၂၀၁၃ ခုနှစ်တွင် ကျင်းပသည့် (၁၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံသို့ တက်ရောက်လာကြသော တိုင်းရင်းဆေးသမားတော်များနှင့် တိုင်းရင်းဆေးပညာရှင် အပေါင်းတို့ခင်ဗျား-
ခရစ်သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှ စတင်၍ နှစ်စဥ်မပျက်မကွက် ကျင်းပ နိုင်ခဲ့သည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ သက်တမ်းသည် ယခုနှစ် ဆိုလျှင် ဆယ်စုနှစ်တစ်စု ကို ကျော်လွန်လာခဲ့ပြီး ၁၄ နှစ်တိုင် ရောက်ခဲ့ပြီဖြစ်ပါသည်။ ယခုကဲ့သို့ မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံအခါသမယတွင် ညီလာခံ ကိုယ်စားလှယ်တော်ကြီးများအားလုံးကို ဝမ်းမြောက်ဝမ်းသာ နှုတ်ခွန်းဆက်သအပ်ပါသည်။ ယခုနှစ်ညီလာခံကြီးတွင်လည်း ညီလာခံကိုယ်စားလှယ် တိုင်းရင်းဆေး သမားတော်များနှင့် တိုင်းရင်းဆေးပညာရှင်အပေါင်းတို့ ကျန်းမာ ရွှင်လန်းစွာ ဆုံဆည်း ကြပြီး ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း မြင့်မား တိုးတက်စေရေးကို ရည်မှန်းလျက် မိမိတို့၏ အတွေ့အကြုံ၊ အတွေးအခေါ်၊ စေတနာမှန်သော၊ အပြု သဘောဆောင်သော၊ ခံစားချက်များကိုဖလှယ်ကြ၊ ဆွေးနွေးတိုင်ပင်ကြရင်း ကောင်းမွန်သော မြန်မာ့တိုင်းရင်းဆေးသမိုင်းအေမွအနှစ်များကို ချန်ရစ်ထားနိုင်ကြပါစေ လို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
မြန်မာ့တိုင်းရင်းဆေးတိုးတက်ဖြစ်ထွန်းမှုကို ကျန်ခဲ့သည့် ဆယ်စုနှစ် နှစ်စုခန့် ကာလအတွင်း ပြန်လည်သုံးသပ်ကြည့်မိပါသည်။ ၁၉၉၆ ခုနှစ်တွင် “တိုင်းရင်းဆေးဝါး ဥပဒေ” ကို ပြဌာန်းနိုင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် “တိုင်းရင်းဆေးကောင်စီဥပဒေ” ကို ပြဌာန်းနိုင်ခဲ့ပါသည်။ ဤဥပဒေနှစ်ခုသည် မြန်မာ့တိုင်းရင်းဆေးစနစ်တကျ ဖွံ့ဖြိုး တိုးတက်စေရန် ကြီးကြပ် လမ်းညွှန်ပေးသည့် အဓိကမဏ္ဍိုင်ကြီးများဖြစ်ပါသည်။ တိုင်းရင်းဆေးဝါးဥပဒေ ပြဌာန်းချက်များက အများပြည်သူတို့ အားကိုးအားထား ပြုနိုင်သည့် အရည်အသွေးမီ အစွမ်းထက် တိုင်းရင်းဆေးဝါးများကို မှတ်ပုံတင်ခြင်းနှင့် ထုတ်လုပ်ခွင့်လိုင်စင်များဖြင့် ဥပဒေနှင့်အညီ စနစ်တကျ ထုတ်လုပ်နိုင်ရေးအတွက် လမ်းညွှန်အားပေးထားသကဲ့သို့ ရှိပါသည်။ မျက်မှောက်ကာလတွင် Good Manufacturing Practice (GMP) အသိအမှတ်ပြု တိုင်းရင်းဆေးဝါးစက်ရုံများပင် ြဖစ်ထွန်းလာသည်ကို တွေ့ရှိနေရပါသည်။ အလားတူပင် တိုင်းရင်းဆေးကောင်စီ ဥပဒေကလည်း မှတ်ပုံတင်လက်မှတ်ရ၊ တိုင်းရင်းဆေးပညာရှင်များက ပြည်သူလူထုကို စနစ်တကျ ကျန်းမာရေးစောင့်ရှောက် ကုသမှုပြုနိုင်ရေးအတွက် ထိန်းကျောင်း အားပေး ထားသကဲ့သို့ ရှိပါသည်။ သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ မြန်မာ့တိုင်းရင်းဆေးသမား တော်များ၊ တိုင်းရင်းဆေးနှင့်နှီးနွယ်ပညာရှင်များနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်သူ လုပ်ငန်းရှင်တို့သည် တိုင်းရင်းဆေးဆိုင်ရာဥပဒေများ၏ မူဘောင်အတွင်းမှ မြန်မာ့တိုင်းရင်းဆေးပညာနှင့် မြန်မာ့တိုင်းရင်းဆေးဝါးများ တိုးတက် ဖွံ့ဖြိုးသထက်၊ ပို၍ပို၍ တိုးတက်ဖွံ့ဖြိုးရေးကို စုပေါင်းညီညာ ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက် နိုင်ကြရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။
တိုင်းရင်းဆေးပညာရှင် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး ဆောင်ရွက်ခဲ့မှု များကို ကြည့်ပြန်လျှင်လည်း၊ ၁၉၇၆ ခုနှစ်တွင် တိုင်းရင်းဆေးသိပ္ပံ ကျောင်းကို တည်ထောင်ခဲ့ကာ ဒီပလိုမာအဆင့် ပညာရှင်များ ပေါ်ထွက်နိုင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင်၊ တိုင်းရင်းဆေးတက္ကသိုလ်ကြီးကို တည်ထောင်နိုင်ခဲ့ပါသည်။ ယခု မျက်မှောက်ကာလတွင် တိုင်းရင်းဆေးတက္ကသိုလ်ကြီးမှ မြန်မာ့ တိုင်းရင်းဆေးပညာ ဘွဲ့ရပညာရှင် အဆင့်သာမက မဟာဘွဲ့ပညာရှင်အဆင့်ထိ ပေါ်ထွက်လာပြီ ဖြစ်ပါသည်။
ထိုမျှမက ၂၀၀၇ ခုနှစ်ကစ၍ အရေးပေါ်အိမ်သုံးမြန်မာ့တိုင်းရင်းဆေးသေတ္တာများ ကျေးလက်တောရွာများဆီအရောက် ဖြန့်ဝေခဲ့၊ ဖြန့်ဝေလျက်ရှိသော ပဏာမ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ၂၀၀၈ ခုနှစ်တွင် အမျိုးသားပရဆေး ဥယျာဥ်ကြီးကို နေပြည်တော်တွင် တည်ထောင်ဖွင့်လှစ်နိုင်သည့် ဆောင်ရွက်မှုများ၊ ၂၀၁၃ ခုနှစ် မှာ နိုင်ငံတကာအဆင့်မီ မြန်မာ့ပရဆေးပင်ကျမ်း (Myanmar Herbal Pharmacopoeia) ပေါ်ထွက်လာအောင် စွမ်းဆောင်မှုများသည်လည်း မြန်မာ့ တိုင်းရင်းဆေးဖွံ့ဖြိုးတိုးတက်မှုအတွက် မှတ်တိုင်များပင်ဖြစ်ပါသည်။ လတ်တလောကာလ ၂၀၁၂ ခုနှစ် နှင့် ၂၀၁၃ ခုနှစ်များအတွင်း အာဆီယံအဆင့် တိုင်းရင်းဆေးဆိုင်ရာ အစည်းအဝေးကြီးများနှင့် ညီလာခံကိုလည်း အိမ်ရှင်အဖြစ် ကျင်းပနိုင်ခဲ့၊ ကျင်းပရန်များ အစီအစဥ်ရှိပြီး ဖြစ်ပါသည်။ မြန်မာ့တိုင်းရင်းဆေးဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များသည် မြန်မာပြည်သူတို့၏ ကျန်းမာကြံ့ခိုင်ရေးအတွက်ကြီးမားသော အထောက်အပံ့များပင် ဖြစ်ပါသည်။
မြန်မာ့တိုင်းရင်းဆေးဖွံ့ဖြိုးတိုးတက်မှုဆိုသည့် တာဝန်ကိုထမ်းဆောင်ကြမည့် အဓိကအင်အားစုကြီးသည် မြန်မာပြည်တစ်ဝှမ်းလုံးမှ ချစ်ကြည်ရင်းနှီး၊ ပေါင်းစည်း စိတ်ကို အခြေခံ၍ ယခု တိုင်းရင်းဆေးသမားတော်များညီလာခံကြီးတွင် စုဝေးရောက်ရှိ နေကြသည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များနှင့် တိုင်းရင်းဆေးနှင့်နှီးနွယ်သော ပညာရှင်အပေါင်းတို့ပင် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာပြည်သူတို့၏ အသက်ရှည်ရာ အနာမဲ့ကြောင်းကို ရည်မျှော်လျက်၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးဆရာအသင်း၊ တိုင်းရင်းဆေးဝါး လုပ်ငန်းရှင်တို့သည် မြန်မာ့တိုင်းရင်းဆေး ဖွံ့ဖြိုး ခိုင်မာ တိုးတက်ရေး အတွက် ချစ်ကြည် ရင်းနှီးစွာဖြင့် ပူးပေါင်းအားထုတ် ကြိုးပမ်းဆောင်ရွက် နိုင်ကြပါစေေကြာင်း (၁၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံအခါ သမယတွင် ဆုတောင်းမေတ္တာပို့သလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။