ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆေးနှင့်ဆေးနှီးနွယ်တက္ကသိုလ်(၁၆)ခုအနက် တိုင်းရင်းဆေးပညာဦးစီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံ၏တစ်ခုတည်းသော တက္ကသိုလ် ဖြစ်သည့် တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့်အတူ (၂၀၂၂)တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသည့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်သည့် (၁၁/၂၀၂၂)ပထမနှစ်သင်တန်းအား နိုဝင်ဘာလ(၂၁)ရက်နေ့တွင် စတင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၌ နှစ်စဥ် ပထမနှစ်သင်တန်းအတွက် ကျောင်းသား၊ကျောင်းသူ (၁၅၀)ဦး လက်ခံ သင်ကြားပေးရန်စီစဥ်ထားပြီး ယခုတွင် ကျောင်းသား၊ ကျောင်းသူ(၁၀၀)နီးပါး လာရောက် အပ်နှံနေသလို ဆက်တိုက်ကျောင်းအပ်နှံမှုတွေလည်းရှိနေကြောင်း သိရှိရပါသည်။ သင်ကြားမှု ဘာသာရပ်များအနေဖြင့် ပထမနှစ်တွင်ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များ နည်းတူ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များ သင်ကြားပေးပြီး တိုင်းရင်းဆေးပညာရပ်၏ သမိုင်းကြောင်းများ၊ တိုင်းရင်းဆေး၏အရေးပါသည့် ဆေးဘက်ဝင်အပင်များနှင့် ပတ်သက်သည့် ဆေးဝါးဗေဒပညာရပ်များအပြင် ထူးခြားမှုအနေဖြင့် တိုင်းရင်းဆေးနှင့် ပတ်သတ်သည့်ကျမ်းများကိုလေ့လာရာ၌ လွယ်ကူစေရန်အတွက် ပါဠိသက္ကတ ဘာသာရပ်ကိုလည်း ထည့်သွင်းသင်ကြားပေးလျက်ရှိပါသည်။ ဒုတိယနှစ်တွင် အနောက်တိုင်းဆေးပညာဘာသာရပ်တွေ ပိုမိုများပြားလာပြီး တိုင်းရင်းဆေးပညာရပ်ကို အနည်းငယ်ထည့်သွင်းသင်ကြားပေးကာ တတိယနှစ်နှင့် စတုတ္ထနှစ်တွင် တိုင်းရင်းဆေးဘာသာရပ်များအား အထူးပြုကာ သင်ကြားပေးလျက်ရှိကြောင်း သိရှိရပါသည်။
ယခုနှစ်အတွက် အနိမ့်ဆုံးအမှတ်မှာ (၃၅၂)မှတ်ထိ သတ်မှတ်ထားပြီး စာတွေ့လက်တွေ့(၄)နှစ်နှင့် အလုပ်သင်(၁)နှစ်၊ စုစုပေါင်း(၅)နှစ်ပြီးပါက Bachelor Of Myanmar Traditional Medicine (BMTM)ဘွဲ့ကို ပေးအပ်ချီးမြှင့်သွားမည်ဟု သိရှိရပါသည်။ ကျောင်းပြီးဆုံး၍ တိုင်းရင်းဆေးဆရာမှတ်ပုံတင်လက်မှတ်ရပါက ဆေးရုံ၊ ဆေးခန်းဖွင့်ခြင်း၊ ဆေးဝါးထုတ်လုပ်ရောင်းချခြင်း၊ ဆေးဝါးဆိုင်ရာလုပ်ငန်းများ၌ သွားရောက်လုပ်ကိုင်နိုင်ခြင်း၊ နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခြင်း အစရှိသည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မှာဖြစ်ကြောင်း သိရှိရပါသည်။
တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)အနေဖြင့် ရည်ရွယ်ချက်(၇)ရပ်ဖြင့် ဆောင်ရွက်လျက် ရှိရာ အဓိကအားဖြင့် ကောင်းမွန်စွာတတ်ကျွမ်းနားလည်သည့် တိုင်းရင်းဆေးပညာရှင်တွေ ပေါ်ထွန်းလာစေဖို့ ပြုစုမွေးထုတ်ပေးနေကြောင်း သိရှိရပါသည်။