၁၈-၇-၂၀၂၂၊ နေပြည်တော်
၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၃)ရက် ဗုဒ္ဓဟူးနေ့တွင် သူနာပြုတက္ကသိုလ်၊ မန္တလေးသူနာပြုမဟာသိပ္ပံ (အုပ်ချုပ်မှုနှင့်စီမံခန့်ခွဲမှုပညာ) (၈/၂၀၂၁) ဘွဲ့လွန်သင်တန်းမှ ပထမနှစ်သင်တန်းသူ(၁၀)ဦး ပါဝင်သောအဖွဲ့သည် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အမျိုးသားပရဆေးဥယျာဉ်နှင့် တိုင်းရင်းဆေးပညာပြတိုက်သို့ လေ့လာရေးလာရောက်ခဲ့ကြပါသည်။
အဆိုပါ အမျိုးသားပရဆေးဉယျာဉ်သို့ လာရောက်လေ့လာဆည်းပူးကြသော သင်တန်းသူများကို တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး ဦးဆောင်လမ်းညွှန်မှုဖြင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လ/ထညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ ပါဝင်သောအဖွဲ့မှ ကြိုဆိုခဲ့ကြပါသည်။ ဆက်လက်ပြီး လာရောက် လေ့လာ ဆည်းပူးကြသည့် သင်တန်းသူများကို တာဝန်ရှိပုဂ္ဂိုလ်များမှ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် စုစုပေါင်းပရဆေးဥယျာဉ်(၈)ခုရှိပြီး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် အမျိုးသား ပရဆေးဥယျာဉ်နှင့် ရေဆင်းပရဆေးဥယျာဉ်၊ မန္တလေးတိုင်းဒေသကြီးတွင် ရေတံခွန်တောင် ဥယျာဉ်၊ ဖောင်းတောပရဆေးဥယျာဉ်၊ ဆည်ပေါက်ပရဆေးဥယျာဉ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရွာသာကြီးပရဆေးဥယျာဉ်၊ ကြို့ကုန်းပရဆေးဥယျာဉ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် မြိတ်ကန်သာယာ ပရဆေးဥယျာဉ်တို့ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ ပရဆေးဉယျာဉ်၏ လုပ်ငန်းများမှာ ရှားပါးပရဆေးပင်များ ရှာဖွေ စုဆောင်းစိုက်ပျိုးခြင်း၊ မျိုးထိန်းခြင်း၊ သဘာဝအပင်ကြီးများနှင့် ဆေးဖက်ဝင်အပင်ကြီးများ ပြုစုထိန်းသိမ်းစောင့်ရှောက်ခြင်း တို့ဖြစ်ပါ ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် လာရောက်လေ့လာကြသည့် သင်တန်းသူ များမှ ပရဆေးဉယျာဉ်အတွင်း စိုက်ပျိုးထားရှိသည့် ဆေးဖက်ဝင်အပင်များအကြောင်းနှင့် အခြားသိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိ သူများမှ ပြန်လည်ရှင်းလင်းပြောကြား ခဲ့ပါသည်။
ဆက်လက်ပြီး သင်တန်းသူများသည် အမျိုးသားပရဆေးဉယျာဉ်အတွင်းရှိ တိုင်းရင်းဆေး ပညာပြတိုက်သို့ လာရောက်လေ့လာခဲ့ကြရာတွင် ဖွံ့ဖြိုးရေးဌာနစိတ်ရှိ တာဝန်ရှိဆရာမများက တိုင်းရင်းဆေးပညာပြတိုက်အကြောင်း၊ ပြတိုက်စတင်ထူထောင်သည့် အချိန်နှင့် ပြတိုက် ဖွင့်လှစ်ပြသရခြင်း၏ ရည်ရွယ်ချက်များအပြင် ပြတိုက်အတွင်းရှိ တိုင်းရင်းဆေးပညာနှင့် ပတ်သက်၍ နယကြီး(၄)ပါးပြကွက်၊ ဝိဇ္ဇာဓရနယပြကွက်၊ အပင်ထွက်၊ ရေထွက်၊ မြေထွက်၊ တိရစ္ဆာန်ထွက်ဆေးပစ္စည်းများပြကွက်တို့နှင့်စပ်လျဉ်း၍တိုင်းရင်းဆေးပညာအရမည်ကဲ့သို့အသုံးဝင်ပုံ/အသုံပြုပုံ အကျိုးကျေးဇူးရှိမှုများအကြောင်းကို စိတ်ပါဝင်စားစွာ ရှင်းလင်းပြောကြား ခဲ့ပါသည်။
ထိုနောက်သင်တန်းသူများမှ တိုင်းရင်းဆေးပညာပြတိုက်ရှိ ပြသထားသော ပြကွက်များရှိ တိုင်းရင်းဆေးပစ္စည်းများနှင့်ပတ်သက်၍ စိတ်ပါဝင်စားစွာကြည့်ရှု့ကြပြီး သိလိုသည်များကို မေမြန်းခြင်းအပေါ် တာဝန်ရှိဆရာမများက တိုင်းရင်းဆေးပညာသဘောအရ ပြန်လည်ဖြေကြား ခဲ့ပါသည်။
ထိုနောက်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစုစုဒွေး ဦးဆောင် ပါဝင်သော တာဝန်ရှိသူဆရာမများနှင့် လာရောက်လေ့လာကြာသည့် သင်တန်းသူ(၁၀) ဦးတို့သည် မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးကာ နေ့လယ်(၁၂း၃၀)နာရီတွင် တိုင်းရင်းဆေး ပညာပြတိုက်မှ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။
ဆက်လက်ပြီး အဆိုပါသင်တန်းသူများသည် နေ့လယ်ပိုင်းတွင် ရုံးအမှတ်(၄၇)၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနသို့ ရောက်ရှိခဲ့ပြီး တိုင်းရင်းဆေးပညာ ဦးစီးဌာန ရုံးချုပ်၏ ဌာနခွဲများဖြစ်သော စီမံရေးရာဌာန၊ ကုသရေးဌာန၊ ဆေးဝါးနှင့်ဉယျာဉ်ဌာန၊ သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနတို့သို့ လာရောက်လေ့လာခဲ့ကြပြီး အဆိုပါဌာန၏ တာဝန်ခံ အရာရှိများမှ ဌာနအသီးသီး၏ လုပ်ငန်းတာဝန်များအကြောင်းကို လာရောက်လေ့လာကြသော သင်တန်းသူများကို ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။