ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဇွန်လ (၁၈) ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ COVID-19 Central Command Center ခန်းမ၌ ညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ နာယကအဖွဲ့ဝင်များ၊ တိုင်းရင်းဆေးကောင်စီဝင်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်းမှအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်များနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကပြဌာန်းပြီးသည့် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေနှင့်အညီ တိုင်းရင်းဆေးကောင်စီနှင့် အလုပ်အမှုဆောင်အဖွဲ့ကို အမြန်ဆုံးဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအချိန်သည် တိုင်းရင်းဆေးကောင်စီ ဖွဲ့စည်းရန်မှာ အရေးကြီးကြောင်း၊ ပုဂ္ဂလိက တိုင်းရင်းဆေးရုံ၊ ဆေးခန်းများ၊ တိုင်းရင်းဆေးဆရာများ၏ ကျင့်ဝတ်သိက္ခာများ ထိန်းကျောင်းပေးရန်အတွက် ကောင်စီ၏အဓိက တာဝန်ဖြစ်ပါကြောင်း၊ ထို့အပြင် တိုင်းရင်းဆေးဝါးကုန်ကြမ်းများ၊ ဆေးဖက်ဝင်အပင်များ၏ စံချိန်စံညွှန်းပြည့်မီရန် တိုင်းရင်းဆေးကောင်စီအနေဖြင့် အကြံပြုဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ တိမ်မြှုပ် ပျောက်ကွယ်နေသော ကုထုံးကုနည်းများအား စနစ်တကျဖော်ထုတ်ခြင်းလုပ်ငန်းများကို အထူးဦးစားပေး ဆောင်ရွက်စေလိုပါကြောင်းနှင့်ဖော်ထုတ်ပြီးသော အစွမ်းထက်သည့် တိုင်းရင်းဆေးကုထုံးများ မပျောက်ကွယ် သွားစေရန်မျိုးဆက်သစ် တိုင်းရင်းဆေးဆရာများအား လက်ဆင့်ကမ်းပညာပေးဝေစေလိုပါကြောင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းများအသင်းအနေဖြင့်လည်း ထုတ်လုပ်သူ အချင်းချင်း စုစည်းပြီး စည်းလုံးညီညွတ်စွာဖြင့် တိုင်းရင်းဆေးလောကတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများသည် တိုင်းရင်းဆေးဝါးများကို အဓိကအားထား အသုံးပြုနေကြသည့်အတွက် ဘေးဉပါတ်ကင်းသော၊ စစ်မှန်သော တိုင်းရင်းဆေးဝါးများထုတ်လုပ်နိုင်ရေး အလေးထားဆောင်ရွက်စေလိုပါကြောင်း၊ လောလောဆယ် ပြည်ပမှတင်သွင်းနေသော တိုင်းရင်းဆေး ကုန်ကြမ်းများကို ပြည်တွင်း၌ပင် လုံလုံလောက်လောက် စိုက်ပျိုးထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်စေလိုပါကြောင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့တွင် ဆောင်ရွက်နေသော ဆရာကြီးများသည်လည်း တိုင်းရင်းဆေးလောကအတွက် ဦးဆောင်ဦးရွက်ပြုနေသူများဖြစ်ရာ တိုင်းရင်းဆေးပညာရပ်များ၊ ကုသရေးကဏ္ဍနှင့ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်းရင်း ဆေးဝါးနှင့်တိုင်းရင်းဆေးလောကအရည်အသွေးနှင့် ဂုဏ်ဒြပ်ပိုမိုမြင့်မားဖွံ့ဖြိုး တိုးတက်စေရန် အတွေ့အကြုံများသော တိုင်းရင်းဆေးသမားတော်ကြီးများမှ ကူညီပံ့ပိုးဆောင်ရွက်ပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းအနေဖြင့်လည်း ပြည်တွင်း/ပြည်ပ ပညာ ရှင်များ၊ အသင်းအဖွဲ့များဖြင့်ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲများကျင်းပခြင်းနှင့် လက်တွေ့ကုထုံးများကို ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ အသင်းသားများ ၏ တိုင်းရင်းဆေးပညာရပ်အရည်အသွေး စဉ်ဆက်မပြတ်မြင့်မားတိုးတက်ရေးအတွက် Conference, Meeting, Workshop နှင့် သင်တန်းများဆောင်ရွက်ပေးရန်လည်း လိုအပ်ပါကြောင်း၊ ဆရာကြီးများကလည်း အတွေ့ အကြုံအရရရှိခဲ့သော ကုထုံးကောင်းများရှိသဖြင့် ဖော်ထုတ်ရန်လိုအပ်ကြောင်း၊ ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ နာယကအဖွဲ့ဝင် ဦးအောင်မြတ်ကျော်၊ တိုင်းရင်းဆေးကောင်စီအတွင်းရေးမှူး ဦးမြင့်ဦး၊ တိုင်းရင်း ဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဦးမိတ်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဦးနှင့် တက်ရောက်လာသော အသင်းအဖွဲ့ဝင်များက အထွေထွေဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို နေ့လယ်(၁၂:၀၀)နာရီတွင် ရုတ်သိမ်း ပါသည်။