တိုင်းရင်းဆေးပညာ လေ့ကျင့်သင်ကြားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသား အဆင့် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့ တိုင်းရင်းဆေးတက္ကသိုလ်တွင် နိုဝင်ဘာလ(၅)ရက် နေ့တွင် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက ပြောကြားရာတွင် ယနေ့ခေတ်တွင် အနောက်တိုင်းဆေးပညာ တိုးတက်ထွန်းကားနေသော် လည်း၊ ရှေးနှစ်ပေါင်းများစွာကတည်းကပင် လူမျိုးအသီးသီးတို့သည် မိမိတို့၏ တိုင်းရင်းဆေး ပညာကုထုံးများဖြင့် ကုသမှုခံယူ ရှင်သန်ရပ်တည်နိုင်ခဲ့ကြပါကြောင်း၊ ယနေ့အချိန်၌ပင်လျင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပဏာမကျန်းမာရေးစောင့်ရှောက်မှုတွင် တိုင်းရင်းဆေးပညာ၏ကဏ္ဍမှာ ကြီးကြီးမားမား ရှိနေဆဲဖြစ်ပါကြောင်း၊ အထူးသဖြင့် ဝေးလံခက်ခဲဒေသများ၊ ကျေးရွာများတွင် တိုင်းရင်းဆေးဝါးများသည်သာ လက်လှမ်းမှီ ရရှိနိုင်ပါကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာရပ်သည်လည်း မိရိုးဖလာယဉ်ကျေးမှု အမွေအနှစ်ပညာရပ် တစ်ခုအဖြစ် ခိုင်ခိုင်မာမာရပ်တည်ခဲ့ပြီး စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသဖြင့် ယနေ့ထိတိုင် ပြည်သူများ၏ အားကိုးတန်ဘိုးထားမှု ရရှိနေဆဲဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးတက္ကသိုလ်အနေဖြင့် မြန်မာတိုင်းရင်း ဆေးများ၊ ကုထုံးများ တိမ်ကောပျောက်ပျက်မှုမရှိအောင်၊ ရေရှည်တည်တံ့အောင် ခေတ်နှင့် အညီ သိပ္ပံနည်းကျဓါတ်ခွဲစမ်းသပ်မှုများ၊ သုတေသနပြုမှုများဖြင့် တိုးတက်အောင် ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပမည့် ဆွေးနွေးပွဲတွင် ရလာဒ်အခြေပြု သင်ရိုးညွှန်းတမ်း ဖြစ်ထွန်းလာစေရေး၊ ပညာရေးဝန်းကျင်ကောင်း ရရှိရန်လိုအပ်သော စာသင်ခန်း၊ စာကြည့်တိုက်၊ သုတေသနဓါတ်ခွဲခန်း၊ အိုင်တီ အထောက်အကူနှင့် တိုင်းရင်းဆေးဥယျာဉ်ဖွံ့ဖြိုးရေး၊ နိုင်ငံတကာနှင့်ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာဘွဲ့၊ ဒီဂရီများနှင့်ပတ်သက်၍ အရည်အသွေးအာမခံမှုနှင့် အသိအမှတ်ပြုမှု ရရှိရေးတို့ကို စနစ်တကျ ဆွေးနွေးအဖြေရှာသွားကြမည်ဖြစ်သဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြား ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခကြီးများ၊ ကျွမ်းကျင်ပညာရှင်များ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ဆရာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။