နေပြည်တော်- ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၁) ရက်
ကျန်းမာရေးဝန်ကြီးဌာန၏ ငါးမျိုးစိုက်ထည့်ခြင်းနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်ရှိ အမျိုးသားပရဆေးဥယျာဉ်နှင့် မင်္ဂလာကန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နှင့် နေပြည်တော်ကောင်စီ ဥက္ကဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်တို့ တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ ငါးမျိုးများစိုက်ထည့်ခြင်းအခမ်းအနားကို မင်္ဂလာကန်တွင် ကျင်းပပြုလုပ်ရာ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ငါးမျိုးများကို စိုက်ထည့် ပေးခဲ့ပြီး ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်က ငါးမျိုး များကို စိုက်ထည့်ပေးခဲ့ပါသည်။
၎င်းနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက လည်း ကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်မှလည်းကောင်း ငါးမျိုးများကို စိုက်ထည့် ပေးခဲ့ပါသည်။ ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက် အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် အမှုထမ်းများမှ ငါးကြင်းရွှေဝါငါးသားပေါက် အကောင်ရေ ၁၀၀၀၀ နှင့် ငါးမြစ်ချင်းငါးသားပေါက်အကောင်ရေ ၁၀၀၀၀၊ စုစုပေါင်း ငါးသားပေါက်အကောင်ရေ ၂၀၀၀၀ ကို စိုက်ထည့်ပေးခဲ့ပါသည်။
ထို့နောက်အစီအစဉ်အရ အမျိုးသားပရဆေးဥယျာဉ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊မိုးရာသီသစ် ပင်စိုက်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ တိုင်းရင်းဆေးဖက်ဝင်အပင်များကို စိုက်ပျိုးပေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ကံ့ကော်ပင်ကို လည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဌ၊ မြို့တော်ဝန်ဒေါက်တာမောင်မောင်နိုင်က ကရမက်ပင်ကိုလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းက သရဖီပင်ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် က စကားဝါပင်ကိုလည်းကောင်း စိုက်ပျိုးပေးခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက် အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးများက နှစ်ရှည် တိုင်းရင်းဆေးဖက်ဝင်အပင်များဖြစ်ကြသည့် ကံ့ကော်၊ ကရမက်၊ သရဖီ၊ စကားဝါ၊ နံ့သာဖြူ၊ ကရဝေး၊ သစ်ကြံပိုး၊ ရှိန်းခို၊ သစ်ဆိမ့်၊ ပုတီးဖြူ၊ ရင်ခတ်၊ ပုန်းညက် စသည့် တိုင်းရင်းဆေးဖက်ဝင်အပင်များကို စိုက်ပျိုးပေးခဲ့ကြပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နှစ်ရှည်တိုင်းရင်းဆေးပင်များ စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်းသတင်းရရှိပါသည်။