ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစုစုဒွေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင် (၈)ဦး တို့သည် ထိုင်းနိုင်ငံ၊ Nong Khai မြို့နှင့် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တို့တွင် ၂၀၂၄ ခုနှစ် ဇွန်လ(၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် တိုင်းရင်ဆေးဝါးများဆိုင်ရာ မဟာမဲခေါင်ဒေသတွင်းနိုင်ငံများအစည်အဝေး (The 11th Meeting on Indigenous Medicine in the Greater Mekong Basin) သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် (၁) မဟာမဲခေါင်ဒေသတွင်း အဖွဲ့ဝင်နိုင်ငံ(၆)နိုင်ငံမှ တိုင်းရင်း ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကွန်ရက် အစီအစဉ်များဆွေးနွေးခြင်း၊ (၂) COVID-19 ကပ်ရောဂါနှင့် COVID-19 ရောဂါဖြစ်ပွားပြီးနောက် တိုင်းရင်းဆေးဖြင့် ကာကွယ်စောင့်ရှောက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို အဓိကထား၍ နိုင်ငံအလိုက် ဆွေးနွေးတင်ပြခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် Workplan အား ဆွေးနွေးအတည်ပြုခြင်း (၃) တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် ပတ်သက်၍ အုပ်စုလိုက် ဆွေးနွေးခြင်း (Panel Discussion) တို့ကို ဆောင်ရွက်ပြီးနောက် ရိုးရာတိုင်းရင်းဆေးဆရာများ၏ ဆေးကုသမှု သရုပ်ပြကွက်များ ပြသခြင်းနှင့် ထိုင်းနိုင်ငံ၊ Nong Khai မြို့အနီးရှိ Wellness Centers တိုင်းရင်းဆေးဆိုင်ရာ ကျန်းမာရေးဌာနများနှင့် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တို့တွင် တိုင်းရင်းဆေးဌာနနှင့် ရုက္ခဗေဒဥယျာဉ်တို့သို့ လေ့လာရေးခရီး သွားရောက်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ ရွှေသွင်းကုထုံးနှင့် မိုးကြိုးသွား အသုံးပြု၍ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း Showcase များအား ပြသခဲ့ပါသည်။
အစည်းအဝေးတွင် မဟာမဲခေါင်ဒေသတွင်းအဖွဲ့ဝင်နိုင်ငံ (၆)နိုင်ငံမှ ဌာနဆိုင်ရာအရာရှိများ၊ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ သုတေသီများ၊ တိုင်းရင်းဆေးပညာရှင်များ၊ ရိုးရာဆေးဖြင့် ကုသသူ များနှင့် အခြားသောကျန်းမာရေးပညာရှင်များ စသည့် ကိုယ်စားလှယ်များ တက်ရောက်ကြပြီး မဟာမဲခေါင်ဒေသတွင်း နိုင်ငံများအတွင်း တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အလေ့အကျင့်နှင့် ဆေးဝါးများအကြောင်း လေ့လာဖလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။