဂါပညာ၊ ဆေးဝါးဗေဒ ပညာရပ်အကြောင်းများကို တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူးများက ဆွေးနွေး ပို့ချ သွားမည် ဖြစ်ပါသည်။
အဆိုပါသင်တန်းကို ဇွန်လ ၂၅ ရက်မှ ၂၇ ရက်ထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့မှ တိုင်းရင်းဆေးဆရာ ဆရာ/ဆရာမ စုစုပေါင်း(၃၀)ဦးတို့ တက်ရောက် ကြကြောင်း သတင်းရရှိပါသည်။