အားလုံးမင်္ဂလာပါ။
မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနဲ့ မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှော ဖလှယ်ပွဲကို တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှ မြန်မာ့တိုင်းရင်းဆေးသမား တော်ကြီးများ၊ ဆက်စပ်နှီးနွယ်ပညာရှင်များ၊ ဧည့်သည်တော်များ အားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံနိုင်ကြပါစေ၊ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့နဲ့ ပြည့်စုံကြပါစေ၊ မြန်မာ့အမွေအနှစ် တိုင်းရင်းဆေးပညာကို မြတ်နိုးတန်ဖိုးထားလျက် ထိန်းသိမ်း မြှင့်တင်နိုင်သူများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက် သအပ်ပါတယ်။
မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲ တွေကို ၂၀၀၀ ပြည့်နှစ်က စတင်ပြီး နှစ်စဉ် ကျင်းပလာခဲ့တာ ယခုဆိုရင် (၂၄)ကြိမ်မြောက် ကျင်းပနိုင်ပြီဖြစ်ပါတယ်။ ယခုနှစ်ညီလာခံကို “မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ရောဂါ ရှာဖွေကုသမှု နည်းစနစ်များ ပိုမိုတိုးတက် ကောင်းမွန်လာနိုင်စေရန်”၊ “ပြည်သူလူထု အနေဖြင့် ပတ်ဝန်းကျင်ရှိ အပင်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ၏ ဆေးဖက်ဝင်ပုံကို သိရှိနိုင်စေရန်”၊ “တိုင်းရင်းဆေးပညာဖြင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်”၊ “ရိုးရာတိုင်းရင်းဆေးပညာနည်းစနစ်များကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်နိုင်ရန်” ရည်ရွယ်ချက်တွေနဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။
မြန်မာ့တိုင်းရင်းဆေးပညာဟာ ရှေးအစဉ်အဆက်ကတည်းကနေ ယနေ့အချိန်အထိ နိုင်ငံသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လျက် ရှိပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတော်ရဲ့ ကျန်းမာရေး မူဝါဒတွေနှင့်အညီ တိုင်းရင်းဆေးပညာ၊ ဆေးဝါးတွေနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကို ပိုမိုစောင့်ရှောက်မှုပေးနိုင်ဖို့ ရည်ရွယ်ပြီး ညီလာခံနဲ့ နှီးနှောဖလှယ်ပွဲတွေကို နှစ်စဉ်ကျင်းပနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့အချိန် အခါဟာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်မှာပါဝင်တဲ့ “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာ စေရေးအတွက် အမျိုးသားပညာရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဆိုတဲ့ ဦးတည်ချက်နဲ့အညီ အမျိုးသားရေး ရည်မှန်းချက်ဖြစ်တဲ့ တစ်မျိုးသား လုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်တဲ့ ကျန်းမာရေးကဏ္ဍကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။
အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်တဲ့ မြန်မာ့တိုင်းရင်းဆေးပညာနဲ့ ဆေးဝါးတွေကို ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ဖို့နဲ့ ပြည်သူတစ်ရပ်လုံးကို တိုင်းရင်းဆေးနဲ့ ကျန်းမာရေးပိုမို စောင့်ရှောက်မှုပေးနိုင်ဖို့၊ မြန်မာ့တိုင်းရင်းဆေးတွေ အဆင့်အတန်းမြင့် စေဖို့အတွက် တိုင်းရင်းဆေးတက္ကသိုလ်ကြီး ကိုဖွင့်လှစ်ပြီး မျိုးဆက်သစ် တိုင်းရင်းဆေးပညာရှင်တွေကို နှစ်စဉ် မွေးထုတ်ပေးလျက်ရှိပါတယ်။ ယခုဆိုလျှင် တိုင်းရင်းဆေး ပညာရပ်တွေ ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက် စေဖို့နဲ့ အရည်အသွး ပြည့်ဝတဲ့ တိုင်းရင်းဆေးပညာရှင်တွေ ပိုမို မွေးထုတ်ပေးနိုင်ရေးအတွက်၂၀၂၅ ခုနှစ် ပညာသင်နှစ်ကစပြီး တိုင်းရင်းဆေး ပညာပါရဂူဘွဲ့ (ပထမအကြိမ်) သင်တန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာ့သမိုင်းစဉ်တစ်လျှောက်ပြန်ကြည့်မယ်ဆိုရင် ပြည်သူလူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးနဲ့ စောင့်ရှောက်ခဲ့ကြတဲ့ အစဉ်အလာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာ့တိုင်းရင်းဆေးပညာနဲ့ တိုင်းရင်း သားပြည်သူများရဲ့ ကျန်းမာရေးကို စောင့်ရှောက်ကုသမှု ပေးရာမှာ တိုင်းရင်းဆေးဆိုင်ရာ ကုထုံးစွမ်းရည်မြင့်မားရေးအတွက် အကြောပညာ သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လ တို့မှာ ခုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံ နေပြည်တော်နဲ့ ရန်ကုန်တို့မှာ ဖွင့်လှစ်ပေးခဲ့တာ တွေ့ရပါတယ်။ သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့ချိန်တွေမှာ ပြည်သူလူထုကို မြန်မာ့တိုင်းရင်းဆေးနဲ့ တစ်တပ်တစ်အား ပါဝင်ကူညီ စောင့်ရှောက်ခဲ့တာ တွေကိုလည်း တွေ့ရှိရပါတယ်။ ဒါ့အပြင် မြန်မာ့တိုင်းရင်းဆေးပညာ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို လေးစားတန်ဖိုးထားတတ်စေရေးအတွက် တိုင်းဒေသကြီးနဲ့ပြည်နယ် အသီးသီးမှာ တိုင်းရင်းဆေးအသိပညာပေး လုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ခြင်း၊ တိုင်းရင်းဆေးပညာနဲ့ ကျောင်းကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိနေတာကိုတွေ့ရလို့ ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် အဖွဲ့ဝင်နိုင်ငံတွေကြားမှာ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်နေသလို တိုင်းရင်း ဆေးကဏ္ဍများတွေမှာလည်း အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက် လျက်ရှိပါတယ်။ မြန်မာ့တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းတွေကို အိမ်တွင်း စက်မှုလုပ်ငန်း အဆင့်သာမဟုတ်ဘဲ ဒေသအဆင့်နှင့် နိုင်ငံတကာ အဆင့်မီ ကုန်ထုတ် လုပ်မှုတိုးမြှင့်ရေးနှင့် အရည်အသွေးမြင့် ထုပ်ပိုးခြင်းတွေကို ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံ့ စီးပွားရေးကို မြှင့်တင်နိုင်ပြီး ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ တိုးတက်လာ နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆီယံ စီးပွားရေးအသိုက်အဝန်းရဲ့ တိုင်းရင်းဆေးဝါးများနဲ့ ကျန်းမာရေး ဖြည့်စွက် စာများ ကဏ္ဍမှာ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ဖို့၊ နည်းပညာလိုအပ်ချက်တွေ၊ လမ်းညွှန်ချက်တွေ တစ်သမတ်တည်း ဖြစ်စေရန်နဲ့ ကုန်သွယ်မှု လွယ်ကူချောမွေ့စေဖို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့ကြောင့်လည်း အခု ၂၀၂၅ ခုနှစ်အတွင်း စင်္ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၃၇) ကြိမ်မြောက် အာဆီယံတိုင်းရင်းဆေးနဲ့ ကျန်းမာရေး ဖြည့်စွက်စာဆိုင်ရာ အလုပ်အမှု ဆောင်အဖွဲ့ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ၊ ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံများအတွင်း တိုင်းရင်းဆေးနဲ့ နှီးနွယ်သုတေသန ပညာရပ်ဆိုင်ရာညီလာခံ၊ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အရှေ့တောင် အာရှနိုင်ငံများရဲ့ တိုင်းရင်းဆေး ကုန်ကြမ်းများနဲ့ ပတ်သက်တဲ့ အရည်အသွေးမီသုတေသနပြုလုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲ၊ တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ် တရုတ်တိုင်း ရင်းဆေးထုတ်လုပ်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ၊ တရုတ်နိုင်ငံ၊ ကွမ်ရှီးဒေသမှာ ကျင်းပပြုလုပ်တဲ့ အာဆီယံနိုင်ငံများအတွက် ခရီးသွား ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတကာဖိုရမ် စတာတွေကို ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်ပြီး တက်ရောက်ဆွေးနွေးခဲ့တာ တွေ့ရလို့ ကျေနပ်အားရမိပါတယ်။
ဒါ့အပြင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အာဆီယံ၊ ဘင်း(မ်) စတက်၊ မဲခေါင် အစရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းဆေးပညာကဏ္ဍတွေမှာ အတူပူးပေါင်း ဆောင်ရွက်နေတာလည်း တွေ့ရပါတယ်။
အများပြည်သူတွေ နေ့စဉ်သုံးစွဲနေကြတဲ့ တိုင်းရင်းဆေးဝါးတွေ ဘေးကင်းလုံခြုံစိတ်ချရပြီး အရည်အသွေးနဲ့ အာနိသင်ပြည့်ဝတဲ့ ဆေးဝါးတွေ ဖြစ်ဖို့လိုပါတယ်။ ဒီနေရာမှာ ဓာတ်ခွဲ စစ်ဆေးခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်ဟာ အရေးကြီးတဲ့အတွက် ဓာတ်ခွဲခန်း ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးဖို့လိုအပ်ပါတယ်။ အလားတူ မရိုးသား သောနည်းနဲ့ တိုင်းရင်းဆေးရဲ့ ဂုဏ်ဒြပ်ကို ထိခိုက်အောင် ပြုလုပ်နေမှုများကိုလည်း ထိရောက်စွာ ကာကွယ်ဟန့်တားသွားဖို့ လိုပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာ မိမိတို့ရေမြေသဘာဝ ယဉ်ကျေးမှုဓလေ့ထုံးစံတွေအရ တိုင်းရင်း ဆေးပညာရပ်တွေ တည်ရှိနေကြတာမို့ ဘိုးဘွားအမွေ အနှစ် အမျိုးသားဆေးပညာရပ်အနေနဲ့ အားကိုးအားထား ပြုနေကြဆဲ ဖြစ်ပါတယ်။ အခြားအခြားသော ဆေးပညာနဲ့ ဆေးဝါး တွေတိုးတက်လာလို့ အသုံးပြုနေကြပြီဖြစ်သလို တိုင်းရင်းဆေးပညာနဲ့ ဆေးဝါးများဟာလည်း ကျန်းမာရေးအတွက် ဆက်လက်မှီခိုအားထား အသုံးပြုနေကြရမှာ ဖြစ်တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ မြန်မာတို့ရဲ့ တိုင်းရင်းဆေးပညာအရ မိမိတို့ ပတ်ဝန်း ကျင်မှာ ရှိတဲ့ အပင်တွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေရဲ့ ဆေးဖက်ဝင်ပုံတွေကို သိရှိနားလည်စေဖို့နဲ့ မိသားစု ကျန်းမာရေးကို ကာကွယ် စောင့်ရှောက်နိုင်ပြီး သက်ရှည်ကျန်းမာစွာနဲ့ ရောဂါဘယ ကင်းရှင်းစွာ နေထိုင်နိုင်စေဖို့ အတွက်လည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် “ပြည်သူလူထု ကျန်းမာရေး၊ တိုင်းရင်း ဆေးဖြင့်စောင့်ရှောက်ပေး” ဆောင်ပုဒ်အရ ပြည်သူလူထုကို နေ့စဉ် မျှတစွာ ပြုမူနေထိုင်စားသောက် စေဖို့အတွက် တိုင်းရင်းဆေးပညာရှင်တွေက ကျန်းမာရေး အသိပညာ ပေး လုပ်ငန်းတွေကို ပိုမိုဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။
နိဂုံးချုပ်အနေဖြင့် မြန်မာတိုင်းရင်းဆေးသမားတော်များညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲကို နှစ်စဉ် ကျင်းပပေးရခြင်းဟာ တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုး တိုးတက် လာစေဖို့နဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကိုတိုင်းရင်းဆေးပညာနဲ့ ပိုမိုစောင့် ရှောက်နိုင်ရေးကို ရည်မှန်းချက်ထားရှိပြီး ကျင်းပခြင်းဖြစ်လို့ ဒီညီလာခံကြီးမှာ တွေ့ဆုံကြတဲ့ နိုင်ငံတစ်နံ တစ်လျားမှ တိုင်းရင်းဆေးပညာရှင်တွေ စုပေါင်းညီညာ ချစ်ခင်ရင်းနှီးစွာနဲ့ တိုင်ပင် ဆွေးနွေးနှီးနှောနိုင်ကြပါစေ၊ မြန်မာ့တိုင်းရင်းဆေးနဲ့ဆေးပညာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကို မြှင့်တင်ပြီး ပြည်သူလူထုရဲ့ ကျန်းမာရေးကို ပိုမိုတိုးမြှင့် စောင့်ရှောက်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုဆုမွန်ကောင်း တောင်းရင်းနိဂုံးချုပ်လိုက်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။