ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော စဉ်ဆက်မပြတ်တိုင်းရင်းဆေး ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားကို (၂၇.၂.၂၀၂၄) ရက်နေ့၊ နေ့လည် (၁:၀၀)နာရီ အချိန်တွင် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံပုသိမ်မြို့၌ ကျင်းပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်း ဥက္ကဋ္ဌ ဆရာကြီး ဦးစိုးဝင်းမှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ပုသိမ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပပဝင်းမှ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် "အအေးမိ၊နှာစေး၊နှာရည်ယိုခြင်း၊ အာသီးရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း" စာတမ်းကို (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံပုသိမ်မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စိုးမြတ်စန္ဒာမှ ဖတ်ကြားတင်သွင်းခဲ့ပြီး တက်ရောက်လာကြသော ဆရာ၊ဆရာမများမှ စာတမ်းနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးကြပါသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းမှ ဆရာ၊ဆရာမများ၊ တိုင်း၊ခရိုင်၊ မြို့နယ်၊ ဆေးရုံများမှ ဆရာ၊ဆရာမ စုစုပေါင်း (၃၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို ညနေ(၃:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။