the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ နံနက်ပိုင်း အစီအစဉ်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အတွင်းဝန်၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ၏အဖွင့်နှုတ်ခွန်းဆက်အမှာစကား

ရက်စွဲ ၁၈.၁.၂၀၁၇

နေပြည်တော်၊ MICC-II

       

(၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံသို့ တက်ရောက်လာကြ ပါသော၊ ကိုယ်စားလှယ်တော်ကြီးများနဲ့ ဧည့်သည်တော်ကြီးများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းဟူသော ကာယစိတ္တသုခနှစ်ဖြာ ပြည့်စုံပါစေရန် ဆုတောင်းမေတ္တာပို့သရင်း မင်္ဂလာ နံနက်ခင်းပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ အခုလို မြန်မာ့တိုင်းရင်းဆေးသမားတော်များ သာမက တိုင်းရင်းဆေးနဲ့နှီးနွယ်တဲ့ ပညာရှင် ကိုယ်စားလှယ်များပါ စုံစုံညီညီ စုစုစည်းစည်းနဲ့ တွေ့ဆုံခွင့်ရတဲ့ ဒီညီလာခံကြီးမှာ ကျနော့်အနေနဲ့ သဘာပတိအဖြစ် ဆောင်ရွက်ခွင့်ရတာ ဝမ်းမြောက် ဝမ်းသာဖြစ်မိပါကြောင်း ပြောကြားပါရစေ။

       

မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများ ညီလာခံကို (၂၀၀၀)ပြည့်နှစ်ကစပြီး နိုင်ငံတော် အဆင့် နှစ်စဉ်မပျက်အောင်မြင်စွာကျင်းပလာခဲ့တာ ယခုဆိုရင် (၁၇)ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဟာ နိုင်ငံတော်အစိုးရရဲ့ ပံ့ပိုးမှုသာမက တိုင်းရင်း ဆေးသမားတော်ကြီးများ အားလုံးရဲ့ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလို မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံများကျင်းပခြင်းဖြင့် တိုင်းရင်း ဆေးသမားတော်များသာမက နှီးနွယ်ပညာရှင်များပါပါဝင်ပြီး အတွေ့အကြုံ၊ အတွေးအမြင်များ တွေကို ဖလှယ်ကြခြင်းဖြင့် မြန်မာ့တိုင်းရင်းဆေးပညာအဆင့်အတန်းမြင့်မားဖို့ အထောက်အကူ ကောင်းတွေ ရရှိနိုင်ကြမှာဖြစ်ပါတယ်။ယနေ့ခေတ်ကာလဟာ တိုင်းရင်းဆေးပညာကို နိုင်ငံတော် အစိုးရရဲ့အားပေး ချီးမြောက်မှု တိုင်းရင်းဆေးသမားတော်ကြီးများရဲ့ ဂိုဏ်းဂဏစိတ်ထား ကင်းရှင်းစွာ တိုင်းရင်းဆေးပညာအကျိုး ရှေးရှု့ကြိုးပမ်းဆောင်ရွက်မှုနဲ့ ပြည်သူများ၏ မြန်မာ့ တိုင်းရင်းဆေးအပေါ် ယုံကြည် ကိုးစားအားပေးမှုတို့ အပြန်အလှန်ပေါင်းစည်းအကျိုးပြုလျှက် မြန်မာ့တိုင်းရင်းဆေးပညာ ပြန်လည်ထွန်းထောက်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းသွားနိုင်မဲ့ အခြေအနေများရှိနေပြီ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ပြည်သူလူထု အများစုဟာ ကျန်းမာရေး ကိစ္စများအတွက် တိုင်းရင်းဆေးတွေကိုလည်း အားကိုးအားထား ပြုလာကြပါတယ်။အထူးသဖြင့် ကျွမ်းကျွမ်းကျင်ကျင် -၂- တတ်မြောက်တဲ့ တိုင်းရင်းဆေးဆရာကြီးတွေရဲ့ အရည်အသွေးကိုလည်း ပိုမိုလက်ခံလာကြပြီ ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမှာ တိုင်းရင်းဆေးဆရာတွေဘက်က မြန်မာ့တိုင်းရင်းဆေးဖြင့် ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်နိုင်မှုကို ပို၍ပို၍ကောင်းမွန်အောင် စောင့်ရှောက် ပေးနိုင်ဖို့နဲ့ မိမိတို့ရဲ့အရည်အသွေးနဲ့ ဂုဏ်သိက္ခာ တိုးတက်သထက်တိုးတက်အောင် ကြံဆောင် ကြရန်မှာ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့တိုင်းရင်းဆေးပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပေးနိုင်မဲ့ နှီးနွယ်ဆေးပညာရှင်များ၊ ဆေးဝါးဗေဒ၊ ဓာတုဗေဒ၊ ရုက္ခဗေဒ၊ ဇီဝဓာတုဗေဒ အစရှိတဲ့ ကျွမ်းကျင်မှုဆိုင်ရာ ပညာရှင်များနဲ့ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားလိုပါ တယ်။

       

မြန်မာ့တိုင်းရင်းဆေးသမားတော်ညီလာခံ ကိုယ်စားလှယ်ကြီးများ ခင်ဗျာ။ (၁၆)ကြိမ်မြောက် ညီလာခံမှ အဆိုပြုချက်၊ ထောက်ခံချက်များကို ပြန်လည်သုံးသပ်ရမည်ဆိုရင် နိုင်ငံတော်အနေနဲ့ အများပြည်သူတွေမှာ အဖြစ်များတဲ့ ဆီးချို၊ သွေးတိုး၊ ဝမ်းပျက်၊ ဝမ်းလျော၊ ဝမ်းကိုက်၊ ရောဂါတွေအတွက် ကာကွယ်ကုသနိုင်တဲ့ ကုထုံးဆေးဝါးတွေကို တိုင်းရင်းဆေးမှာလည်း ရှိတဲ့အတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာရှိတဲ့ တိုင်းရင်းဆေးရုံကြီးတွေမှာ ပြင်ပတိုင်းရင်းဆေးဆရာကြီးများနဲ့ ဝန်ထမ်းတိုင်းရင်းဆေးဆရာများ ပူးပေါင်းပြီး တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းဖြင့်၊ မြန်မာ့တိုင်းရင်းဆေးပညာရဲ့ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တိုင်းရင်း ဆေးပညာရောဂါ ရှာဖွေနည်းစနစ်များ၊ သမားစဉ်ကုထုံးနည်းစနစ်များနဲ့ အစွမ်းထက်ဆေးဝါးများ၊ ရရှိလာပြီး ၎င်းတို့ကို စနစ်တကျစုစီးပြီး မှတ်တမ်းပြုစုနိုင်ရေးနဲ့ တိုင်းရင်းဆေးရုံနှင့် တိုင်းရင်းဆေးကု ဌာနများတွင် လက်တွေ့အသုံးချနိုင်ရေးကိုလည်းတိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြိုးပမ်းဆောင်ရွက် ခဲ့ပါတယ်။ ဒါ့အပြင် မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့ ပရဆေးပင်များ အကြောင်းကို ပြည်သူလူထုက သိရှိ နားလည်အသုံးပြုနိုင်ရေးအတွက် တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသသည့် အခါများတွင် မိမိတို့ပတ်ဝန်းကျင်ရှိ ဆေးဘက်ဝင်အပင်များအကြောင်း၊ မီးဖိုချောင်သုံး တိုင်းရင်းဆေးပင်များ အကြောင်း၊ ရာသီအလိုက် ဖြစ်တတ်သော ရောဂါများအကြောင်းကို ဟောပြောပို့ချခြင်းအားဖြင့် တိုင်းရင်းဆေးဖြင့် ပဏာမကျန်းမာရေး စောင့်ရှောက်မှု၊ တိုင်းရင်းဆေးဝါးများကို တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရာမှသည် စီးပွားဖြစ်ထု တ်လုပ်လာနိုင်ရန်အထောက်အကူဖြစ်နိုင်မှု၊ ပရဆေးပင်များ မျိုးထိန်းမှုနှင့် တိုးချဲ့စိုက်ပျိုးနိုင်မှုအတွက် လမ်းညွှန်ပေးနိုင်မှုတွေဟာ တိုင်းရင်းဆေးသမားတော်များ ညီလာခံတွေရဲ့ရရှိခဲ့တဲ့ အကျိုးကျေးဇူးရလာဒ်နမူနာတချို့ဘဲဖြစ်ပါတယ်။ ယခုနှစ် ညီလာခံမှာ -၃- တင်ပြကြမဲ့ တိုင်းရင်းဆေးဆိုင်ရာအဆိုပြုချက်တွေထဲက မြန်မာ့တိုင်းရင်းဆေးပညာ၊ တိုင်းရင်း ဆေးဝါး ၊ ဆေးပင်များနဲ့ ပတ်သက်ပြီး အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေး Intellectual Property Right (IPR) ဖြင့် ကာကွယ်ရန် အဆိုပြုချက်မှာ အလွန်ကောင်းမွန်သော အဆိုပြုချက် ဖြစ်ပါတယ်။ (IPR) လုပ်ခြင်းဖြင့် မိမိတို့၏ နိုင်ငံတွင် ရှေ့နှစ်ပေါင်းများစွာကတည်းကရှိနှင့်ပြီးဖြစ်တဲ့ တိုင်းရင်းဆေးပညာ၊ အသိပညာ၊ အတတ်ပညာ၊ ဆေးဝါးများ၊ ဆေးပင်များကို အသိဉာဏ်ပစ္စည်း ဆိုင်ရာ မူပိုင်ခွင့် အခွင့်အရေးရရှိပါက နိုင်ငံအတွင်းရှိ အသိပညာရှင်၊ အတတ်ပညာရှင်တို့ဟာ တိုင်းရင်းဆေးသုတေသန လုပ်ငန်းများ ပြုလုပ်ပြီး တိုင်းရင်းဆေးဝါးများ ပညာရပ်များကို ရှာဖွေဖော်ထုတ် မှတ်ပုံတင်ထားနိုင်သဖြင့် မိမိတို့တိုင်းပြည်နဲ့လူမျိုးတို့ရဲ့ ရပိုင်ခွင့်များကို ကာကွယ် ပေးနိုင်မှာဖြစ်ပါတယ်။ ဒီအတွက်လဲ ရှေးဟောင်း ဆေးကျမ်း၊ ပေစာများ၊ အထောက်အထားများကို ရှာဖွေဖော်ထုတ်ရကြရမှာ ဖြစ်ပါတယ်။ တိုင်းရင်းဆေးနဲ့သက်ဆိုင်တဲ့ (IPR) ဆိုင်ရာအချက်အလက် များသည်လည်း တိုင်းရင်းဆေးပညာရှင်များ၊ သိပ္ပံပညာရှင်များ၊ ဥပဒေပညာရှင်များ ပူးပေါင်းပါဝင် ရေးဆွဲ ဖော်ထုတ်ခြင်းဖြင့် ထွက်ရှိလာမှာ ဖြစ်ပါတယ်။

     နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ယခု (၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံမှာ မြန်မာ့တိုင်းရင်းဆေးပညာအဆင့်အတန်း တိုးတက်မြင့်မားရေး လုပ်ငန်း များ အောင်မြင်စွာဖြစ်ထွန်းစေရေးအတွက် မြန်မာ့တိုင်းရင်းဆေးသမားတော်များအားလုံးက စည်းလုံး ညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းကြပါ။ သိမ်မွေ့နက်နဲတဲ့ မြန်မာ့တိုင်းရင်းဆေးပညာရပ်များ၊ ကုထုံးများ၊ ဆေးကျမ်းများနဲ့ အာနိသင်ထက်မြက်တဲ့ ဆေးဝါးများရဲ့အနှစ်သာရ အဆီအနှစ်တွေကို စုစည်းပြီး အမျိုးသားအမွေအနှစ်ပညာရပ်တစ်ခုအဖြစ် ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်မှု ပိုမိုပေးစွမ်းနိုင်ကြပါစေလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ