the republic of the union of myanmar

ministry of health

Department of Traditional Medicine

မြန်မာ့တိုင်းရင်းဆေးပညာရှင်များနှီးနှောဖလှယ်ပွဲ ပိတ်ပွဲအခမ်းအနားတွင်သဘာပတိ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏နိဂုံးချုပ်အမှာစကား

၁၉-၁-၂၀၁၇

(၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှော ဖလှယ်ပွဲသို့ ကြွရောက်လာပါသော ကိုယ်စားလှယ်တော်များ၊ မြန်မာ့ တိုင်းရင်းဆေး ပညာရှင်များနဲ့ အခြားနှီးနွယ်သော ပညာရပ်ဆိုင်ရာ ပညာရှင်များအားလုံးရှင် ကျွန်မတို့ရဲ့ ညီလာခံကြီးနဲ့ နှီးနှောဖလှယ်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီဖြစ်လို့ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အားလုံးလည်း ပျော်ရွှင်ကြည်နူး ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

 

ဒီညီလာခံကြီး ဖြစ်မြောက်ဖို့အတွက် ကျွန်မတို့အနေနဲ့ (၃၊ ၄)လလောက် အချိန်ယူ ဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပါတယ်။ ညီလာခံ စီမံချက်ရေးဆွဲ တင်ပြတာကစပြီးတော့ ဦးစီးကော်မတီနဲ့ လုပ်ငန်းကော်မတီများဖွဲ့စည်းခြင်း၊ညီလာခံနှင့် နှီးနှောဖလှယ်ပွဲကျင်းပရေး လုပ်ငန်းဆိုင်ရာဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊လုံခြုံရေးဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ၊ဘဏ္ဍာရေးဆပ်ကော်မတီီီ၊ကျွေးမွေးရေးဆပ်ကော်မတီစတဲ့ ဆပ်ကော်မတီ အသီးသီးနဲ့ အတွင်းရေးမှူးများအဖွဲ့ ဖွဲ့ပြီး သက်ဆိုင်ရာ လုပ်ငန်းအဝဝ ဆောင်ရွက်ခြင်း၊ ညီလာခံမှာတင်သွင်းမဲ့ အဆိုပြုခြင်း၊ ထောက်ခံခြင်းများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပါဝင်ပြီး တတ်နိုင်သမျှ အချက်အလက်ပြည့်စုံကောင်းမွန်အောင် အစည်းအဝေးများ အကြိမ်ကြိမ် ပြုလုပ်ပြီး ဝိုင်းဝန်းဆွေးနွေးရေးသားခြင်း စတာတွေကို စီစဥ်ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ အဲ့ဒီအပြင် ယခင်နှစ်ညီလာခံ မှတ်တမ်းများ ပြုစုထုတ်ဝေခြင်း၊ မဂ္ဂဇင်းထုတ်ဝေနိုင်ရေးကိစ္စအဝဝ ဆောင်ရွက်ခြင်း၊ မြန်မာ့ တိုင်းရင်းဆေးပြခန်းများဖြစ်မြောက်ရေးနဲ့ ညီလာခံအကြို လှုံ့ဆော်ရေး ဆောင်းပါးများနဲ့ သတင်းများ၊ အင်တာဗျူး ပြုလုပ်ခြင်း စသည်တို့ကိုလည်း တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပါတယ်။

 

ဒီကိစ္စတွေကို ဆောင်ရွက်ရာမှာ တိုင်းရင်းဆေးပညာဦးစီးဌာန တစ်ခုတည်း ဆောင်ရွက်ခဲ့တာမဟုတ်ဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ အခြားဦးစီးဌာနများ၊ နှီးနွယ်ဝန်ကြီးဌာနများနဲ့အဖွဲ့အစည်းအသီးသီးကပါ ပေါင်းစပ်ပါဝင် ကူညီ ဆောင်ရွက်ပေးခဲ့ကြတာဖြစ်ပါတယ်။

 

အထူးသဖြင့် (၁၇)ကြိမ်မြောက်တိုင်းရင်းဆေးသမားတော်များညီလာခံနှင်‌့ နှီးနှော ဖလှယ်ပွဲ ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေရဲ့ ဦးဆောင် ညှိနှိုင်း ဆောင်ရွက်ပေးမှုနဲ့ တင်ပြပါ ဆပ်ကော်မတီအသီးသီးရဲ့ အားတတ်သရော ဝိုင်းဝန်း ကူညီမှုကြောင့် ဒီပွဲကြီး အခုလို အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်ခဲ့တာ ဖြစ်ပါကြောင်း ဒီနေရာကနေ ကျေးဇူးစကားဆိုပါရစေ၊ ဒါ့အပြင် နေပြည်တော်ကောင်စီ၊ အဆိုအထောက်များ ပြုစုရာမှာ ဝိုင်းဝန်းဆောင်ရွက်ပေးကြတဲ့ သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှ ပညာရှင်များ၊ သဘာပတိအဖွဲ့ဝင်များ၊ လာရောက်ဟောပြောပို့ချပေးပါသော Speaker များ၊ အားတက်သရော ဝိုင်းဝန်းဆွေးနွေးပေးကြပါသော ကိုယ်စားလှယ် တော်ကြီးများ၊ မြန်မာ့တိုင်းရင်းဆေးပြခန်းတွင် ပါဝင်ပြသ ပေးသူများ၊ MICC-2 မှ ဝန်ထမ်းများ ဆောင်းပါးများရေးသားပေးခြင်းနဲ့ ညီလာခံလှုံ့ဆော်ရေး ဆောင်းပါး၊ အင်တာဗျူးနဲ့ သီချင်းများ ထုတ်လွှင့်ပေးခြင်းများ ပြုလုပ်ပေးခဲ့သော ပုဂ္ဂိုလ်များနဲ့ ကျွန်မရဲ့ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းအားလုံး၊ လုံခြုံရေးဝန်ထမ်းများနဲ့ ကျေးဇူးတင် ထိုက်သူများ အားလုံးကို ကျေးဇူးအထူးဘဲ တင်ရှိပါတယ်ရှင်။

 

ကျွန်မတို့ရဲ့ (၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာမှာ ပါရှိတဲ့ သြဝါဒ၊ မိန့်မှာချက်များ၊ညီလာခံနှင့်နှီးနှောဖလှယ်ပွဲကျင်းပရေးဦးစီးကော်မတီ နာယကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေရဲ့ သြဝါဒ မိန့်မှာချက်များကို လုပ်ငန်းလမ်းညွှန်အဖြစ်နဲ့ လိုက်နာကျင့်သုံးသွားရန်နဲ့ ညီလာခံမှာ တင်သွင်းခဲ့တဲ့ အဆို(၅)ရပ်ကိုအတည်ပြုခဲ့ပါတယ်။ ဒီသြဝါဒ မိန့်မှာချက်တွေ၊ အဆိုတွေဟာ မိန့်မှာသူများက ကောင်းမြတ်သော စိတ်ရင်းစေတနာဖြင့် လမ်းညွှန်မှာ ကြားခဲ့၍ လည်းကောင်း၊ အဆိုပြုချက်များဟာလည်း ကျွန်မတို့ မြန်မာ့တိုင်းရင်းဆေး ပညာရှင်များ သာမက မြန်မာ့တိုင်းရင်းဆေးပညာကို ချစ်မြတ်နိုး တန်ဖိုးထားပြီး တိုးတက် စေချင်တဲ့ နှီးနွယ် နယ်ပယ်အသီးသီးမှ ပညာရှင်များအားလုံးက အားတက်သရော ဝိုင်းဝန်းဆွေးနွေး အကြံပေးခဲ့ကြသဖြင့်လည်းကောင်း ကျွန်မတို့ မြန်မာ့တိုင်းရင်းဆေးလောက ဖွံ့ဖြိုးတိုးတက် လာရေးအတွက် များစွာအထောက်အကူပြုပေးနိုင်မဲ့ အချက်တွေဘဲ ဖြစ်ပါတယ်။

 

ဒီအချက်တွေထဲက ကျွန်မတို့ရဲ့ အခြေခံအဆောက်အဦ၊ ဝန်ထမ်းအင်အား၊ အခြေအနေပေးမှုနဲ့ လတ်တလော လိုအပ်ချက်တွေအပေါ် မူတည်ပြီး ဦးစားပေး ဆောင်ရွက်သွားရမဲ့ ကိစ္စတွေ၊ တဆင့်ချင်း၊ တဆင့်ချင်းစီ ဆောင်ရွက်သွားရမဲ့အချက်တွေကို စိစစ်ပြီး ကျွန်မတို့အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမှာလည်း ဖြစ်ပါတယ်။ (၁၆)ကြိမ်မြောက်ညီလာခံမှာ တင်ပြခဲ့တဲ့ အဆိုပြုချက်တွေရဲ့ အကောင်အထည်ဖော်နိုင်မှု အခြေအနေကိုလည်း ညီလာခံအကြိုဖွင့်ပွဲမှာ ကျွန်မပြန်ပြီး သုံးသပ်ပြခဲ့သလို နောင်နှစ် မှာလည်း ပြန်လည်သုံးသပ်တင်ပြသွားမှာ ဖြစ်ပါတယ်။

 

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ (၁၇)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံနဲ့ နှီးနှောဖလှယ်ပွဲမှာ ယခုလို မြန်မာ့ တိုင်းရင်းဆေးသမားတော်များ သာမက တိုင်းရင်းဆေးနဲ့နှီးနွယ်တဲ့ ကဏ္ဍအစုံမှ ပညာရှင်များ စုံစုံညီညီ တက်ရောက်ပြီး မြန်မာ့တိုင်းရင်းဆေး ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ‌ေဆွးနွေးညှိနှိုင်းတိုင်ပင်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးအထူး တင်ရှိပါကြောင်းနဲ့ ကျွန်မတို့အားလုံး ဝိုင်းဝန်းချမှတ်ပေးထားတဲ့ဒီလုပ်ငန်းစဥ်များကို အားလုံး ဝိုင်းဝန်းပြီး အောင်မြင်စွာ အကောင်အထည်ပေါ်အောင် ဆောင်ရွက် ကြနိုင်လိမ့်မယ်လို့ ယုံကြည်ရင်း မြန်မာ့တိုင်းရင်းဆေး လောကကြီး အဓွန့်ရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

 

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးက တက်ရောက်လာကြတဲ့ ညီလာခံ ကိုယ်စားလှယ်တော်များအားလုံး မိမိတို့ရဲ့ နေရပ်ဒေသများဆီကို ကောင်းမွန်ချောမွေ့စွာနဲ့ ပြန်လည်ရောက်ရှိပြီး နောက်နှစ် ဒီလိုအချိန် ဒီနေရာမှာ ကျွန်မတို့ ပြန်လည်ဆုံတွေ့တဲ့အခါ ကျွန်မအနေနဲ့ ဒီနှစ်ရဲ့ အဆိုတွေရဲ့ ရလာဒ်တွေကို သုံးသပ်တင်ပြရာမှာ ရလာဒ်ကောင်းတွေ ပေါ်ထွက်လာပါတယ်လို့ သုံးသပ်တင်ပြပေးနိုင်ဖို့ မိမိတို့ရဲ့မွေးရပ်(သို့) တာဝန်ကျရာဒေသ အသီးသီးကနေ အားလုံး ညီညီညွတ်ညွတ် ကြိုးကြိုးစားစားနဲ့ ထူးချွန်ပြောင်မြောက်စွာ ကြိုးစားအားထုတ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။

ကျေးဇူးအများကြီးတင်ပါတယ်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ