the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၅) ကြိမ်မြောက် မြန့်မာ့တိုင်းရင်ဆေး သမားတော်များ ညီလာခံ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဂုဏ်ပြု သဝဏ်လွှာ

၂၀၁၄ ခုနှစ်တွင် ကျင်းပသည့် (၁၅)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံသို့ တက်ရောက်လာကြပါသော တိုင်းရင်းဆေးသမားတော်များနှင့် တိုင်းရင်းဆေးပညာရှင် အပေါင်းတို့ ခင်ဗျား -------။

         

ခရစ်သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှစတင်၍ နှစ်စဥ်နှစ်တိုင်း ယခုကဲ့သို့ အေးမြသော ဥတုရာသီကာလတွင်၊ မြန်မာ့တိုင်းရင်းဆေးသမားတော်များနှင့် တိုင်းရင်းဆေးပညာရှင်များ၊ ပျော်ရွှင်ချမ်းမြေ့စွာ၊ ချစ်ခင်ရင်းနှီးစွာ ဆုံတွေ့ခွင့် ရရှိခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၁၅)ကြိမ်မြောက် ခဲ့ပြီ ဖြစ်ပါသည်။ နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းဆေးသမားတော် မျိုးဆက်အဆင့်ဆင့်တို့ နှစ်စဥ်မပျက်မကွက်၊ တက်ရောက်ခဲ့သည့် အစဥ်အလာ အတိုင်း ယခုနှစ်တွင်လည်း တိုင်းရင်းဆေးသမားတော်များ၏ မြန်မာ့တိုင်းရင်းဆေးပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စုံညီစွာပါဝင် တက်ရောက်၊ ဆွေးနွေး ညှိနှိုင်း၊ တိုင်ပင်ကြမည့် ညီလာခံအခါသမယတွင် ကြည်နူး ဝမ်းမြောက်စွာ နှုတ်ခွန်းဆက်သ အပ်ပါသည်။ တိုင်းရင်းဆေးပညာရှင်များ၏ စည်းလုံးညီညွတ်မှုပြယုတ်ကို တွေ့ရှိရသည့် အတွက် လည်း လွန်စွာနှစ်ထောင်းအားရ ဖြစ်မိပါသည်။ စည်းလုံးညီညွတ်မှုဆိုသည်မှာ မည်သည့် အဖွဲ့အစည်း တစ်ရပ်အတွက်မဆို ကြီးမားသော ခွန်အားပင် ဖြစ်ပါသည်။ မြန်မာ့တိုင်းရင်းဆေးသမားတော်များသည် စည်းလုံး ညီညွတ်မှုကို တန်ဖိုးထားကြသူများ ဖြစ်သည်ဟု ယုံကြည်မိပါသည်။ စင်စစ်တွင် မြန်မာ့ တိုင်းရင်းဆေးသမားတော်များသည် ကုသိုလ်လည်းရ ဝမ်းလည်းဝ ဆိုသည့် အသက်မွေးဝမ်းကြောင်း၊ အတတ်ပညာကို ပိုင်ဆိုင် သူများ ဖြစ်ကြ၍ နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်ယူဖွယ်ရာ ပညာရှင်များ ဖြစ်ကြပါသည်။ မြန်မာ့တိုင်းရင်းဆေးသမားတော် ညီလာခံ ကိုယ်စားလှယ်ကြီးများတို့သည် မိမိတို့ လူမျိုး ဘိုးဘေးဘီဘင်တို့ လက်ဆင့်ကမ်း သယ်ဆောင်လာတဲ့ အမွေအနှစ်များထဲက အဓိကကျတဲ့ အမျိုးသားဆေးပညာရပ်ကို အမွေခံ ထိန်းသိမ်းစောင့်ရှောက်ကြရသော ပုဂ္ဂိုလ်များ ဖြစ်ကြသည့်အတွက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ဖြစ်ရခြင်းကို ဂုဏ်ယူထိုက်ပါပေသည်။

 

တိုင်းရင်းဆေးသမားတော် ညီလာခံကိုယ်စားလှယ်ကြီးများသည် ယခုနှစ် ညီလာခံတွင်လည်း ယခင်က ညီလာခံများအတိုင်း မြန်မာ့ တိုင်းရင်းဆေး ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းဆေးပညာဖြင့် ပြည်သူလူထု စောင့်ရှောက်ရေးတို့အတွက် ဆွေးနွေး၊ တိုင်ပင်၊ နှီးနှော ဖလှယ် ကြရမည် ဖြစ်ပါသည်။ မြန်မာ့တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ၊ အမျိုးသား အမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်ပြီး၊ စည်းစနစ်ကျနစွာ တိုးတက်ရေး၊ စည်းလုံး ညီညွတ်ရေး၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေး၊ ကိစ္စရပ်များကို ညီလာခံတွင် ဆွေးနွေးဖလှယ်ကြရမည် ဖြစ်ပါသည်။ ထို့အပြင် မြန်မာ့ တိုင်းရင်းဆေးကုထုံးဆိုင်ရာ အတွေ့အကြုံများ၊ ပညာရပ်ဆိုင်ရာ အယူအဆများကိုပါ နှီးနှော ဖလှယ်ကြမည် ဆိုသောကြောင့်၊ တိုင်းရင်းဆေးပညာ အမွေအနှစ်များ၊ ပေးဝေသူ၊ ဆက်ခံသူတို့၏ အဖိုးတန် မွန်မြတ်လှသော တွေ့ဆုံပွဲပင် ဖြစ်သည်ဟု ယုံကြည်မိပါသည်။ မြန်မာ့ တိုင်းရင်းဆေး ကဏ္ဍအတွက် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ညီလာခံကြီးပင်ဖြစ်ပါပေသည်။ ယနေ့ခေတ်ကာလတွင် အနောက်တိုင်း ဆေးပညာသည် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု ကြီးမားလာသော် လည်း ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ပြည်သူတို့သည် သဘာဝဆေးဖြစ်သည့် မိမိတို့၏ တိုင်းရင်းဆေး ကုထုံးများကိုလည်း လက်မလွတ်ဘဲ အားကိုးနေကြသည်ကို တွေ့မြင်နိုင်ကြပါသည်။ မိမိတို့ မြန်မာနိုင်ငံသားများသည်လည်း တိုင်းရင်း ဆေးဝါးများကို ခေတ်ကာလအဆက်ဆက် အသုံးပြုခဲ့ကြပြီး၊ ပို၍ပို၍ ယုံကြည်အားကိုးကာ၊ တိုးတက်ဖွံ့ဖြိုးအောင် ကြံဆောင်ခဲ့ကြသည်သာ ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ ရိုးရာအမွေအနှစ်ဖြစ်သော မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို အရိုးပေါ် အရွက်မဖုံးစေဘဲ အမျိုးသား ယဥ်ကျေးမှု တစ်ရပ်အနေနဲ့ ထိန်းသိမ်းစောင့်ရှောက် သွားဖို့လည်း လိုအပ် လှပါသည်။

        

ယနေ့ခေတ်အခါတွင် မြန်မာ့တိုင်းရင်းဆေး ဖွံ့ဖြိုးတိုးတက် လာနေသည့် ဖြစ်စဉ်ကို လူထု လူတန်းစား အသီးသီးတို့က အကဲဖြတ်နိုင် ကြပြီ ဖြစ်ပါသည်။ မြန်မာ့တိုင်းရင်းဆေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဥ်များ တွင် ယခုကဲ့သို့သော မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံသည်လည်း အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်လျက် ရှိပါသည်။ ကဏ္ဏအလိုက်တာဝန်ရှိသူများ ဖြစ်သော၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် နှီးနွယ်ဆက်စပ် ဝန်ကြီးဌာနများမှ ပညာရှင် ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးကောင်စီဝင် ကိုယ်စားလှယ်ကြီးများ၊ မြန်မာနိုင်ငံ အနှံ့အပြားက တိုင်းရင်းဆေးသမားတော် ကိုယ်စားလှယ်ကြီး များနှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်သူ လုပ်ငန်းရှင် ကိုယ်စားလှယ်ကြီးများ၏ ဆုံဆည်းဆွေးနွေး ဖလှယ်ခွင့် ရရှိကြခြင်းကြောင့်ပင် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခု (၁၅)ကြိမ်မြောက်၊ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင် ကိုယ်စားလှယ်များ၊ ချစ်ခင်ရင်းနှီး၊ စည်းလုံးညီညွတ်၊ ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင် နှီးနှောနိုင်ကြပြီး ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် တိုင်းရင်းဆေးပညာဖြင့် ပိုမိုတိုးမြှင့် စောင့်ရှောက်နိုင်ကြရေးအတွက် ပူးပေါင်းကြံဆောင်၍ အဆိုပြု၊ ထောက်ခံမှုတို့ဖြင့် ဆောင်ရွက်နိုင် ကြပါစေကြောင်း (၁၅)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံ အခါသမယတွင် ဆုတောင်း မေတ္တာ ပို့သလျက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့ အပ်ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ