ယနေ့ ၂၇-၁၂-၂၀၂၀ ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုကို တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးအမှတ်(၄၇) နေပြည်တော်တွင် တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် သုတေသနလုပ်ငန်းများ ဦးစားပေးတိုးမြှင့်ဆောင်ရွက်နိုင်ရန် Virtual Meeting ဖြင့် ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်မိုးနှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့မှ ဉက္ကဋ္ဌ ပါမောက္ခဒေါက်တာဦးမိတ်နှင့် အဖွဲ့ဝင်များ၊ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစောစော၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြစ်သော တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူများအား ဘေးကင်းစိတ်ချရသော၊ အရည်အသွေးပြည့် တိုင်းရင်းဆေးဖြင့် ကုသဝန်ဆောင်မှုပေးနိုင်ရန်အတွက် သုတေသနကို မဖြစ်မနေ ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပြုဆွေးနွေး တင်ပြခဲ့ကြပါသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆရာကြီး/ဆရာမကြီးများမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုကြပြီး ညနေ (၄:၀၀)နာရီ တွင် အစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။